အတွေ့အကြုံအသစ်
Vol. 18 Ch. 256
ဇူလိုင်လ (၂၅) ရက်။
ထိုညက မည်းမှောင်နေသော ကောင်းကင်ပြင်တွင် လမင်းနှင့် ကြယ်များ ထွန်းလင်းနေကြသည်။
ညမှာ အလွန်ညဉ့်နက်နေလေပြီ။
ကျန်းသည် မျက်နှာလေးရဲ၍ ရှက်သွေးဖြာလျက် လင်းချွမ်ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
လင်းချွမ်ကတော့ စနစ်အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။
[စာအုပ်: သိုက်တူးမှတ်တမ်းများ]
[လက်ရှိအခြေအနေ: ထုတ်ဝေပြီး]
[အောင်မြင်မှုစံနှုန်း: ၃၉၈၈၈/၄၀၀၀၀]
[စစ်ဆေးမှုတာဝန်: အုတ်ဂူ (၂) ခု တူးဖော်ရန် (၂/၂)]
သူ့စာအုပ်မှာ အလွန် အောင်မြင်လျက်ရှိပြီး လဝက်မျှအတွင်း အမှတ်များစွာ တိုးတက်လာခဲ့၏။
နန်ယွီအုတ်ဂူတွင်း၌ တွေ့ခဲ့သော သိုက်တူးသမားများမှာတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်၍ လမ်းမဘက်၌ ကုန်တင်ကား (၂) စီးသာ ကျန်ခဲ့၏။
ထို့ကြောင့် လင်းချွမ် အံ့ဩနေမိလေသည်။
သူတို့ ရတနာတွေခိုးသွားပြီး ဒဏ်ရာရတာလည်း (၅) ယောက်တောင်ကို ဘယ်လို ထွက်ပြေးသွားကြတာလဲ။
လင်းချွမ် တွေးရင်း ပိုလန့်လာသည်။ သူ တရားမဝင်ဝက်ဘ်ဆိုဒ်၌ တွေ့ဖူးသည့် အကြောင်းအရာကိုလည်း သတိရသွား၏။
သန့်ရှင်းရေး။
ကျွမ်းကျင်သန့်ရှင်းရေး၌ အခင်းလက်စဖျောက်သည့် နည်းလမ်းများစွာ ရှိပါသည်။
လင်းချွမ်ကိုယ်တိုင်လည်း လုပ်ကြံသူအတွေ့အကြုံ၌ အနည်းငယ် သုံးဖူး၏။
တာပေါင်တောင်တစ်နေရာတွင် ဖွက်ထားခြင်းသာ ဖြစ်ရမည်။
အသုံးမဝင်တော့သည့် ဒဏ်ရာရသူများကိုတော့ လုံးဝ ရှင်းလိုက်နိုင်သည်။
လင်းချွမ် တွေးမိသည်များကို အန်လင်းရဲစခန်းသို့ ချက်ချင်း တင်ပြလိုက်၏။
ဤကိစ္စများကိုတော့ ကျန်းပြောင်တို့သာ ခေါင်းစားပေလိမ့်မည်။
လင်းချွမ် သူ့ကိုယ်ပိုင်အလုပ်များလည်း ရှိသေး၏။
ထိုရက်ပိုင်းအတွင်း ပိုင်ရှန်ကုမ္ပဏီမှ လင်းချွမ် အကြောင်းများ ဆက်တိုက် ရှာဖွေနေသော်လည်း မျှော်လင့်ချက်မတွေ့ရသေးပေ။
ကံကောင်းစွာဖြင့် လင်းချွမ်အချက်အလက်များမှာ လုံခြုံစွာ ရှိနေလေသည်။
မည်သည့် အချက်လေးမှ လွတ်မသွားသေးပေ။
“ဆင်းရဲတုန်းက ပိုက်ဆံကိစ္စပဲ ပူရပေမဲ့ ချမ်းသာလာတာနဲ့ ပူစရာတွေ များလာတော့တာပဲ”
လင်းချွမ် ရေရွတ်မိသည်။
သူသာ ပြန်ရွေးချယ်ခွင့် ရခဲ့လျှင်…
သူ ဘေးတွင် ချစ်စရာကောင်းစွာ အိပ်ပျော်နေသော ကျန်းရှင်းရှင်းအား ငေးကြည့်၍…
အဟမ်း ပြန်ရွေးခွင့်ရှိလည်း ဒီလမ်းကိုပဲ ရွေးမှာပါပဲ။
“စာအုပ်ကောင်းတွေထွက်ဖို့ အာရုံစိုက်ကြတာပေါ့။ ပိုက်ဆံသာပိုရှိလာရင် ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ကို ဝယ်ပြီး အမ်းပစ်မယ်”
ထိုအချိန်တွင် စနစ်မှ အချက်ပေးသံ ထွက်လာ၏။
[သိုက်တူးမှတ်တမ်းများဝတ္ထုမှာ subscription (၄) သောင်း ပြည့်ပါပြီ]
[ဂုဏ်ယူပါသည်။ နောက်ထပ် အလုပ်အကိုင်ကို ရရှိနိုင်ပါပြီ]
[အတွေ့အကြုံသစ်ကို ယခု လက်ခံမည်လား]
“လာစမ်းပါ။ ဘယ်လောက်တောင် ဒုက္ခပေးဦးမလဲ”
လင်းချွမ် စိတ်ထဲမှ ပြန်ပြောလိုက်၏။
[စနစ်သည် ပိုင်ရှင် ကျပန်းရွေးချယ်သည့်အတိုင်း ပေးခြင်းသာ ဖြစ်ပါသည်]
‘သိပါတယ်”
လင်းချွမ် စိတ်မရှည်စွာဖြင့်
“ကဲပါ။ ငါ ဘယ်လောက် တရားခံဖြစ်ရဦးမလဲ ကြည့်ကြသေးတာပေါ့”
မြစ်ဘက်မှ တိုက်ခတ်လာသောလေသည် ပြတင်းပေါက်မှတစ်ဆင့် လင်းကျန်အိမ်ရာထဲ ဝင်ရောက်လာ၏။
လင်းချွမ်တစ်ယောက် မျှော်လင့်ချက်အပြည့်ဖြင့် ထိုင်နေရင်း တဖြည်းဖြည်း အမြင်များ ဝေဝါးလာသည်။
[ပိုင်ရှင် ကြုံခဲ့သည့် အမှတ်တရများကို ဝတ္ထုအဖြစ် ပြောင်းလဲပေးပါမည်။ ]
[ကျပန်း အလုပ်အကိုင်ကို ရွေးချယ်နေပါသည်။ ခဏစောင့်ပါ]
[ယခုတစ်ခါ အလုပ်အကိုင်မှာ… စွန့်ဦးတီထွင်သူ ဖြစ်ပါသည်]
လင်းချွမ် မျက်မှောင်ကြုတ်၍ ဆက်နားထောင်နေ၏။
[ဂုဏ်ယူပါသည်။ ဆေးဝါးထုတ်လုပ်နိုင်သော အရည်အချင်း ရရှိပါသည်။]
[ပုံရိပ်ယောင်လောက စတင်ပါတော့မည်]
“ဆေးထုတ်လုပ်ရေးလား”
လင်းချွမ် မျက်မှောင်ကြုတ်လျက်
“အဲ့တာ တရားဝင် ဆေးထုတ်လုပ်ရေးလား”
စနစ်မှာ သူ့ကို စဉ်းစားခွင့်မပေးဘဲ ကမ္ဘာသစ်ဆီသို့ ချက်ချင်း ခေါ်ဆောင်သွားတော့သည်။
လင်းချွမ် ကုမ္ပဏီရုံးခန်းတစ်ခုထဲထိုင်လျက် စားပွဲပေါ်တွင် ‘လင်းဆေးဝါးလုပ်ငန်း ဒါရိုက်တာလင်း’ ဟူသော ကဒ်အချို့ တွေ့ရသည်။
“တကယ့် ဆေးကုမ္ပဏီလား”
သူ အံ့ဩသွား၏။
ထိုစဉ် တံခါးခေါက်သံ ကြားရပြီး သူနှင့် ရွယ်တူခန့် လူငယ်လေးတစ်ဦး ဝတ်စုံပြည့်ဖြင့် ပြုံးရွှင်ကာ ဝင်လာသည်။
“ဒါရိုက်တာလင်း တာဝန်ပြီးမြောက်သွားပါပြီ။ ပစ္စည်းတွေ အဆင်ပြေပြေ ပို့လိုက်ပါတယ်”
လင်းချွမ် မျက်မှောင်ကြုတ်၍
“ဘာပစ္စည်းလဲ”
“မူးယစ်ဆေးတွေလေ”
“မူးယစ်ဆေး…”
လင်းချွမ် ခပ်တိုးတိုး ရေရွတ်မိ၏။
လူငယ်လေးက
“ဒါရိုက်တာလင်း ဝယ်သူက မေးခိုင်းလိုက်သေးတယ်။ ပိုသန့်တဲ့အမျိုးအစားက ဘယ်တော့လောက် ရမလဲတဲ့”
“ပိုသန့်တဲ့ အမျိုးအစားလား။ မူးယစ်ဆေး အကောင်းစားပေါ့”
လင်းချွမ် လန့်သွားတော့သည်။
ထိုစဉ် ဖုန်းထဲသို့ စာတစ်စောင် ဝင်လာ၏။
လင်းချွမ် လူငယ်လေးကို တစ်ချက်လှမ်းကြည့်ပြီးမှ ဖုန်းကို ကြည့်လိုက်သည်။
ဘဏ်အကောင့်မှ ပိုက်ဆံရကြောင်း အချက်ပေးမှု ဖြစ်ပါသည်။
နိုင်ငံခြားအကောင့်မှ (၁၀) သိန်း ရောက်လာ၏။
လင်းချွမ် မျက်မှောင်ကြုတ်သွားမိသည်။
ဘုရားရေ မူးယစ်ဆေး ရောင်းဝယ်နေတာပဲ။ တစ်ခါရောင်းရင် (၁၀) သိန်းတောင် ရတယ်။
တကယ့် ပြစ်မှုအကြီးစားပဲ။
အဲ့တော့ ငါက စွန့်ဦးတီထွင်သူမဟုတ်ဘဲ မူးယစ်ရာဇာကိုး။
ဖမ်းမိလို့ကတော့ အကုန်ဒုက္ခပဲ။
“ဒါရိုက်တာလင်း”
လင်းချွမ် အတော်ကြာအောင် ငြိမ်နေ၍ လူငယ်လေးမှ လှမ်းခေါ်၏။
လင်းချွမ် သူ့ကိုလှမ်းကြည့်ကာ
“ဘယ်သူ့ကို ရောင်းလိုက်တာလဲ”
“အင်္ဂလန်ဘက်ကိုပါ”
လင်းချွမ် ခဏစဉ်းစား၍ ထပ်မေးပြန်၏။
“ပြည်တွင်းမှာတော့ မရောင်းဘူးမလား”
“အင်းလေ။ ဒါရိုက်တာပဲ ဒီဆေးတွေက ပြည်တွင်းမှာ ရောင်းလို့ မဖြစ်ဘူးဆိုပြီး ပြည်ပပဲ ပို့တာ”
လူငယ်လေးမှာ လင်းချွမ်အား နားမလည်နိုင်စွာ ကြည့်နေမိသည်။
လင်းချွမ် ထိုအခါမှ သက်ပြင်းချနိုင်ကာ အပြစ်ရှိစိတ် လျော့သွား၏။
ပြည်ပတင်သွင်းတာဆို တော်သေးတာပေါ့။
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“ဒါဆို ကုမ္ပဏီအကောင့်ထဲက (၂) သိန်းယူပြီး ဆင်းရဲတဲ့ ကျေးလက်တောရွာတွေကို လှူလိုက်။ ကုသိုလ်လေးဘာလေး ပြန်လုပ်ရမှာပေါ့”
“ဟုတ်ကဲ့။ ကျွန်တော် ချက်ချင်း စီစဉ်ခိုင်းလိုက်ပါမယ်”
လူငယ်လေးမှ ထပ်၍
“ဒါနဲ့ ဒါရိုက်တာလင်း ဆေးအသန့်ကိစ္စကရော”
လင်းချွမ် ခဏစဉ်းစား၍
“အင်း… အဲ့တာလည်း ပိုကောင်းအောင်ထုတ်ဖို့ အာရုံစိုက်ကြတာပေါ့”
လူငယ်လေးမှ မျက်နှာပျက်၍
“ကျွန်တော်တို့မှာ အခုရှိတဲ့ပစ္စည်းတွေနဲ့ ခက်လောက်မယ်။ ဒါပေမဲ့ လုပ်နိုင်သွားရင်လည်း တကယ် ဈေးကောင်းရမှာ”
လင်းချွမ် သူရထားသော အရည်အချင်း ဖြစ်သည့် ဆေးဝါးထုတ်လုပ်ရေးကို ပြန်စဉ်းစားကာ သက်ပြင်းချ၍
“ကျွန်တော် စမ်းကြည့်ပါဦးမယ်။ လမ်းပြပေး”
“ဟုတ်ကဲ့ပါ”
လူငယ်လေး မျက်လုံးအရောင်တောက်၍ လင်းချွမ်အား အလုပ်ခန်းသို့ ဦးဆောင် ခေါ်သွားလေသည်။
အပြင်ပန်းတွင် ဆေးဝါးထုတ်လုပ်ရေး စက်ရုံအဖြစ် ပြထားပြီး မူးယစ်ဆေးခိုးထုတ်နေခြင်း ဖြစ်၏။
ဤသို့ဖြင့် လင်းချွမ်ကိုယ်တိုင် ပိုသန့်စင်သည့် မူးယစ်ဆေးများ ထုတ်ကာ လူငယ်လေးကိုလည်း တစ်ဆင့် သင်ပေးလေသည်။
ထို့နောက် လက်ဆင့်ကမ်း၍ ထုတ်လုပ်ရင်း ပြိုင်ဘက်များအားလုံးကို ကျော်ဖြတ်၍ အမှန်တကယ် မူးယစ်ရာဇာ ဖြစ်လာတော့၏။
ဟူး…
အပြင်လောက၌ ကြယ်ရောင်၊ လရောင်များ မှိန်၍ မနက်လင်းလုအချိန် ရောက်နေလေပြီ။
သို့သော် ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ် ငြိမ်သက်နေဆဲပင်။
ထိုစဉ် စနစ်အချက်ပေးသံ ထွက်လာ၏။
[ပုံရိပ်ယောင်လောက အတွေ့အကြုံ အောင်မြင်သည့်အတွက် ဂုဏ်ယူပါသည်။]
[ထိုအတွေ့အကြုံအရ ‘ရေခဲနက်’ ဟူသော ဝတ္ထု ထုတ်ဝေမည်ဖြစ်ပြီး အချိန် (၁၀) နာရီဝန်းကျင် ကြာမြင့်ပါမည်။]
[စာအုပ်: ရေခဲနက်]
[လက်ရှိအခြေအနေ: ရိုက်နှိပ်ဆဲ]
[အောင်မြင်မှု စံနှုန်း: ၀/၅၀၀၀၀]
[စစ်ဆေးမှုတာဝန်: ၉၉% သန့်စင်သော မူးယစ်ဆေး ထုတ်လုပ်ပါ။ (မပြီးမြောက်သေး)]
လင်းချွမ် အချက်အလက်များကြည့်ရင်း မျက်လုံး ပြူးသွားလေသည်။
“မူးယစ်ဆေး ထုတ်ရမယ်လား။ စနစ်ရေ တကယ်ကြီး ထောင်ထဲပို့နေတော့မှာလား”