စာအုပ်အသစ် မထွက်ဘူးလား
Vol. 18 Ch. 266
သို့သော် အင်တာနက်လောကမှာ အလွန် ကျယ်ပြန့်လေသည်။
အမျိုးအစားအသစ် ပေါ်သည်ဆိုသည်နှင့် ဘဲငန်းအုပ် လိုက်သကဲ့သို့ပင်။
ဤသို့ဖြင့် တစ်ရက် ကုန်ဆုံးသွား၏။
ရှချင်းချင်း၏ ကြည်လင်သော မျက်ဝန်းများမှာ လေးလံလာလေပြီ။
ခက်လိုက်တာ။
“ဟူး…”
သူ သက်ပြင်းချလိုက်ပြီးမှ ရုတ်တရက် အတွေးတစ်ခုကြောင့် ပြုံးသွား၏။
သူသာဆို လုပ်နိုင်မှာပဲ။
လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့ စတွဲတည်းက ရှချင်းချင်း သတိထား၍ သိပ်မဆက်သွယ်ဖြစ်တော့ပေ။
သို့သော် ထိုသို့မဆက်သွယ်ရလေ ပိုနေရခက်လေ ဖြစ်စေ၏။
ထို့ကြောင့် အလုပ်ထဲတွင် စိတ်နှစ်၍ နေခဲ့သည်။
ရုံးခန်းထဲတွင် အခြားသူများ ပြန်သွားကြပြီး သူတစ်ယောက်တည်း ကျန်လေသည်။
‘တီ တီ တီ’
ထိုစဉ် ရုတ်တရက် ဖုန်းမြည်လာပြီး လှမ်းကြည့်လိုက်သောအခါ ရှန်ချန်းချန်း ဖြစ်နေ၏။
“ချန်းချန်း ဘာကိစ္စလဲ”
“ချင်းချင်း နင် ဒီည အားလား”
“မသေချာဘူး”
“ဒီည (၅) ယောက်ဂိမ်း ဆော့ရမှာမလို့ လာခဲ့ပါလားလို့”
“(၅) ယောက်ဂိမ်းလား”
ရှချင်းချင်း ငြင်းချင်သော်လည်း အရင် ပြန်မေးလိုက်သည်။
“ဘယ်သူတွေ ပါမှာလဲ”
ရှန်ချန်းချန်း ရယ်မောလျက်
“ချီချီ၊ အစ်ကိုဝမ်၊ ငါ၊ လင်းချွမ်”
ရှချင်းချင်း ခဏစဉ်းစားပြီးနောက်
“ကောင်းပြီလေ။ ဒီည အတူဆော့တာပေါ့”
“ဒါဆို ငါလာခေါ်မယ်နော်”
“အိုခေ။ ငါ စခန်းမှာရှိသေးတယ်။ လာခေါ်လိုက်နော်”
ရှချင်းချင်းမှ ပြော၏။
“(၆) နာရီတောင် ကျော်နေပြီကို။ အချိန်ပို ဆင်းနေရတာလား”
“စစ်ဆေးစရာ နည်းနည်းရှိလို့ပါ။ ဘာမှလည်း ရှာမတွေ့လို့ မနက်ဖြန်မှ ဆက်လုပ်ရမှာပဲ”
“နင် ရှာမတွေ့ရင် လင်းချွမ်ကို ပြောလိုက်လေ။ သူက ကျွမ်းတယ်”
ရှချင်းချင်း နေရခက်စွာဖြင့်
“ငါ…”
“ချင်းချင်း ရှက်မနေပါနဲ့။ ဒါက အလုပ်ကိစ္စပဲလေ”
ရှချင်းချင်း ပြုံး၍
“ကောင်းပါပြီ။ ငါ လုံးဝ ရှာမတွေ့တော့ရင် လင်းချွမ်ကို အကူအညီတောင်းလိုက်ပါမယ်”
“အင်းပါ။ အခု လာခေါ်မယ်နော်”
“အိုခေပါ”
ရှချင်းချင်း ထိုအခါမှ ပြုံးသွားမိ၏။
သူ့ဂိမ်းဆော့ဖော်များနှင့် မတွေ့ရသည်မှာ အတော်ကြာလေပြီ။
သူတို့နှင့်တွေ့၍ အပန်းပြေအောင် ဂိမ်းဆော့လိုက်ခြင်းမှာ တစ်မျိုး ကောင်းပေမည်။
ထို့နောက် သူ အဝတ်လဲကာ ရှန်ချန်းချန်းလည်း ရောက်လာ၍ လိုက်ပါသွားတော့၏။
…
ချင်းရှုနယ်၊ နွေကန္တာရအင်တာနက်ဆိုင်။
ကျန်းရှင်းရှင်းဦးလေး ကျန်းတီ၏ဆိုင်တွင် ဆော့နေကျ ဖြစ်ပါသည်။
လမ်းတစ်လျှောက် နီယွန်မီးရောင်များ လင်းထိန်၍ ကားသံများ ဆူညံနေသည်။
ဩဂုတ်လ ညချမ်းမှာ နွေးထွေးနေလေ၏။
လင်းချွမ်သည် အဖြူရောင်တီရှပ်၊ ဂျင်းဘောင်းဘီတို့ကို ထုံးစံအတိုင်း ပေါ့ပါးစွာ ဝတ်ဆင်ထားသည်။
“လင်း”
သူ ဆိုင်ထဲ ဝင်လာသည်နှင့် ရင်းနှီးနေသောအသံကို ကြားလိုက်ရသည်။
ဝမ်ကျီခန် ဖြစ်၏။
လက်ထဲတွင် milk tea (၂) ခွက်ကိုင်ကာ လျှောက်လာ၍ လင်းချွမ်က
“ဘယ်ဟာ ကျွန်တော့်ခွက်လဲ”
“လင်း မင်းဟာလေ ဒီလောက် ကုမ္ပဏီကြီးရဲ့ ပိုင်ရှင် ဖြစ်နေပြီကို။ ငါ့အအေးကို မျက်စောင်းထိုးတုန်းလား”
လင်းချွမ် တစ်ခွက်ကို အတင်းယူကာ စလိုက်သည်။
“အစ်ကိုလည်း နာမည်ကြီး စာရေးဆရာ ဖြစ်နေပြီကို။ ဘာလို့ ကပ်စေးနည်းနေတာလဲ”
“ဒီလောက်လေးက ဘာမှမဟုတ်ပါဘူး”
ထို့နောက်ဆက်၍
“လင်း တစ်ခွက်တည်း ဝရဲ့လား။ ငါ့ဟာ ယူသောက်ချင်လည်း ရတယ်နော်။ ငါက ချီချီနဲ့ အတူ သောက်လိုက်မယ်”
ဒီအစ်ကိုလင်းကတော့ ကြွားဖို့ဆို မမေ့ဘူးပဲ။
ငါလည်း အပြန်မှ ကျန်းအတွက် ဝယ်သွားရမယ်။
ဝမ်ကျီခန် ရယ်မောလျက်
“ဪ လင်း စာအုပ်အသစ် ဘယ်တော့ထွက်မှာလဲ”
မစ္စတာလင်း အမည်ဖြင့် စာအုပ်အသစ် မတွေ့သောကြောင့် မေးလိုက်ခြင်း ဖြစ်သည်။
လင်းချွမ် ရယ်လျက်
“ကျွန်တော် ဟိုတစ်နေ့ကပဲ ပြည်ပဘက်ကို ထုတ်လိုက်ပြီ”
“ဘယ်လို”
“ဟုတ်တယ်။ အကြောင်းအရာက နည်းနည်း အထိမခံတာမျိုးမို့လို့။ ဒီမှာ ဆင်ဆာမကျတာနဲ့။ ပြည်ပမှာပဲ ထုတ်လိုက်တာ”
“ဘာအကြောင်းမို့လို့လဲ”
“အာ… မူးယစ်ဆေးအကြောင်းပါ”
အစ်ကိုဝမ် လက်မထောင်ပြ၍
“တကယ့် မှုခင်းကြီးပဲ။ မင်း စီးပွါးရေး ကျယ်ပြန့်လာပြီနော်”
“လာနောက်မနေပါနဲ့ဗျာ”
“ဟားဟား ဒီအကြောင်းရေးရဲတယ်ဆိုတာ သာမာန်မှ မဟုတ်တာ”
အမှန်တော့ သူရွေးချယ်စရာမရှိဘဲ စနစ်အရ ထုတ်နေရခြင်းပင်။
“ဘာတွေ ပြောနေကြတာလဲ”
ချိုသာသောအသံလေးတစ်ခု ဝင်လာသည်။
ရှန်ချန်းချန်း ဖြစ်၏။
ဘေးတွင် ရှချင်းချင်းလည်း အတူပါလာသည်။
“အချောလေးတွေအားလုံး လာစုနေတာပဲ”
ရွှယ်ချီချီမှ နောက်လိုက်၏။
“ချီချီကတော့ လုပ်ပြီ”
ရဲမေများ ရှက်သွား၏။
လင်းချွမ်ပြုံးလျက်
“ချင်းချင်း အခုတစ်လော အလုပ်ရှုပ်နေပုံပဲနော်”
ရှချင်းချင်းမှ
“ဟုတ်တယ်။ ကျွန်မတို့ ဆိုက်ဘာရဲဌာနဆိုတာ ရှင်တို့ အွန်လိုင်းစာရေးဆရာလို စိတ်ရှိတိုင်း မနားရပါဘူး”
လင်းချွမ် နှာခေါင်းလေးရှုံ့၍
“ကျွန်တော်လည်း မအားပါဘူးနော်”
အားလုံး ရယ်မောမိပြီးနောက် သီးသန့်ခန်းထဲ ဝင်လိုက်ကြလေသည်။
ထိုစဉ် ရှချင်းချင်း လင်းချွမ်ဘေး၌ ထိုင်၍
“လင်းချွမ် ရှင် စာအုပ်အသစ် မထွက်ဘူးလား။ မျှော်နေတာ”
လင်းချွမ် ကွန်ပျူတာဖွင့်နေရင်း
“ထုတ်ပြီးပြီ။ ပြည်ပဘက်ပဲ ရောင်းဖြစ်လို့ပါ”
“ဘာလို့လဲ”
“ပြည်တွင်းမှာ နည်းနည်းငြိနေတာ ရှိလို့လေ”
ဝမ်ကျီခန်မှ ဝင်ဖြေ၏။
“ဟုတ်လား။ ဘာအကြောင်းမို့လို့လဲ”
ရှန်ချန်းချန်းလည်း စိတ်ဝင်စားကာ လှမ်းမေးသည်။
လင်းချွမ်မှ
“ကျွန်တော့်ကို ပြစ်မှုကျူးလွန်မယ်ပဲ မထင်ပါနဲ့။ ဂိမ်းစတော့မယ်။ လာပါ”
“စကားလမ်းကြောင်း လွှဲနေတာပဲ”
“နောက်မှ ရှာကြည့်ရဦးမယ်”
လင်းချွမ် မတတ်နိုင်တော့ဘဲ
“မူးယစ်ရာဇာအကြောင်း ရေးတာပါ။ ဒါပေမဲ့ လက်တွေ့နဲ့ ဘာမှမဆိုင်ဘူးနော်”
“မူးယစ်ရာဇာလား”
ရှချင်းချင်း သူ့ကိုလှမ်းကြည့်၍
“ပိုတောင် စိတ်ဝင်စားသွားပြီ”