← Chapters

Chapter 52

Vol. 5 Ch. 52

Chapter 52

Vol. 5 Ch. 52

လီချင့်ဟွားက နိုင်ငံရေးရာဝန်ထမ်းနောက်သို့ လိုက်သွားဖူးသဖြင့် စကားတချို့ကို ကြားခဲ့ဖူးသည်။ သူမက ရဲဘော်ရှောင်ချင်းနှင့် တစ်ခုလပ်ရှေ့တန်းမဟာမိတ်ဖွဲ့နိုင်ပြီး တော်လှန်ရေးရဲဘော်ရဲဘက်တွေ ဖြစ်လာနိုင်လိမ့်မယ်လို့ ခံစားနေမိသည်။

“နင့်ယောက်ျားက တစ်ပတ်ကို နှစ်ခါ၊ သုံးခါပဲ ပြန်လာတာလား?”

လီချင့်ဟွားက နှုတ်မှလွှတ်ခနဲထွက်သွားကာ “အဲ့ဒါက တကယ်ကောင်းတာပဲ...”

သူမယောကျ်ားသည်လည်း ကမ်းခြေစစ်တပ်မှာပဲတာဝန်ကျသလို သူက မကြာခဏ အိမ်ပြန်လာတတ်သဖြင့် လီချင့်ဟွားမှာ အကြိမ်ရေနည်းနည်းပဲ အိမ်ပြန်လာရင်ကောင်းမယ်လို့ မျှော်လင့်နေခဲ့ပေသည်။ သူပြန်မလာသည့်အချိန်တိုင်း သူ့ဆီက မဆုံးနိုင်တဲ့အပြစ်တင်စကားတွေကို သူမ နားမထောင်ရသောကြောင့် ပို၍ပျော်ရွှင်ရလေ၏။

ချင်းရို့: “…”

တစ်ခုခုတော့ မှားနေပုံပဲနော်? !

လီချင့်ဟွားလည်း သူမ တစ်ခုခုမှားပြောလိုက်သည်ကို သတိထားမိသွားပုံရကာ သူမပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီးနောက် ချင်းရို့နဲ့ မဟာမိတ်ဖွဲ့ပြီးပြီဖြစ်သည့်အတွက် သူမရှေ့မှာ ဘာမှဖုံးကွယ်စရာမလိုတော့ဘူးလို့ တွေးမိသွားသည်။

“ရှောင်ချင်းရေ ငါ့ယောက်ျားက တခြားမိန်းမတစ်ယောက်အကြောင်း စဥ်းစားနေတာဟာ... ငါ ဘာတွေများ မျှော်လင့်နိုင်ဦးမှာတုန်း?”

“ငါ နင့်ကို ပြောပြမယ်နော်၊ တခြားသူတွေကို ပြန်မပြောနဲ့”

လီချင့်ဟွားသည် သူမခင်ပွန်းက တခြားမိသားစုရဲ့ ဇနီးကို အားကျနေပြီး ရှောင်ချင်း အိမ်နီးချင်း ဟွမ်ရင်းရင်းကို သဘောကျနေတာပဲဖြစ်ရမယ်လို့ သူမခံစားမိလေသည်။

ချင်းရို့: “…”

ဒါက ဖရဲသီးအကြီးကြီးပဲဟ! (ဖရဲသီး = အတင်းအဖျင်း)

သူမက ဒီကိုရောက်တာ ရက်နည်းနည်းပဲရှိသေးတာလေ၊ ဒီလိုဖရဲသီးတောင် စားနေရပြီလား!

“ဟုတ်ပါပြီ ဟုတ်ပါပြီ”

သို့ရာတွင် ချင်းရို့က ဒီလိုဖရဲသီးကို လုံးဝမစားချင်ပေ။ သူမက ဒီနေရာကို အခုမှရောက်လာရုံရှိသေးတာမို့ ဒီကအခြေအနေတွေကို နားမလည်သေးပါချေ။

ချင်းရို့က တခြားသူတွေရဲ့ မိသားစုအတွင်းရေးကို ထပ်မံမေးမြန်းရန် တွန့်ဆုတ်နေမိလျက်။

လီချင့်ဟွားသည် သူမယောက်ျားက ဘယ်သူ့ကို တကယ်ကြိုက်လဲဆိုတာ မပြောခဲ့သော်ငြား သူ့နှလုံးသားထဲမှာ ရှိနေတဲ့သူကတော့ သူမ မဟုတ်မှန်း ယုံကြည်နေမိ၏။

လီချင့်ဟွားလည်း သူမ၏ မဟာမိတ်ဖြစ်သူ ရှောင်ချင်းနှင့် ဆက်ဆံရေးကို တဖြည်းဖြည်းချင်း တည်ဆောက်ရမယ်ဆိုတာကိုလည်း သိထားသည်။ ရှောင်ချင်းဟာ သူမကဲ့သို့ ချုံကျိုးကျွန်းကို ချစ်မြတ်နိုးပြီး ကွာရှင်းပြီးသည့်နောက် ဤနေရာတွင် ဆက်နေလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေသည်။

ရှောင်ချင်းက လှပသလို ပညာတတ်အမျိုးသမီးတစ်ဦးဟန်ရှိလေ၏။ ကျွန်းပေါ်မှာ နေထိုင်ရန်နှင့် အနာဂတ်မှာ အလုပ်ရှာရန်အတွက် သူမဆီက အကြံဥာဏ်တစ်ချို့တောင် ရနိုင်ပါသေးသည်။

“ဒီအသီးလက်ဖက်ရည်က အရမ်းအရသာရှိတာပဲနော်!”

“နောက်တစ်ခါ နင် ငါ့အိမ်ကို လာလည်ရင် ငါ…”

လီချင့်ဟွားသည် သူမဆီ၌ တစ်ဖက်လူကို ဧည့်ခံဖို့ရာ ဘာမှမရှိကြောင်း သိလိုက်ရ၏။

“ငါ နင့်ကို ဆူးသီးစားဖို့ ဖိတ်မယ်နော်”

“ငါ အခုပဲ နင့်ကို ဖိတ်လိုက်တော့မယ်ဟာ! ငါအိမ်ပြန်ပြီး သွားယူလာခဲ့မယ်!”

လီချင့်ဟွားမှာ ပြောရင်းဆိုရင်းဖြင့် ပြေးထွက်သွားတော့သည်။

ခဏအကြာတွင် သူမက “အသီးကြီးကြီး”တစ်လုံးနဲ့ ပြန်ပြေးလာခဲ့ရာ ချင်းရို့တွေ့လိုက်ရသည်ကား သူမပြောလိုက်တဲ့ ဆူးသီးဆိုတာဟာ... ပိန္နဲသီးဖြစ်နေတာလားဟယ်?!!

လီချင့်ဟွားဟာ အလွန်ပျင်းရိသူဖြစ်ရာ သူမခြံကိုလည်း ဂရုစိုက်ခဲသလို ဘာမှလည်း မစိုက်ပျိုးခဲ့ပါချေ။ ဟိုးအစကတည်းက သူမခြံထဲမှာ ဤပိန္နဲသီးပင်တစ်ပင်သာ ကျန်ရှိလေ၏။

ပိန္နဲပင်မှာ အလွန်ထူးဆန်းလှသည်ပင်။ ယင်းအပင်ကို သူမလုံးဝဂရုစိုက်စရာမလိုပေ။ ရေလောင်းလိုက်ရုံဖြင့် သူ့ဘာသူ ကောင်းကောင်းကြီးထွားလာခဲ့ပြီး အသီးသီးလာလိမ့်မည်ဖြစ်သည်။

လီချင့်ဟွားက ချင်းရို့ကို လေးလေးနက်နက် ပြောလာခဲ့၏။

“ရှောင်ချင်းရေ နင်က အခုမှ ဒီရောက်တာဆိုတော့ နင်မသိလောက်ဘူး၊ ဒီကအပင်တွေက သူ့ဘာသူပေါက်ကြပြီးတော့ သီးချင်တဲ့အချိန်သီးတာဟယ်၊ ပြီးတော့ ဘယ်အချိန်မှည့်လာမလဲဆိုတာလည်း ဘယ်သူမှ ခန့်မှန်းလို့မရဘူး”

“မှည့်တဲ့အခါ ငါခူးလိုက်တာပဲ”

“သူက အရွက်တွေလည်းရှိတယ်၊ ဆောင်းဦးနဲ့ ဆောင်းရာသီမှာ အရွက်တွေက မဝါသွားသလို ကြွေလည်းမကြွေဘူးဟယ်၊ သူတို့ကြွေတဲ့အချိန်က မတ်လလောက်မှာပဲ အရွက်တွေကြွေတဲ့ပုံစံတောင် ငါမေ့တောင်နေလို့ သစ်ပင်ကို သွားလှုပ်နေရတာဟ!”

လီချင့်ဟွားရဲ့ စကားတွေက အရမ်းရယ်ရတာပဲ။

ချင်းရို့လည်း မသိလိုက်ဘဲ သူမနဲ့ အချိန်အတော်ကြာ စကားပြောမိသွားခဲ့သည်။ သူမကလေးသည်လည်း မူကြိုမှာ ကျောင်းတက်နေသည်ဖြစ်၍ နှစ်ယောက်သားအတူတူ ကလေးတွေကို သွားကြိုလိုက်ကြသည်။

ယနေ့သည် ကလေးတွေ ကျောင်းတက်ရသည့် ပထမဆုံးနေ့ဖြစ်၍ ချင်းရို့က မိဘတစ်ဦးအနေဖြင့် ကလေးနှစ်ယောက်ကို သူမကိုယ်တိုင် သွားကြိုရမယ်လို့ တွေးလိုက်မိသည်။ ဒါက အစဥ်အလာပါပဲလေ။

“ကောင်းသားပဲ၊ ငါတို့ အတူတူသွားကြတာပေါ့”

မည်သို့ပင်ဆိုစေကာမူ လီချင့်ဟွားလည်း တစ်နေ့လုံး ဘာမှလုပ်စရာမရှိသလို ချင်းရို့ပြောသမျှ သူမလိုက်လုပ်မည်ပင်။

လီချင့်ဟွားသည် အနှီချင်းမိန်းကလေးဟာ လှပပြီး ပေါင်းသင်းရလွယ်ကူတယ်လို့ တွေးနေမိလျက်။ သူမကို အေးတိအေးစက် မလှောင်ပြောင်သလို အရူးမလို့လည်း မခေါ်ခဲ့ဘူးလေ။

ရှောင်ချင်းနှင့် အတူရှိနေရတာက ကွာခြားလှပေသည် - သူမဟာ နွေဦးလေးညှင်းလေးလိုပါပဲ။

လီချင့်ဟွားလည်း စက်ဘီးတစ်စီးရှိသဖြင့် သူတို့နှစ်ယောက်အတူတူ ကလေးတွေကို သွားကြိုဖို့ မူကြိုဆီသို့ စက်ဘီးနင်းသွားလိုက်ကြသည်။

သူတို့ကလေးတွေက အတန်းအတူတူပဲလေ။

ချင်းရို့ အတန်းထဲရောက်သည့်အခါ မနက်တုန်းက ဆုံခဲ့ရတဲ့ ဆရာမ မရှိတော့သည်ကို သူမတွေ့လိုက်ရ၏။ ဆရာမကျိုးက အလုပ်ထုတ်ခံလိုက်ရသည်ဖြစ်ကြောင်း တခြားဆရာမတစ်ဦးဆီက ကြားခဲ့ရလေသည်။

ကျောင်းအုပ်ဝူမင်က မူကြိုဆရာမများ၏ အကျင့်စာရိတ္တကို ပြုပြင်လိုသောကြောင့် မျောက်ကိုခြောက်ရန် ကြက်များကို သတ်ပြသည့် နည်းလမ်းကို ရိုးရိုးလေး သုံးခဲ့ခြင်းသာ။ (တခြားသူတွေကို ခြောက်လန့်ဖို့ ဥပမာပေးလိုက်တာပါ)

လက်ရှိတွင် မူကြို၌ ပြဿနာများစွာရှိနေခဲ့သလို ဆရာမများကိုလည်း ထပ်မံခန့်အပ်ဖို့ လိုအပ်နေသေးသည့်အပြင် ဆရာမများဟာလည်း ဆက်လက်လေ့လာရန် လိုအပ်နေပါသေးသည်။

ချင်းရို့က ကျောင်းအုပ်ဝူမင်အကြောင်းကို နားထောင်ပြီးနောက် ဤမူကြိုနဲ့ ပတ်သက်ပြီး စိတ်သက်သာရာရသွားလေပြီ။ လက်ရှိအခြေအနေက ရိုးရှင်းလွန်းနေသော်ငြား ဘယ်ခေတ်ဘယ်အခါပဲဖြစ်ဖြစ် တာဝန်သိတတ်သူတွေ ရှိနေဆဲပင်။

သူမ အနည်းငယ် တုန်လှုပ်သွားရလျက်။ အကယ်၍ သူမ သတင်းကြေငြာသူအဖြစ် ဝင်ခွင့်မရခဲ့ပါက မူကြိုဆရာမဖြစ်လာနိုင်ပေမည်။

“ဒေါ်လေး!!”

“ဒေါ်လေး!!!!!”

ချင်းရို့မှာ ရှမင်ရှီးကို မြင်လိုက်သည်နှင့် မိုးခြိမ်းသံကဲ့သို့ “ဒေါ်လေး”ဆိုသည့် ခေါ်သံကို ကြားလိုက်ရ၏။ ထိုတင်မကသေးဘဲ ကလေးတွေစုဝေးနေကြရင်း “ဒေါ်လေး! ဒေါ်လေး! ဒေါ်လေး!” ဟူ၍ အတူတူ အော်ခေါ်နေကြပါသေးသည်။

All Chapters