ပြည်ပ ပရိုမိုးရှင်း
Vol. 18 Ch. 263
တစ်ပတ်ခန့်အကြာ၊ ဩဂုတ်လဆန်း အချိန်။
“ရေခဲနက်” ဝတ္ထုမှာ အစီအစဉ်အတိုင်း ပြည်ပတွင် ထုတ်ဝေနိုင်ခဲ့ပြီး လင်းချွမ် စနစ်အချက်အလက်များအား ပြန်ကြည့်မိလိုက်သည်။
[စာအုပ်: ရေခဲနက်]
[လက်ရှိ အခြေအနေ: ထုတ်ဝေပြီး]
[အောင်မြင်မှု စံနှုန်း: ၀/၅၀၀၀၀]
[စစ်ဆေးမှု တာဝန်: ၉၉% သန့်စင်သော မူးယစ်ဆေး ထုတ်လုပ်ရန်]
ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်၏ ပြည်ပထုတ်လုပ်ရေး ဌာနမှာ လင်းချွမ်၏ ‘ရေခဲနက်’ ကို အလွန် မျှော်လင့်ထားပြီး ပြည်ပ ပရိုမိုးရှင်းများအား စီမံပေးထား၍ ချက်ချင်း အချက်ပေးသံများ ပေါ်ထွက်လာသည်။
…
သိပ္ပံခေတ်မီ ပတ်ဝန်းကျင်ပုံစံ အခန်းထဲတွင်။
အသားဖြူဖြူ နူးညံ့သော မိန်းကလေးတစ်ဦးမှာ ဂျင်းဘောင်းဘီအကြပ်နှင့် အင်္ကျီအနက်လေးကို ဝတ်ဆင်ထားပြီး ကွန်ပျူတာ မျက်နှာပြင်ကို အာရုံစိုက်၍ ကြည့်နေ၏။
သူ့လက်ချောင်း သွယ်သွယ်လေးများမှာလည်း အပြာနှင့် ပန်းရောင် ပေါင်းစပ်ထားသော ကီးဘုတ်ပေါ်၌ လှပစွာ ပြေးလွှားနေကြသည်။
အန်ဂျလီနာ ဖြစ်၏။
ရုတ်တရက် ဖုန်းမှ အချက်ပေးသံ ထွက်လာပြီး သူ လှမ်းကြည့်ရာ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှ ဖြစ်နေသည်။
ထို့ကြောင့် စိတ်ဝင်တစား ယူကြည့်လိုက်၏။
[ဒင်! သင် ကြိုက်နှစ်သက်သော စာရေးဆရာမှ ဝတ္ထုအသစ် ထွက်ရှိပါသည်။]
[‘ရေခဲနက်’ ဟုခေါ်သော ဝတ္ထုသည် မူးယစ်ရာဇာတစ်ဦး၏ စတင်ဖြစ်ပေါ်လာပုံနှင့် ကြုံတွေ့ရသော ဘဝဇာတ်ကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။]
“ဟင် အိုင်ဒေါလ်က စာအုပ်အသစ် ထွက်တာပဲ”
အန်ဂျလီနာ၏ မျက်နှာလှလှလေး ပြုံးရွှင်သွားသည်။
သူ ဟက်ကာလောကကို နောက်ဆုံး ဖတ်ဖူးပြီး ဟက်ကာ နတ်ဘုရားဟု သဘောထားခဲ့လေသည်။
ထိုစဉ်က သူပြသနိုင်ခဲ့သော အရည်အချင်းများမှာ ဟက်ကာလောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။
ထို့ကြောင့် ဟက်ကာတိုင်းနီးပါး နတ်ဘုရားနှင့် ရင်းနှီး တွေ့ဆုံချင်ခဲ့ကြပါသည်။
သို့သော် သူတို့၏ စုံစမ်းမှုမျှဖြင့် လင်းချွမ်အကြောင်း နောက်ယောင်မခံနိုင်ပေ။
သူ့အကြောင်း တစ်စွန်းတစ်စမှ မထွက်လာဘဲ အဆက်အသွယ် ပြတ်သွားရ၏။
အန်ဂျလီနာလည်း လင်းချွမ်၏ လုံခြုံရေးကာကွယ်မှုကို နားလည်သောကြောင့် လူထုကို ချမပြဘဲ ပါးစပ်ပိတ်၍ နေခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ သူ သဘောကျလေးစားရသည့် အိုင်ဒေါလ်တစ်ဦး ဖြစ်၏။
သူ ထို (၃-၄) လအတွင်း ဟက်ကာလောက ဝတ္ထုကိုသာ အပြန်ပြန်အလှန်လှန်ဖတ်ရင်း နည်းပညာအကြောင်းများ သင်ယူခဲ့လေသည်။
ထို့နောက် လင်းချွမ်ကိုလည်း ဟက်ကာလောက ဒုတိယပိုင်း ဆက်ရေးရန် ခဏခဏ စာပို့ တောင်းဆိုဖူး၏။
သို့သော် လတ်တလော ထိုကဲ့သို့ အစီအစဉ် မရှိကြောင်းသာ ပြန်ကြားရလေသည်။
အန်ဂျလီနာကတော့ အလွန် နှမျောနေမိ၏။
ယခုအခါ လင်းချွမ်၏ ဝတ္ထုအသစ်ထွက်ကြောင်း တွေ့ပြီး ချက်ချင်း အလုပ်များ ပစ်ချကာ ဝတ္ထုထဲ ဝင်လိုက်သည်။
“ရေခဲနက်လား”
အန်ဂျလီနာ ခေါင်းစဉ်ကို တွေ့သည်နှင့် ဟက်ကာလောက ဒုတိယတွဲ မဟုတ်မှန်း သိလိုက်သည်။ သို့သော် ယခုဝတ္ထုကိုလည်း စိတ်ဝင်စားသွားမိ၏။
လင်းချွမ်က မူးယစ်ရာဇာလောကမှာ ကျင်လည်ဖူးတာလား။
သူကိုယ်တိုင်လည်း ထိပ်တန်းဟက်ကာတစ်ဦး ဖြစ်သည့်အလျောက် တရားမဝင်ဝက်ဘ်ဆိုဒ်များစွာကို ဝင်ဖူးပြီး ကုန်သွယ်ရေးအချို့၌ ပတ်သက်ဖူးလေသည်။
ထို့ကြောင့် မူးယစ်ရာဇာအချို့ကိုလည်း သိနေ၏။
“အန်ဂျလီနာ Lockheed က နောက်ဆုံးပေါ် လက်နက် အချက်အလက်တွေ ရပြီလား”
ဘေးမှ လုပ်ဖော်ကိုင်ဖက် လူငယ်လေး၏ အသံကို ကြားလိုက်ရသည်။
အန်ဂျလီနာ တစ်ချက် လှမ်းကြည့်၍ ဂရုမစိုက်သလိုဖြင့်
“Lockheed က ကျွန်မတို့ကို အရမ်း တင်းကြပ်ထားတာ။ သူတို့ အကာအကွယ်ကို ချက်ချင်း ထိုးဖောက်ဖို့တော့ မလွယ်ဘူး။ ခဏ ထားလိုက်ဦး”
“ကောင်းပြီလေ။ သူဌေးကလည်း တာဝန်အသစ် ပို့ပေးနေတယ်”
လူငယ်လေး သူ့အနား လျှောက်လာကာ ပြော၏။
အန်ဂျလီနာ မျက်မှောင်ကြုတ်လျက်
“ဘာတာဝန်လဲ”
“ဒီတစ်လော ဆေးအသစ် ထွက်တယ်တဲ့။ အဲ့တာ အနံ့က အရင်နဲ့ မတူဘူး။ ငါတို့နယ်ထဲအထိ ဝင်ရှုပ်လာမှာစိုးလို့။ ကာကွယ်ရေး အချက်အလက်တွေ ကြိုယူထားရမယ်”
“ဆေးအသစ်တွေလား”
အန်ဂျလီနာ မျက်မှောင်ကြုတ်၍ ရေရွတ်မိ၏။
“ကျွန်မ ကိုင်ထားတဲ့ နယ်တစ်ဝိုက်မှာတော့ ဆေးအသစ် ထုတ်တာ နည်းနည်းပဲ ရှိပါတယ်။ ရှင့်နယ်ထဲမှာ ပြဿနာ ရှိလို့လား”
လူငယ်လေး သူ့ကိုကြည့်၍
“ဒီကိစ္စက အရေးပေါ်ပဲ။ အထက်ကလည်း အချက်အလက် မြန်မြန်ရဖို့ မျှော်လင့်ထားတာ”
“ကောင်းပါပြီ”
အန်ဂျလီနာ သဘောတူလိုက်ပြီးနောက်
“စည်းမျဉ်းက အရင်အတိုင်းပဲနော်။ ရှင်က ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို ဖော်ထုတ်။ ကျွန်မက တိုက်ခိုက်ရေး လုပ်ပေးမယ်။ ပစ်မှတ်ကုမ္ပဏီတွေ့ရင်လည်း ပြော။ ဟုတ်ပြီနော်။ အခုတော့ ဝတ္ထု ဖတ်လိုက်ဦးမယ်”
လူငယ်လေး သူ့ကိုကြည့်၍
“ဘာဝတ္ထုက အဲ့လောက် စိတ်ဝင်စားစရာ ကောင်းလို့လဲ”
အန်ဂျလီနာ မျက်စောင်းလေးထိုး၍
“ရှင် ကျွန်မ အိုင်ဒေါလ်အကြောင်း ဘာမှ မသိပါဘူး။ ကိုယ့်အလုပ်သာ ကိုယ်လုပ်”
နှစ်ဦးစလုံးမှာ ဟက်ကာအနေဖြင့် အလုပ်ဝင်နေသော်လည်း အန်ဂျလီနာက လုပ်ပိုင်ခွင့်ပိုမှန်း သိသာလေသည်။
သူ့စကားတစ်ခွန်းတည်းဖြင့် လူငယ်လေးမှာ ထပ်မပြောရဲတော့ဘဲ ထွက်သွားတော့၏။
ထို့နောက် အန်ဂျလီနာတစ်ယောက် Lockheed ကုမ္ပဏီလက်နက်ကိစ္စနှင့် ဆေးမှုများကို ဘေးဖယ်ကာ ရေရွတ်မိသည်။
“ဆေးအသစ်လား။ ငါ့အိုင်ဒေါလ်ဝတ္ထုလောက် စွဲလန်းစရာ မရှိပါဘူး”
ထို့နောက် ဖုန်းလေးဖွင့်၍ ချက်ချင်း ဝတ္ထုထဲ ဝင်ကြည့်လိုက်သည်။
ဝတ္တုအကြောင်းအရာမှာ ချက်ချင်း စွဲလန်းစရာ ဖြစ်၏။
‘ကျွန်တော့်နာမည်က မစ္စတာလင်း’
‘အမှောင်သခင်လို့လည်း ခေါ်လို့ရပါတယ်’
‘အပေါ်ယံမှာတော့ အန်ကျောက်ရဲ့ နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင်ပေါ့’
‘ဒါပေမဲ့ နောက်ကွယ်မှာ အန်ကျောက် မြေအောက်လောကကို ထိန်းချုပ်ပြီး မူးယစ်ဆေးဈေးကွက်နဲ့ ပြည်ပအထိ တင်ပို့ပေးနေတယ်’
‘ကျွန်တော့်ဘဝမှာ မူးယစ်ဆေးတွေ မရေတွက်နိုင်အောင် ထုတ်ပြီး ပြည်ပကို ပို့ပေးခဲ့ဖူးတယ်’
‘…’
အန်ဂျလီနာ ဖတ်နေရင်း ကျေနပ်စွာ ပြုံး၍ ရေရွတ်မိ၏။
“ပုံစံက အရင်လို အတ္ထုပတ္တိပုံစံပဲ။ မိုက်လိုက်တာ”
သူ ဆက်၍ ဖတ်ကြည့်လေသည်။
မစ္စတာလင်း၏ လင်းဆေးဝါးကုမ္ပဏီမှ တစ်ဆင့်ပြီး တစ်ဆင့် နိုင်ငံခြား မူးယစ်ဆေးလောကသို့ ရောက်လာပုံမှာ စိတ်ဝင်စားစရာ ကောင်းလွန်းနေ၏။