Chapter 49
Vol. 5 Ch. 49
ဝူမင် မပြောင်းရွှေ့လာခင်မှာ သူမဟာ နိုင်ငံပိုင်မူကြိုကျောင်းအတော်များများကို သွားရောက်လေ့လာခဲ့ပြီးဖြစ်သလို သူမ မူကြိုကျောင်းအုပ်အဖြစ် လုချန်သို့ ပြောင်းရွှေ့ခံခဲ့ရချိန်တွင် သူမကိုယ်၌က ပြန်လည်ဖွဲ့စည်းရန်အတွက် စိတ်ပိုင်းဖြတ်ထားခဲ့ပြီးဖြစ်သည်။
ကလေးတွေဟာ အမိမြေရဲ့ အသီးအပွင့်လေးတွေဖြစ်တာမို့ ကလေးတွေရဲ့ အစောပိုင်းပညာရေးကို လျစ်လျူမရှုသင့်ဘူးလေ...
“မင်းက သိပ်တာဝန်မဲ့တာပဲ!”
ဝူမင်က ကျိုးယွီဟွာအား စူးစိုက်ကြည့်လိုက်၏။ ဤအမျိုးသမီးကို သူမ အဓိကအာရုံစိုက်ထားရသည်။ ကျိုးယွီဟွာသည် ပျင်းရိတတ်သလို ကလေးများကို လျစ်လျူရှုတတ်ကြောင်း အကြိမ်ပေါင်းများစွာ သူမ ရှာဖွေတွေ့ရှိခဲ့သည့်အပြင် သူမက ချောမောလှပသော အမျိုးသမီးများကိုလည်း ဟာသလုပ်ရတာ ကြိုက်သေးသည်။
“ကလေးတစ်ခုခုဖြစ်သွားခဲ့ရင် မင်းဘာလုပ်မလဲ?! မင်းအတန်းထဲ ပြန်သွားဖို့ ငါ့နောက်လိုက်ခဲ့...”
ကျိုးယွီဟွာသည် သူမဆီမှ အကြိမ်ပေါင်းများစွာ ဆူပူကြိမ်းမောင်းခံခဲ့သဖြင့် သူမက ဝူမင်ရဲ့ စကားတွေကို လစ်လျူရှုထားတတ်သည်။ ဒီအဖွားကြီးက သူမနဲ့ ပေါင်းသင်းလို့မှမရဘဲ...
သူမရဲ့ အမြင်အရ သုံး၊လေးနှစ်အရွယ် ကလေးတွေက ဘာသိမှာတုန်း? ကျေးလက်ဒေသက ဒီအရွယ်ကလေးတွေဆို တောင်ပေါ်မှာ ပြေးလွှားဆော့ကစားတတ်ကြပြီး မည်သူကမျှ ထိန်းနေစရာမလိုပေ။ မိဘတွေကလည်း အကြီးလေးတွေရော အငယ်လေးတွေကိုပါ မထိန်းကြတော့ဘူးလေ၊ သူတို့လေးတွေကရော ဘယ်မူကြိုများ တက်ဖို့လိုနေလို့လဲ၊ ပြီးတော့ ဘာတွေများဖြစ်နိုင်မှာလဲ?
ကျိုးယွီဟွာက ဝူမင်အနောက်မှ အတန်း၃ဆီ လိုက်သွားခဲ့သည်။ သူမဘာသာ ညည်းညူနေရင်း အတန်း၃ တံခါးဝဆီသို့ လျှောက်လာလိုက်၏။
အဲ့ဒီပြုစားတတ်တဲ့အမျိုးသမီးတွေအားလုံးဟာ ချောမောလှပကြသလို ယောကျ်ားတွေကိုလည်း ချော့တတ်ကြပေမယ့် ဝက်ဝံကလေးတွေနဲ့ ရင်ဆိုင်ရသည့်အခါ သူတို့ရဲ့ အရုပ်ဆိုးတဲ့မျက်နှာ ပြလာကြလိမ့်မှာပဲလို့ သူမဘာသာ တွေးနေမိလျက်။
မူလကတော့ ကလေးငိုသံတွေနဲ့ ထိုအမျိုးသမီးရဲ့ ဆူပူသံ၊ စိတ်မရှည်သံကို ကြားရလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် အတန်း၃တစ်တန်းလုံး တိတ်ဆိတ်လွန်းနေမယ်လို့ သူမ မမျှော်လင့်ထားမိခဲ့ပေ။ တိတ်ဆိတ်လွန်းနေလို့ သူမတောင် နည်းနည်းကြောက်မိသွားပြီ။
ဝူမင် မျက်ခုံးပင့်လိုက်ပြီး သူမနောက်သို့ လိုက်သွားသည့်အခါ အရှေ့ဆုံးမှာ ထိုင်နေတဲ့ အမျိုးသမီးငယ်ငယ်ချောချောလေးတစ်ယောက်နဲ့ ခုံတန်းရှည်လေးနှစ်တန်းပေါ်တွင် ကလေးတွေက လိမ်လိမ်မာမာလေး ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီး လက်ခုပ်တီးလိုက်ရာ ကလေးတွေအားလုံး ညီညီညာညာလေး သီချင်းဆိုလာကြ၏။
“ထင်းရှူးပင်သေးသေးလေး၊ ကြီးထွားလာပါ...”
သီချင်းဆိုပြီးနောက် ကလေးများဟာ ထိုအမျိုးသမီးနှင့် ပျော်ရွှင်စွာ စကားပြောနေကြလျက်။
“သားလက်ကို မြှောက်ချင်တယ်၊ ချင်းကျဲကျဲရေ သားဘယ်လောက်တော်လဲကြည့်!”
“သမီးတို့အားလုံးက လိမ္မာတဲ့ ကလေးကောင်းတွေပဲ!”
“ချင်းကျဲကျဲ သမီးတို့ဆီလာပြီး ဆရာမလာလုပ်ပါ!!”
…
“ဒါ ငါ့ဒေါ်လေးပဲ!!”
ချင်းရို့ လှည့်ကြည့်လိုက်တဲ့အခါ မူကြိုကျောင်းအုပ်ဖြစ်သူ ဝူမင်ကို တွေ့လိုက်ရ၏။ သူမကို တွေ့လိုက်သည်နှင့် ဝူမင်ရဲ့ မျက်လုံးတွေက တောက်ပလာကာ
“အခုလေးတင် မင်းက ကလေးတွေကို သီချင်းကောင်းကောင်းဆိုတတ်အောင် သင်ပေးလိုက်တာပဲ၊ အားလုံးကလည်း မင်းကိုပဲ အာရုံစိုက်နေကြတာ၊ မင်းဘယ်လိုလုပ်လိုက်တာလဲ?”
ဝူမင် ခုနက ချင်းရို့ ကလေးတွေနှင့် စကားပြောနေတဲ့ပုံစံကို ပြန်တွေးကြည့်မိကာ သူမရဲ့ အမူအရာ၊ အသံနေအသံထားမှာ မှန်ကန်နေတယ်လို့ ခံစားမိသွားရသည်။
သူမအသံလေးက ချိုသာကာ အသံထွက်နှင့် စည်းချက်သည်လည်း အတော်လေး သာယာနေသည်မှာ သီချင်းဆိုနေသကဲ့သို့ပင်၊ လူတွေကို သတိမထားမိဘဲ စွဲဆောင်သွားနိုင်သည့်အလား။
“မင်း အရင်က ဆရာမလုပ်ဖူးတယ် မဟုတ်လား? မူလတန်းပြလား?”
ချင်းရို့ ပြုံးကာ ခေါင်းခါလိုက်ရင်း “ကျွန်မ ဆရာမ မလုပ်ဖူးပါဘူးရှင်၊ အနုပညာအဖွဲ့မှာပဲ သီချင်းဆိုဖူးတာပါ”
“အိုး!”
ကျောင်းအုပ်က စိတ်ခံစားချက်နှင့် ပြောလာလေ၏။
“မင်းက ကျွန်မတို့မူကြိုမှာ ဆရာမဖြစ်လာဖို့ မွေးဖွားလာတယ်လို့ ကျွန်မထင်တယ်နော်!”
ချင်းရို့: “...” မဟုတ်ပါဘူး၊ ဒါက လေ့ကျင့်ယူထားရတဲ့ စွမ်းရည်ပါပဲ။
ကျောင်းအုပ်ဝူမင်သည် ချင်းရို့ဟာ အနီးနားရှိ မိသားစုဝင်အသစ်တစ်ဦးဖြစ်ကြောင်းသိ၍ မူကြိုဆရာမအဖြစ် ချက်ချင်းကမ်းလှမ်းလိုက်တော့သည်။
ချင်းရို့ တုံ့ဆိုင်းနေကာ စဉ်းစားပါဦးမယ်လို့ ဆိုလိုက်သည်။
— သူမက ၁၉၇၀နှစ်တွေမှာ တကယ်ပဲ မူကြိုဆရာမလုပ်ကြည့်ရမလား?
ချုံကျိုးကျွန်းသို့ သူမရောက်လာသည့်အခါ သူမမှာ ရွေးချယ်စရာများစွာရှိသည်ပင်။ တပ်မတော်က သူမအား လုချန်ရှိ သီချင်းနှင့် အကအဖွဲ့ဆီ ဝင်ရန်အတွက် ဒေသတွင်း စာပေနှင့် အနုပညာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးနိုင်လေသည်။ သို့တည်းမဟုတ် မူလတန်းပြဆရာမတစ်ယောက်အဖြစ် ပြောင်းရွှေ့မည်လား၊ သင်ယူဖို့ လိုအပ်သေးတဲ့ သူနာပြုအဖြစ်လား...
အပြင်လူအမြင်အရတော့ ချင်းရို့က ပညာတတ်တစ်ယောက်ဖြစ်၍ သူမ သူနာပြုအဖြစ် အလုပ်ပြောင်းမယ်ဆိုရင်တောင် သူမအတွက် ခက်ခဲမည်မဟုတ်ပေ။
(T/N: ချင်းရို့က ပညာတတ်လို့ တခြားအလုပ်ပြောင်းရင်တောင် ချက်ချင်းသင်ယူနိုင်မယ်လို့ပြောထားတာပါ)
ချင်းရို့အစ်မဖြစ်သူမှာ ပညာတတ်မိသားစုကို လက်ထပ်ခဲ့သဖြင့် ပထမနှစ်နှစ်တုန်းက သူမခဲအိုဟာ စာဖတ်ဝါသနာထုံသူဖြစ်ရာ သူမကိုလည်း စာဖတ်ရန် ဖိအားပေးခဲ့လေသည်။
သို့ပေမယ့် သူမခဲအိုရဲ့ စာအုပ်တွေအားလုံးကို မိလ္လာတွင်းထဲကို ပစ်ထုတ်ခံလိုက်ရပြီးကတည်းက ဘယ်သူမှ စာဖတ်ဖို့ အာရုံမရကြတော့ပေ။
ကျောင်းအုပ်ဝူမင်သည် သူမသဘောမတူတာကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ခန့်မှန်းမိသွားကာ
“မင်းဆီမှာ ဒီလိုအသံကောင်းကောင်းနဲ့ မန်ဒရင်းလေသံရှိတာဆိုတော့ ပြည်သူ့အသံလွှင့်ဌာနရဲ့ သတင်းကြေငြာသူအဖြစ် စာမေးပွဲဝင်ဖြေဖို့ စီစဥ်ထားတာလား?”
ချင်းရို့ ခဏလောက် ကြက်သေသေသွားရကာ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”
လုယန်နဲ့ အိမ်ထောင်မပြုခင်က သူမဟာ လျောင်ပြည်နယ်တွင် သတင်းကြေညာသူအဖြစ် အလုပ်ပြောင်းရန် ရည်ရွယ်ပြီးသားပင်။ သို့သော် သူမက ချုံကျိုးကျွန်းသို့ ရောက်ခါစဖြစ်၍ အခြေအနေအတိအကျကို မသိရသေးပေ။ အခုတော့ ဤနေရာမှာလည်း သတင်းကြေငြာသူတွေ ခေါ်ယူနေကြောင်း မထင်မှတ်ဘဲ သိလိုက်ရလေပြီ။
“သူတို့က မကြာသေးခင်ကမှ လူတွေခေါ်နေတယ်ဆိုတာ ကျွန်မသိထားတယ်၊ စာရင်းသွားသွင်းလိုက်နော်၊ တကယ်လို့ မင်းစာမေးပွဲမအောင်ခဲ့ရင် ကျွန်မတို့မူကြိုမှာ ဆရာမလာလုပ်ပေးပါ”
ချင်းရို့ မူကြိုမှ ထွက်လာခဲ့ပြီး အနီးနားရှိ လုချန်ပြည်သူ့အသံလွှင့်ဌာနသို့ သွားရန်စုံစမ်းလိုက်၏။ သူမက ဖြတ်သွားဖြတ်လာ အနည်းငယ်ကို မေးမြန်းရင်း လုချန်ပြည်သူ့အသံလွှင့်ဌာနကို ရှာတွေ့သွားခဲ့ပြီ။
ဤရေဒီယိုအသံလွှင့်ဌာနသည်လည်း မကြာသေးမီကမှ အသစ်ပြန်ဆောက်ထားသောကြောင့် သတင်းကြေညာသူများကို ခေါ်ယူနေခြင်းဖြစ်ရာ တစ်ချိန်တည်းသတင်းကြေညာသူနှစ်ဦးခေါ်ထားသည်ပင်။
ချင်းရို့ စာရင်းသွင်းဖို့ သွားလိုက်သည်။
သူမ သတင်းကြေညာသူဖြစ်လာမယ်ဆိုရင် အလုပ်ကောင်းတစ်ခုရလိုက်တာပဲ၊ ဤခေတ်ကာလမှာ သတင်းကြေညာသူဆိုတာက လူတိုင်း အားကျကြတဲ့ အလုပ်ပဲလေ၊ တခြားကိုယ်ကာယအလုပ်တွေနဲ့ယှဥ်ရင် အခန်းထဲမှာ အေးအေးဆေးဆေး အသံလေးလွှင့်နေရုံပဲ။
ချင်းရို့လည်း မူကြိုကျောင်း၌ အလုပ်လုပ်ဖို့ စဉ်းစားကြည့်ပေမယ့် တစ်နေ့လုံး အရမ်းပင်ပန်းနေလိမ့်မှာ၊ သူမက အိမ်မှာ ဟင်းသီးဟင်းရွက်ဥယျာဉ်ကို စီမံခန့်ခွဲချင်သေးတာကို။
သူမပြောင်းရွှေ့တဲ့ ပထမနှစ်မှာ အိမ်နဲ့ခြံကို သေသပ်စနစ်ကျအောင် လုပ်ရမယ်။