← Chapters

ပြန်လာပြီ

Vol. 17 Ch. 254

ပြန်လာပြီ

Vol. 17 Ch. 254

နန်ယွီမျိုးနွယ် အုတ်ဂူ။ 

လင်းချွမ်မှ ဗလကြီးများအား အပြီးသတ် တိုက်ခိုက်လိုက်သည်။ 

ချင်ရှီရှီနှင့် ကျုံရွှမ်ဖုန်တို့ အံ့ဩမှင်တက်နေကြသော်လည်း ပြန်မေးရန် အချိန်မရှိဘဲ လောနေရသည်။ 

ထို့နောက် လင်းချွမ် သူတို့နား ရောက်လာကာ

“ဒီနေရာကနေ မြန်မြန်ထွက်သွားမှ ဖြစ်မယ်။ ဒီလူတွေက သေချာ လေ့ကျင့်ထားတဲ့သူတွေပဲ။ နာမည်ကြီး နိုင်ငံခြားအဖွဲ့က ဖြစ်နိုင်တယ်။ အဲ့တော့ တခြားအဖွဲ့ဝင်တွေမှာ သေနတ်တွေအထိ ပါနိုင်တယ်”

ချင်ရှီရှီ မျက်မှောင်ကြုတ်သွားမိ၏။ 

သူ အေးချမ်းလုံခြုံသော ပတ်ဝန်းကျင်တွင်သာ နေဖူးသောကြောင့် လင်းချွမ်ပြောသည့် အခြေအနေကို မယုံကြည်နိုင်ပေ။ 

ကျုံရွှမ်ဖုန်မှာတော့ မတူချေ။ 

သူ့မိသားစုနောက်ခံကြောင့် အခြားသူများထက် ထိုအကြောင်းကို နားလည်၏။ 

အင်တာနက်လောကတွင် ဖြစ်စေ၊ လက်တွေ့၌ ဖြစ်စေ အမှောင်ကမ္ဘာ၊ တရားမဝင်ဈေးကွက်များ ရှိတတ်ပါသည်။ 

ထိုနယ်ပယ်များကို သာမာန်လူများအနေဖြင့် တစ်ခါမှ ကြုံဖူးမည် မဟုတ်ချေ။ 

အားလုံး သူ့စည်းမျဉ်းနှင့်သူ ရှိ၏။ 

သို့သော် ထိုလောကထဲ ဝင်ရောက်ပတ်သက်မိလျှင် စည်းမျဉ်းအတိုင်း လှုပ်ရှားရတော့သည်။ 

ထိုအချက်များမှာတော့ ပြင်ပသို့ ပေါက်ကြားခြင်း မရှိ။ 

အလွယ်တကူ ပျံ့သွားလျှင်လည်း အခြေအနေများ လုံးဝ ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။ 

ဥပမာ လင်းချွမ် ကျားဖြန့်ကုမ္ပဏီကို hack ၍ လူထုထံ ချပြလိုက်ပါက အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်လေသည်။ 

ဤသို့ဖြင့် ပိုင်ရှန်အုပ်စုမှ လင်းချွမ်အကြောင်း တိတ်တဆိတ် စုံစမ်းကာ စောင့်ကြည့်ခြင်း ဖြစ်လာရသည်။ 

လင်းချွမ်တစ်ယောက် စည်းမျဉ်းများဖောက်၍ သူတို့ကို စိန်ခေါ်လာမည်ဟု ပိုင်ရှန်အုပ်စုမှ ထင်ထား၏။ 

ကံကောင်းစွာဖြင့် လင်းချွမ်မှာ ထိပ်တန်း hacker တစ်ဦးဖြစ်၍ သူ့နောက်ကြောင်းအားလုံး ပယ်ဖျက်ကာ တရားမဝင်ဝက်ဘ်ဆိုဒ်၌ပင် မတွေ့နိုင်အောင် ပြုလုပ်နိုင်ခဲ့၏။ 

ယခုအခါ နန်ယွီအုတ်ဂူထဲ၌ ထိုသို့ နိုင်ငံခြားသားများ ပေါ်လာခြင်းမှာ ပြဿနာတစ်ခုခု ရှိနေလေပြီ။ 

ဒီအုပ်စုက ပြင်ဆင်ထားတာပဲ။ 

လင်းချွမ် ခဏစဉ်းစား၍ လက်ရှိအရေးကြီးဆုံး အလုပ်မှာ ကျုံရွှမ်ဖုန်တို့ကို ကယ်ရန် ဖြစ်ကြောင်း နားလည်လိုက်သည်။ 

“ဒီကနေ အရင် ထွက်ကြတာပေါ့”

ကျုံရွှမ်ဖုန်လည်း ခေါင်းငြိမ့်ပြ၏။ 

လင်းချွမ်မှာ ယခုအချိန်တွင် အဖွဲ့၏ ထောက်တိုင် ဖြစ်နေပြီး အားလုံးကို ဦးဆောင်၍ ထွက်သွားလေသည်။ 

သို့သော် အုတ်ဂူကြီးမှာ ကြီးမားသလောက် ရန်သူများအတွက် ကျဉ်းမြောင်းသော ကမ္ဘာလေး ဖြစ်နေ၏။ 

သူတို့ လမ်းကြောင်းမှ ထွက်၍ စခန်းသို့ပြန်နေစဉ် လမ်းတွင် လူ (၂) ယောက်နှင့် ထပ်တွေ့လေသည်။ 

ထိုအရိပ်နှစ်ခုမှာ လမ်းခုလတ်မှ ရုတ်တရက် ထွက်လာပြီး အလစ်တိုက်ခိုက်ခြင်း ဖြစ်၏။ 

သို့သော် လင်းချွမ်မှာ ချက်ချင်း သတိထားမိပြီး စတီးပိုက်ဖြင့် ဝှေ့ရိုက်လိုက်သည်။ 

သိုက်တူးသမား (၂) ဦးမှာ ရုတ်တရက် မှင်တက်၍ မျက်လုံးပြူးနေပြီးမှ ခေါင်းကိုအမြန်ကာ၍ ဘေးဘက်သို့ ထွက်ပြေးသွားတော့သည်။ 

အား…

အော်သံနက်ကြီးတစ်ခု အခန်းဘက်မှ ထွက်လာသည်။ 

လင်းချွမ်ရိုက်လိုက်သူတစ်ဦးမှာ ပုခုံးရိုးကို ထိသွားပြီး နာကျင်လွန်း၍ အော်ဟစ်နေသံ ဖြစ်၏။ 

လင်းချွမ် ကျန်သည့်နောက်တစ်ဦးကိုလည်း တံတောင်ဖြင့် တွတ်လိုက်ပြီး ကြယ်၊ လများ မြင်စေလိုက်သည်။ 

ထိုစဉ် ချင်ရှီရှီမှ ဓာတ်မီးဖြင့် ထိုးကြည့်သောအခါ နိုင်ငံခြားသား မဟုတ်သည်ကို တွေ့ရ၏။ 

သို့သော် အချိန်မဆွဲနိုင်ဘဲ လင်းချွမ် အမြန်အော်လိုက်သည်။ 

“မြန်မြန် ပြေးကြ”

လမ်းတစ်ဝက်မှ အရိပ်များစွာ ထွက်ပေါ်လာသောကြောင့် လင်းချွမ်လည်း အားလုံးကို ယှဉ်နိုင်မည်ဟု ယုံကြည်ချက် မရှိတော့ပေ။ 

ပိုဆိုးသည်မှာ သူ့ကို ကျော်သွားပြီး ချင်ရှီရှီနှင့် ကျုံရွှမ်ဖုန်တို့အား ပစ်မှတ်ထားနေ၏။ 

ထို့ကြောင့် ပိုအန္တရာယ်များလာပြီး ထွက်ပြေးရန် ရွေးချယ်ရတော့သည်။ 

လင်းချွမ် ရှေ့မှဦးဆောင်ကာ အနောက်မှ ချင်ရှီရှီတို့လည်း ကပ်၍ လိုက်လာ၏။ 

ဘုံး!

သူတို့ အခြားလမ်းရောက်ချိန်၌ သေနတ်ပစ်သံကြားရပြီး ကျောက်နံရံကြီးကိုသာ ထိမှန်သွားသည်။ 

“မြန်မြန် ပြေးလိုက်လို့ တော်သေးတယ်။ သေနတ်နဲ့က တကယ် ပြဿနာပဲ”

လင်းချွမ် ရေရွတ်လိုက်မိသည်။ 

သေနတ်ကျည်ဆံမှာ ခြေလှမ်း (၇) လှမ်းအကွာအထိ တိကျမြန်ဆန်၏။ 

လက်ရှိအချိန်တွင် လင်းချွမ် ရုပ်ရှင်ထဲကလို လက်ဗလာနှင့် သေနတ်ကို ရင်မဆိုင်ရဲပါ။ အန္တရာယ် များလွန်းပါသည်။ 

အဟမ်း။ 

ကျန်းရှင်းရှင်းလည်း အိပ်ရာထဲ၌ စောင့်လျက် ရှိ၏။ 

ပထမဆုံး ထွက်ပြေး၍ ကျန်ကိစ္စကို ရဲများကိုသာ အပ်ရတော့မည်။ 

လင်းချွမ် ဦးဆောင်၍ အမြန်ထွက်သွားလေသည်။ 

နောက်ဆုံး လာရာလမ်းအတိုင်း ပြန်ထွက်နိုင်မှ အားလုံး သက်ပြင်းချနိုင်တော့သည်။ 

လမ်းတစ်ဝက်၌မူ အကူခေါ်၍ ပြန်ရောက်လာသော ဆရာယောကို တွေ့ရသည်။ 

ထို့နောက် အားလုံး ဂရုတစိုက်ပြန်၍ အပေါ်မှ ချပေးသည့် ကြိုးနှင့် ဆွဲ၍ တက်ကြရ၏။ 

ထိုစဉ် မိုးတိမ်များ အုံ့မှိုင်းခြင်း မရှိတော့ဘဲ နေရောင်ခြည်နှင့်အတူ တောက်ပနေလေသည်။ 

မိုးရွာပြီးနောက် တိုက်ခတ်သော နွေဦးလေမှာလည်း အလွန် လတ်ဆတ်နေ၏။ 

ဟူး—

ကျုံရွှမ်ဖုန်နှင့် ချင်ရှီရှီတို့ အပေါ်ရောက်သည်နှင့် လတ်ဆတ်သောလေကို အငမ်းမရ ရှူရှိုက်လိုက်မိသည်။ 

လင်းချွမ်မှ အားလုံးကို ခေါ်ထုတ်လာနိုင်သည်အား တွေ့ကာ အကုန် ပြုံးရွှင်၍ ဝမ်းသာနေကြလေသည်။ 

ရဲမှူးကြီး ကျန်းပြောင်လည်း ရောက်နေနှင့်လေပြီ။

All Chapters