သူ ပြောတာ လက်မခံနဲ့
Vol. 18 Ch. 270
ကောင်းကင်မှာ မှုန်မှိုင်း၍ မီးခိုးရောင် ဖြစ်နေ၏။
ငှက်ကလေးများမှာ မြစ်ပြင်ကျယ်ကို ဖြတ်ကျော်၍ ညအမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားလေသည်။
သူတို့၏ တေးသံသာမှာပင် တစ်ခုခုကို ပူဆွေးနေသလို ခံစားရ၏။
“သူဌေး ကျွန်မ မေးစရာရှိတယ်”
လင်းကျန်အိမ်ရာ၌ ကျန်း အပြင်မှ ပြန်လာပြီး ဆိုဖာတွင် ဝင်ထိုင်ကာ ပြောလေသည်။
“ဘာလို့လဲ ရှင်းရှင်းရဲ့”
လင်းချွမ် သူ့အမူအရာထူးခြားနေသည်ကို သတိထားမိပြီး မေး၏။
ပုံမှန်ဆိုလျှင် ကျန်းမှာ အမြဲ သွက်လက် တက်ကြွ၍ အပူအပင် ကင်းနေလေ့ ရှိပါသည်။
သို့သော် ယခုတော့ သူ့မျက်နှာလေးမှာ အရင်နှင့် မတူဘဲ ဖြစ်နေသည်။
တစ်ခုခုကို စိတ်လေး၍ ဝမ်းနည်းနေသကဲ့သို့ ဖြစ်၏။
“ကျွန်မ…”
ကျန်း ချက်ချင်းမပြောဘဲ တွေဝေနေလေသည်။
လင်းချွမ် မျက်မှောင်ကြုတ်လျက် ကျန်းလက်ကို နူးညံ့စွာ ဆွဲယူပုတ်ပေး၍
“ရှင်းရှင်း ပြောပါ။ ကို နားထောင်နေတယ်နော်”
ကျန်းရှင်းရှင်း ခဏငြိမ်နေပြီးမှ
“သူဌေးသိထားသင့်တယ် ထင်လို့။ ကျွန်မအမေကလေ…”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
“ဒီနေ့ ကျွန်မနဲ့ မမခီခီတို့ ကော်ဖီဆိုင်မှာ ထိုင်နေတုန်း သူ ရုတ်တရက် ပေါ်လာတယ်”
ရှင်းရှင်း သက်ပြင်းချမိ၏။
သူ လျှိုမုန့်အပေါ် ခံစားချက်မှာ အလွန်ရှုပ်ထွေးနေလေသည်။
ဆယ်စုနှစ်တစ်ခုကြာ ပျောက်ဆုံးနေခဲ့သော အမေသည် ယခုမှ ရုတ်တရက် ဝင်ရောက်လာခဲ့၏။
စိတ်ကျေနပ်စရာ အံ့ဩမှုလား။
ထိုသို့လည်း မဟုတ်ပါ။
နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရသောကြောင့် သွေးသား တော်စပ်သည့် အသိမှလွဲ၍ ရင်းနှီးသည်ဟု မခံစားရပေ။
ထို့ကြောင့်လည်း ပို၍ စိတ်ရှုပ်ထွေးရ၏။
“အဲ့တာက…”
လင်းချွမ် နားထောင်ရင်း တစ်ခုခု ထူးဆန်းသလို ခံစားရသည်။
သူနှင့် မနက်ကပင် ယွီမင်စားသောက်ဆိုင်တွင် တွေ့ခဲ့ပြီး ယခု ရှင်းရှင်းထံ ထပ်သွားသေးသည် ဆို၏။
“သူ ဒီတစ်ခါ ပြန်လာတာ ဘယ်တော့မှ ပြန်မသွားတော့ဘူးလည်း ပြောတယ်။ ဒါပေမဲ့ ကျွန်မ သူနဲ့ ဘယ်လို ဆက်ဆံရမလဲ မသိဘူး”
ရှင်းရှင်း စိတ်ရှုပ်ထွေးစွာ ကြည့်နေ၏။
သူ့အဖေနှင့်အမေ အဆင်မပြေသည်ကိုလည်း နားလည်နေ၍ လင်းချွမ်နှင့်သာ တိုင်ပင်ရတော့သည်။
လင်းချွမ် သက်ပြင်းခိုးချမိလေသည်။
ကိစ္စမှာ အလွန်နက်နဲ ရှုပ်ထွေးနေ၏။
လင်းချွမ်ကဲ့သို့ စာရေးဆရာလည်း ထိုအခြေအနေကို နားမလည်နိုင်လွန်း၍ ထည့်ရေးလေ့ပင် မရှိခဲ့ချေ။
နည်းလမ်းမရှိသောကြောင့် ခေါင်းယမ်း၍ သက်ပြင်းချရုံသာ တတ်နိုင်လေသည်။
သို့သော် ရှင်းရှင်း စိုးရိမ်ပူပန်၍ ဝမ်းနည်းနေပုံ ပေါ်သောကြောင့် သူအလွန် သနားနေမိ၏။
“သူက တစ်ခုခု ပြောသေးလား”
လင်းချွမ် စိတ်ပြန်ထိန်း၍ မေးလိုက်သည်။
ကျန်းပြန်စဉ်းစား၍
“ပြောတာတွေတော့ အများကြီးပဲ။ ဒီနှစ်တွေမှာ သူ့အကျင့်ဆိုးကို ဖျောက်ပြီး အလုပ်တစ်ခု လုပ်နေတယ်တဲ့။ အဲ့တာကြောင့် အန်လင်းကို ရဲရဲ ပြန်လာပြီး ကျွန်မကို တွေ့ရဲတာတဲ့”
လင်းချွမ် မျက်မှောင်ကြုတ်မိသည်။
ထိုစကားကို ရှင်းရှင်းဆီမှသာ အရင်ဆုံး ကြားခဲ့လျှင် လျှိုမုန့်အား အလွန်သဘောကျစွာ တွေ့ဖြစ်ခဲ့ပေမည်။
သို့သော် လျှိုမုန့်နှင့် အရင်တွေ့၍ စကားပြောဆိုခဲ့သောကြောင့် ထူးဆန်းနေ၏။
“ဪ ကျွန်မတို့ စီးပွါးရေးကို ထောက်ပံ့ပေးနိုင်တယ်လို့လည်း ပြောသေးတယ်”
သူ လင်းချွမ်ကိုကြည့်ကာ ပြောလိုက်၏။
လင်းချွမ် အမူအရာပြောင်းသွားပြီး
“ဘယ်လို အထောက်အပံ့မျိုးလဲ”
“သူ့အဆက်အသွယ်တွေနဲ့ စတူဒီယို ၇၂၀ ကုမ္ပဏီကို မြန်မြန်တိုးတက်ပြီး လုပ်ငန်းတွေ ချဲ့နိုင်အောင် လုပ်ပေးနိုင်တယ်တဲ့”
ကျန်းမှ ပြန်ဖြေ၏။
ထိုအခါ လင်းချွမ် အခြေအနေကို အနည်းငယ် ရိပ်မိလာလေသည်။
သို့သော် ရှင်းရှင်းကို ထောက်ပံ့ချင်၍လား။ အခြား အကြံရှိနေလားတော့ မသိသေးပေ။
“ရှင်းရှင်း အမှန်တော့ မင်းအမေ မနက်ကပဲ ငါ့ကို လာရှာသေးတယ်”
ကျန်း အံ့ဩသွားကာ
“သူ ရှင့်ဆီ လာတွေ့သေးတာလား”
“ဟုတ်တယ်”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“သူက ကို့ကို သူ့လက်ထောက် လုပ်စေချင်တာ။ ဟွာရန်ကုမ္ပဏီရဲ့ ဟန်မြစ်အပိုင်းက အထွေထွေမန်နေဂျာ တာဝန်တွေ ခွဲယူစေချင်တာလေ”
“ကျွန်မဆီ အရင်မဟုတ်ဘဲ ရှင့်ဆီ ရောက်လာတာလား”
ကျန်း စိတ်ထဲတွင် ဗလာဖြစ်ကာ မှင်တက်နေ၏။
လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။
“သဘောတူလိုက်လား”
ကျန်း ဂရုတစိုက် မေးလေ၏။
လင်းချွမ် ချက်ချင်း လက်ယမ်းပြကာ
“ဘယ်လိုလုပ် အဲ့လောက်မြန်မြန် ဆုံးဖြတ်ချက် ချနိုင်မှာလဲ။ ဟွာရန်ကုမ္ပဏီအကြောင်းလည်း ဘာမှ မသိဘူး။ နောက်ပြီး ဒီလောက်ကိစ္စကြီးကို မင်းနဲ့အတူ ဆွေးနွေးရမှာပေါ့”
“သူပြောတာ လက်မခံနဲ့”
ကျန်း သက်ပြင်းချလျက်
“ကျွန်မ သူ မပြောင်းလဲသေးမှာ အကြောက်ဆုံးပဲ။ ရှင့်ကိုပါ သူနဲ့အတူ ဆွဲချသွားရင် ဒုက္ခရောက်လိမ့်မယ်”
လင်းချွမ် ကျန်းပါးလေးကိုကိုင်၍
“စိတ်မပူပါနဲ့။ လောင်းကစားရော၊ မူးယစ်ဆေးရော မစွဲတတ်ပါဘူး”
“မိန်းမရော”
လင်းချွမ် သူ့ကိုပြုံးကြည့်၍
“နတ်သမီးကို တွေ့ပြီးနေပြီပဲကို”
“သူဌေးက အီစီကလီတွေ အရမ်းပြောတတ်တာပဲ”
ကျန်း ရယ်မော၍ ပြောလိုက်၏။
သူ့ပုံစံလေးကိုကြည့်၍ လင်းချွမ် သက်ပြင်းချကာ
“ရှင်းရှင်း ကိုတွေ့သလောက်တော့ မင်းစိတ်ပူတာက မင်းအမေ ရုတ်တရက် လူကောင်းဖြစ်ပြီး လာရှာတာ မဟုတ်နေမှာကို စိုးတာမလား”
ကျန်း ခဏစဉ်းစား၍
“ဟုတ်ပါတယ်”
လျှိုမုန့် စိတ်ရင်းအမှန်ဖြစ်လျှင် ဤမျှ စိတ်ရှုပ်ထွေးရမည် မဟုတ်ပေ။
“ဒါဆို ကို့မိတ်ဆွေ ရဲတွေကို ဟွာရန်ကုမ္ပဏီက တရားဝင်လားလို့ မေးထားလိုက်မယ်”
လင်းချွမ် ပြုံး၍ ပြောလိုက်၏။
“ကောင်းတယ်။ ရှင်က အရမ်း အလိုက်သိတာပဲ”
ကျန်း ထိုအခါမှ ပြုံးရွှင်သွားတော့သည်။
“တစ်ခုခု ချက်ပေးမယ်နော်”