← Chapters

Chapter 46

Vol. 4 Ch. 46

Chapter 46

Vol. 4 Ch. 46

ကံမကောင်းစွာပင် အခုချိန်မှာ သူမ လင်မယားတွေရဲ့ အတွေ့အကြုံအကြောင်းကို အွန်လိုင်းမှာ အဖြေရှာချင်ပေမယ့် မိုဘိုင်းလ်ဖုန်းရှိမနေခဲ့ချေ။

အလွန်အကျွံဖြစ်ပါက သူမကို ဒုက္ခဖြစ်စေနိုင်ပြီး အကြိမ်ရေနည်းလွန်းပါကလည်း အလုပ်မဖြစ်နိုင်ပါချေ။ သူတို့နှစ်ယောက်ဟာ အတူတူနေထိုင်ကြတဲ့ ပါတနာတွေဖြစ်သည်မို့ သင့်တင့်လျောက်ပတ်တဲ့အကြိမ်ရေ ရွေးချယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။

သင့်လျော်တဲ့အကြိမ်ရေက ဘယ်လောက်ဖြစ်မလဲနော်? တစ်လကို နှစ်ကြိမ်လား? ဒါမှမဟုတ် သုံးကြိမ်လား?

ချင်းရို့ စဉ်းစားကြည့်နေရင်း အဝတ်တွေကို ဗီရိုထဲမှာ ချိတ်နေလျက်။ ဤနေရာ၌ အဝတ်လျှော်စက်မရှိပေမယ့် အဝတ်လျှော်ရသည်မှာ အတော်လေးရိုးရှင်းပေ၏။ နွေရာသီအဝတ်အားလုံးဟာ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေဖြစ်ကာ သူတို့လည်း နေ့တိုင်း အဝတ်လဲကြသည်မို့ လျှော်ဖွပ်ရလွယ်ကူလှသည်။ ဤဒေသ၌ ဈေးသက်သာတဲ့ အုန်းဆီလည်းရှိသည်မို့ လက်လုပ်ဆပ်ပြာကိုလည်း လုပ်ဖို့ ကြိုးစားနိုင်တယ်လေ...

တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်...

ချင်းရို့က ဒီကိစ္စကို သူနဲ့ ဆွေးနွေးပြီး ရက်စွဲကို သတ်မှတ်သင့်တယ်လို့ ခံစားရသော်လည်း ဒီလိုကိစ္စမျိုးကို ဘယ်လိုများ ပြောနိုင်မှာလဲနော်?

“ကိုယ် မနက်ဖြန် အသင်းဆီ ပြန်သွားရတော့မယ်၊ နောက်ပိုင်းကျ ကိုယ်ပြန်လာမှာပါ”

“ဟင်?!”

ကြည့်ရတာတော့ အဖွဲ့အစည်းက သူမအတွက် ရက်စွဲတစ်ခု စီစဉ်ပေးလိုက်ပြီပဲဟ။

လုယန် ညတိုင်း အိမ်ပြန်မလာနိုင်ဘူးဆိုတာကို ချင်းရို့သိနေပြီးသားပင်။ သူက အခြားအချိန်များတွင် လေ့ကျင့်ရန်အတွက် သင်္ဘောပေါ်မှာ နေရမှာပဲ။ သူအားလပ်ရက်ရတဲ့အခါ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ် ပြန်လာနိုင်တော့မှာပေါ့။

- နောက်တစ်နေ့မှာ သူတို့ ခွဲရတော့မှာပေါ့။

ဖြစ်ချင်တော့ တနင်္လာနေ့ဖြစ်နေခဲ့သည်။ ဖြစ်နိုင်တာက သူထွက်မသွားနိုင်သေးသဖြင့် ဗုဒ္ဓဟူးအထိ စောင့်နေခဲ့တာဖြစ်ရမယ်။ သူ့ကို နှစ်ရက်ကြာအောင် မတွေ့နိုင်တော့ဘဲ သူမက ကလေးတွေနဲ့အတူ အိမ်မှာ ကျန်နေခဲ့မည်ပင်။

“အခြေစိုက်စခန်းဘေးမှာ သူငယ်တန်းကျောင်းရှိတယ်၊ ကိုယ် သူတို့ဆီ ဆက်သွယ်ထားပြီးပြီမို့ မနက်ဖြန်မှာ ကလေးတွေကို ပို့လို့ရတယ်”

ကောင်းပြီလေ၊ ကလေးတွေရဲ့ နေရာကိုတောင် စီစဥ်ပြီးသွားပြီပေါ့၊ သူမ တစ်ယောက်ပဲ ကျန်တော့တာပဲ။

“မင်း ဘယ်လိုဖြစ်ပြီး ငိုချင်နေတဲ့ပုံပေါ်နေတာလဲဟင်?”

“ရှင်မှားမြင်တာ”

ချင်းရို့ အတတ်နိုင်ဆုံး ပြုံးပြဖို့ ကြိုးစားခဲ့သော်လည်း ယခုအချိန်တွင် သူမ၏ စိတ်ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်း မသိတော့ပေ။

“ကိုယ်နဲ့ မခွဲနိုင်ဘူးလား?”

“မဟုတ်ပါဘူး”

“ဒါပေမယ့် ကိုယ်ကတော့ မခွဲနိုင်ဘူးကွာ”

လုယန် ချင်းရို့ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်လိုက်ကာ အိမ်ထောင်ရှိသူတွေက အားလပ်ရက်မှ ပြန်လာသည့်အခါတိုင်း သူတို့မျက်နှာတွေ ဘာလို့များ အရုပ်ဆိုးနေရသလဲဆိုတာကို နောက်ဆုံးတော့ သူနားလည်သွားခဲ့ချေပြီ။

သူသည်လည်း သူ့ဇနီးလေးကို ထားဖို့ တွန့်ဆုတ်နေကာ သူမကိုသာ ဖက်ထားချင်နေတော့သည်။

ချင်းရို့လည်း သူမမျက်နှာကို သူ့ရင်ဘတ်မှာ မြှုပ်ထားကာ မျက်ရည်တွေကို ထိန်းထားဖို့ ကြိုးစားလိုက်၏။

ရှက်စရာကောင်းလိုက်တာနော်! သူမရဲ့ မျက်ရည်ဂလင်းတွေက ဘာလို့များ ဒီလောက်ဆိုးရွားရတာတုန်းဟ! နှစ်ရက်၊ သုံးရက်လေး ခွဲရမှာကိုတောင် ငိုနေသေးတယ်။

- ချင်းရို့က အထီးကျန်တာကို အကြောက်ဆုံးပါပဲ။

ယခင်ကတည်းက သူမ တစ်ယောက်တည်းနေခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ တစ်ယောက်တည်းလည်း အကျင့်ဖြစ်နေခဲ့ပြီ။ သို့သော် ယခုတော့ ရက်အနည်းငယ်သာရှိသေးသော်လည်း သူမ ကျင့်သားမရတော့ပေ။

တစ်ယောက်တည်း ချက်ပြုတ်ရတာ၊ တစ်ယောက်တည်း စားသောက်ရတာ၊ ညဘက်မှာ တစ်ယောက်တည်း အိပ်ရတာကို သူမတွေးနေမိရင်း ဖော်မပြနိုင်စရာကောင်းတဲ့ အထီးကျန်မှုကို ခံစားနေရပြီ။

ချင်းရို့သည် လုယန်နှင့်အတူတူ ခြံဝင်းကို အလှဆင်ရန်၊ ကြက်တွေအတွက် ကြက်ခြံဆောက်ပေးရန်၊ ဟင်းသီးဟင်းရွက်စိုက်ခင်း ပျိုးထောင်ရန်၊ ခြံတံခါးကနေ အိမ်ရှေ့အထိ လမ်းခင်းရန်၊ ပန်းစင်တစ်ခု ဆင်ရန် စီစဉ်ထားခဲ့သည်ပင်။

မနက်မိုးလင်းရင် နေထွက်တာကိုကြည့်ဖို့ ကမ်းခြေကို သွားချင်တယ်။ ညနေကျရင် ခရုခွံတွေ ကောက်ဖို့ ရေပုံးလေးတွေနဲ့ ကမ်းခြေကို သွားကြမယ်။ ကမ်းခြေကို ဓါတ်ပုံရိုက်ဖို့ သူမရဲ့ ကင်မရာအသစ်စက်စက်လေးကိုပါ ယူလာရချင်တာကို...

အားလုံး နောက်ရွှေ့သွားခဲ့ရပြီ။

လုယန် ခေါင်းငုံ့ကာ သူမရဲ့ မျက်လုံးထောင့်လေးကို နမ်းလိုက်ပြီး မျက်ရည်တွေကို လျှက်ပေးလိုက်သည်။ သူမ ငိုနေတဲ့အချိန်မှာ သူ ဒီလိုမျိုး လုပ်ချင်နေခဲ့တာ ကြာပြီလေ။

သူ့ဇနီးလေးက သူ့ကို တကယ်ကြိုက်တာပဲ!

သူနဲ့ နှစ်ရက်၊ သုံးရက်လောက်ပဲ ခွဲရမှာကိုတောင် သူမက တအားငိုနေလိုက်တာ။

ဒီလိုရှက်ကြောက်တတ်တဲ့ ဇနီးလေးတစ်ယောက်ရှိတာက တကယ့်ကို ချိုမြိန်တဲ့ ဒုက္ခတစ်ခုပါပဲကွာ။

ချင်းရို့ သူ့ကို မျက်ရည်တွေနဲ့ ကြည့်လိုက်ပြီး တကယ်တော့ သူမအမြင်မှားနေခဲ့တာပဲ၊ သူမရှေ့က လူက တကယ့်ကို ပေါင်းသင်းနေထိုင်ဖို့ ကောင်းတဲ့လူ မဟုတ်ပါဘူးနော်။

သူက ပင်လယ်အပိုင်ပဲလေ။

သူမမျက်ရည်တွေကို လျက်နေတာတောင်မှ ငန်လွန်းတယ်မဆို၊ ဟုတ်သားပဲ သူ ပင်လယ်ရေတွေအများကြီး သောက်ခဲ့ရတာပဲ ဖြစ်ရမယ်!

လုယန် သူမကို အချိန်အတော်ကြာ ညင်သာစွာ ချော့နေခဲ့ရာ ယခင်က သူ့ကိုသိတဲ့သူတစ်ယောက်ယောက်က သူ့ကို ဒီလိုမြင်သွားခဲ့ရင်တော့ သူ အရမ်းနူးညံ့နေမယ်ဆိုတာကို ယုံကြည်ဖို့ ခက်ခဲနေပေလိမ့်မည်။

သူတို့ကိုယ်တိုင် မယုံနိုင်ကြပါဘူးလေ!

“ရက်အနည်းငယ်ကြာရင် သူငယ်ချင်းတစ်ယောက်ကို ညစာစားဖို့ ပြန်ခေါ်ခဲ့မယ်နော်”

“သူက ကိုယ်တို့အိမ်ကို လာပြီး ရေဒီယို နားထောင်ချင်နေတာလေ”

ချင်းရို့: “...?”

လုယန်က သူမကို မနှိုးဘဲ မနက်စောစော ထွက်သွားခဲ့သည်။ မနေ့ညက လုယန် ဘန်းမုန့်ပေါင်းအများအပြားကို ပြုလုပ်ထားခဲ့ပြီး ရေခဲသေတ္တာထဲမှာ အေးခဲထားခဲ့၏။

ချင်းရို့ စိတ်ပျော့နေသဖြင့် သူဘန်းမုန့်ပေါင်းတွေ လုပ်နေတာကို မတားတော့ဘဲ ကလေးတွေအတွက် ဝယ်ထားခဲ့သည့် နို့မှုန့်တစ်အိတ်ကိုတောင် ထုတ်ပေးလိုက်သည့်အပြင် သကြားပါ ပေးလိုက်သေးသည်။

ပြောစရာမလိုအောင်ပင် လုယန် လုပ်ထားတဲ့ ဘန်းမုန့်ပေါင်းတွေက တကယ့်ကို အရသာရှိလေသည်။ ပထမတော့ ဘန်းမုန့်တွေက ခပ်ပေါ့ပေါ့နဲ့ အရသာမရှိလောက်ဘူးလို့ သူမ ထင်ခဲ့မိသော်ငြား စားပြီးသွားမှသာ အရမ်းကောင်းနေမှန်း သူမသိလိုက်ရပေသည်။

All Chapters