← Chapters

Chapter 54

Vol. 5 Ch. 54

Chapter 54

Vol. 5 Ch. 54

လီချင့်ဟွားက မဟာမိတ်တစ်ဦး ရခဲ့ပြီဖြစ်၍ သူမဟာ တစ်ယောက်တည်းမဟုတ်တော့ဘဲ နောက်ခံရှိနေခဲ့လေပြီ။ ရှောင်ချင်းကလည်း လူကောင်းတစ်ယောက်ပင်။ သူမကို ချိုမြမြ အသီးလက်ဖက်ရည်ကို သောက်ဖို့ ဖိတ်ခေါ်ရုံသာမက ငါးကြော်ကိုတောင် ကျွေးခဲ့သေးသဖြင့် လီချင့်ဟွားမှာ အနာဂတ်အတွက်မျှော်လင့်ချက်ရှိသွားသည့်နှယ်။

နောက်ပိုင်း သူမ ကွာရှင်းသွားရင်တောင်မှ သူမဆီမှာ ညီအစ်မကောင်းတစ်ယောက် ရှိနေသေးသလို သူတို့နှစ်ယောက်လုံး အတူတူ ကွာရှင်းခဲ့ရပါလျှင်လည်း အချင်းချင်း ကူညီအားကိုးနိုင်ကြပါလိမ့်မည်။

ရှောင်ချင်းက နောက်ရက်အနည်းအကြာမှာ ငါးအတူတူ ဖမ်းကြဖို့ ခေါ်ထားပါသေးသည်။ အမှန်တကယ်တော့ လီချင့်ဟွားက ရေကြောက်သဖြင့် သူမ ကျွန်းကိုရောက်ကတည်းက ငါးဖမ်းမသွားခဲ့ဖူးပေ... ဒါပေမဲ့ ရှောင်ချင်းက ပင်လယ်သွားဖို့ သူမကို ဖိတ်ထားတာဆိုတော့ သူမ သဘောတူလိုက်ခြင်းပင်။

သူမက ရှောင်ချင်းနဲ့ ကောင်းကောင်း အဆင်ပြေချင်တယ်လေ!

ဒါမှ ကျွန်းက ထွက်သွားစရာမလိုဘဲနဲ့ ကွာရှင်းဖို့ တိုက်ပွဲဝင်နိုင်မယ်!

***

ဤနှစ်ရက်အတွင်းမှာ ဟွမ်ရင်းရင်းက ဘေးအိမ်မှ ချင်းရို့နဲ့ ခဏမျှသာ စကားပြောဆိုခဲ့သော်လည်း သူမရဲ့ လှုပ်ရှားမှုတွေကိုတော့ စောင့်ကြည့်နေခဲ့သည်။ အစပိုင်း၌ ချင်းရို့၏ စိတ်အားထက်သန်သော သဘောထားကြောင့် သူမ ထိတ်လန့်သွားခဲ့ရကာ သူမဟာ တကယ့်ကို ဝီရိယရှိသူတစ်ယောက်ပဲလို့ တွေးထင်ခဲ့ပါသည်။

သို့ရာတွင် ယခုတော့ ချင်းရို့ဟာ မိသားစုခြံဝင်းထဲမှာ အပျင်းရိဆုံးဇနီးနှင့် ဆက်သွယ်စကားပြောနေ၍ ဟွမ်ရင်းရင်းမှာ အလွန်စိတ်လှုပ်ရှားနေမိလျက်။ လုံ့လဝီရိယရှိတဲ့သူတစ်ယောက်ဟာ လီချင့်ဟွားလို ငပျင်းမနဲ့ ဘယ်လိုလုပ်ပြီး အဆက်အဆံရှိနိုင်မှာလဲနော်။

တကယ်ပဲ ရှောင်ချင်းဟာ နောက်ရက်တွေမှာ ပျင်းရိလာတာပဲ...

အဲ့ဒါက ‘ငါးထွက်မျှားတာက ၃ရက် ပိုက်ကွန်အခြောက်ခံနေတာက ၂ရက်’ ဆိုသလိုပါပဲ။

(ဇွဲမရှိတာကိုပြောတာပါ၊ တကယ်က ဟိုက အသဲကွဲရတော့မလားဘာလား စိတ်ညစ်နေရတာကို သူမသိ 🤣)

ဟွမ်ရင်းရင်း သူမစိတ်ထဲမှာ ပြုံးပျော်နေကာ ရှောင်ချင်းရဲ့ အခြေအနေကို သိရှိပြီးပြီဖြစ်သည်မို့ နောက်ရက်အနည်းငယ်မှာ သူမနဲ့ စကားစမြည်သွားပြောဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။

***

လုယန်သည်ကား သူ့ဇနီးလေးနဲ့ ခွဲနေခဲ့ရတဲ့ အချိန်တွေဟာ သူ့အတွက်တော့ တစ်နှစ်လောက်ကြာသွားပြီလို့ ခံစားနေခဲ့ရပြီ။ သူ့နေ့စဉ်အလုပ်ကလွဲလို့ တခြားအချိန်တွေမှာ သူ့ဇနီးလေးအကြောင်းကိုသာ တွေးနေမိလျက်။

အိပ်ရာမဝင်ခင် သူ့ဇနီးလေးကို သတိရနေမိကာ အိပ်မပျော်တော့ပေ။

ဟိုဘက်လှည့်လိုက် ဒီဘက်လှိမ့်လိုက် လုပ်နေရင်းမှ သူနောင်တရမိသည့်အရာတစ်ခုကတော့ သူနှင့်အတူတူ လက်ထပ်စာချုပ်ကို မယူလာမိခဲ့သည်ကိုပင်။ သူ့ဇနီးလေးရဲ့ ဓာတ်ပုံကို ကြည့်ချင်နေပြီကွာ။

သင်္ဘောပေါ်တွင် အရာရှိတစ်ဦးအနေဖြင့် လုယန်မှာ ကိုယ်ပိုင်အိပ်ဆောင်နှင့် ရုံးခန်းရှိလေသည်။ သို့ရာတွင် အခန်းတစ်ခန်းမှာ ကုတင်နှစ်လုံးနှင့် စားပွဲခုံနှစ်လုံးတို့ရှိသဖြင့် လူနှစ်ယောက်နေရလေ၏။

သူ့အခန်းဖော်မှာ မာမျိုးရိုးအမည်ရှိ အသက်ကြီးကြီးအရာရှိတစ်ဦးပင်။ လုယန်က ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီရာထူးကိုရသည့်အတွက် သူ အရမ်းကိုမနာလိုအားကျနေမိရသည်။

သူက သင်္ဘောပေါ်တွင် အလုပ်မလုပ်ချင်တော့သဖြင့် ကမ်းခြေအခြေစိုက်စခန်းဆီသို့ ပြောင်းရွှေ့ရန် အမြဲနည်းလမ်းရှာနေခဲ့လေ၏။ ထို့ကြောင့် တစ်နေ့တာလုံး ရာထူးဘယ်လိုတိုးအောင်လုပ်ပြီး ပြောင်းရွှေ့ရမလဲဆိုသည်ကိုပဲ အမြဲတွေးတောနေခဲ့သည်ပင်။

“လုယန် မင်းကတော့ နောက်ထပ် နှစ်နည်းနည်းလောက် အခက်အခဲတွေကို သည်းခံလိုက်ရင်တော့ နောင်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်ကွာ...”

မာပိုင်ကျွင်းဟာ သူ့အခန်းဖော်လုယန်နှင့် ဆက်ဆံရေးကောင်းကောင်း ရှိချင်ခဲ့သည်။ ဤလူငယ်လေးဟာ အရည်အချင်းရှိသလို အရာရာတိုင်းကို လုပ်ဆောင်နိုင်သည့်အပြင် အဓိကကတော့ သူကအသက်ငယ်ရွယ်တာပဲ၊ အဆင့်မြင့်ပညာရေး၊ အကောင်းဆုံးသော စွမ်းဆောင်ရည်၊ အင်္ဂလိပ်နှင့် တရုတ်ဘာသာစကား ကျွမ်းကျင်ခြင်းတို့ကြောင့် သူ့အနာဂတ်ဟာ တောက်ပနေပေလိမ့်မည်။

အကယ်၍ အနာဂတ်မှာ လုယန်က သူ့ကို ဂရုစိုက်ပေးနိုင်မယ်ဆိုရင် ကောင်းမှာပဲကွာ။ ဒါပေမဲ့ သူက လုယန်ထက် အသက်အများကြီး ကြီးသည်မို့ အသုံးမဝင်ပါဘူးလေ။

“လုယန်ရေ ငါသာ မင်းအသက်အရွယ်ဆိုရင်တော့ ...”

သူ့လေသံထဲတွင် လုယန်၏ ငယ်ရွယ်မှုနှင့် တောက်ပတဲ့အနာဂတ်ကို အားကျနေဟန်ဖြင့်။ အတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် သူက လုယန်အနာဂတ်ရဲ့ အခွင့်အလမ်းများနဲ့ ပတ်သက်ပြီး သူဘာတွေလုပ်သင့်သလဲ၊ ဘယ်လိုကြိုးစားသင့်သလဲဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာပြောပြနေခဲ့ပေသည်။

“ဒီဓာတ်ပုံထဲက ခင်ဗျားရဲ့ ဇနီးနဲ့ ကလေးလား?”

လုယန်က မာပိုင်ကျွင်းရဲ့ ဆန့်ကျင်ဘက်ကို ကြည့်လိုက်ရာ စားပွဲပေါ်ရှိ မိသားစုဓာတ်ပုံကို တွေ့လိုက်ရသဖြင့် အားကျနေမိလျက်။ သူ့စားပွဲပေါ်မှာတော့ စာရွက်စာတန်းတွေကလွဲပြီး ဘာမှရှိမနေဘူးကွာ။

သူ့ဆီမှာ သူ့ဇနီးလေးဓာတ်ပုံတောင် မရှိဘူး။

ကွမ်ချန်၌ ကင်မရာတစ်လုံးဝယ်ခဲ့ပြီး ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့ပေမယ့် အချိန်နည်းလွန်းသဖြင့် ဖလင်မပြီးသေးသလို သူ့မှာလည်း ဓာတ်ပုံထုတ်ဖို့ အချိန်မရှိခဲ့ပေ။

သူ့ဇနီးလေးရဲ့ ဓာတ်ပုံကိုတောင် မတွေ့နိုင်ဘူးကွာ... အရမ်းခက်ခဲတာပဲ...

“ငါမင်းကိုပြောပြပါဦးမယ် မနှစ်က ကျန်း...”

မာပိုင်ကျွင်းက သူ့မိသားစုအကြောင်းပြောဖို့ စိတ်မဝင်စားဘဲ အကြောင်းအရာပြောင်းကာ ဟိုဟိုဒီဒီအဖြစ်အပျက်တွေကိုသာ ဆက်ပြောနေခဲ့လေသည်။

သူ့စားပွဲပေါ်ရှိ ဓာတ်ပုံတွေက ဖုန်တက်နေသလို မှုန်ဝါးနေသဖြင့် ပုံထဲက မျက်နှာတွေကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၎င်းတို့ကို သုတ်ပေးမယ့်သူ မရှိရှာပါချေ။

“ခင်ဗျား အိမ်ထောင်သက် ဘယ်လောက်ကြာပြီလဲ?”

“အိမ်ထောင်ရေးလား? လူတွေက အသက်ကြီးလာတဲ့အခါ လက်ထပ်ကြတာပဲလေ၊ မနှစ်ကဆို တာ့ကျိုးအဖွဲ့က ရှောင်ဝမ် ကွာရှင်းလိုက်ပြီးတော့ နောက်ပိုင်းမှာ ပြောင်းရွှေ့သွားတယ်...”

လုယန်: “…”

လုယန်က ဘေးအိမ်က ခေါင်းဆောင်ကျန်းကို သတိရနေသလို လောင်ဝမ်ကိုလည်းသတိရနေခဲ့ပေသည်။

ဝမ်ယွမ်ကျန်း ကုန်းပတ်ပေါ်တွင် ရပ်နေလျက်။

ဗျိုင်းက အော်ဟစ်မြည်တမ်းနေရင်း ပျံသန်းနေရင်း တောက်ပတဲ့ နေရောင်ခြည်မှာလည်း ပင်လယ်ရေမျက်နှာပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်နေပုံပေါ်သလိုပင်၊ အဝါရောင်သဲတွေကလည်း ရွှေကဲ့သို့ တောက်ပြောင်နေပြီး ကျွန်းဟာ သူ့ထံမှ ပို၍ဝေးကွာလာသည့်အလား။

ဝမ်ယွမ်ကျန်းသည် လုယန်ထက်အရင် ချုံကျိုးကျွန်းဆီ ရောက်ခဲ့သည်ပင်။ သူ ရောက်ပြီးနောက် တာဝန်တစ်ခုအတွက် ကျီကျိုးကျွန်းကို သွားရန် စီစဥ်ခဲ့ရကာ ယနေ့မှ စစ်တပ်အခြေစိုက်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

ညပိုင်းမှာ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ရမည်ဖြစ်သလို ထိုသူငယ်ချင်းမှာ သူ့ရဲဘော်ရဲဘက် သူငယ်ချင်းဖြစ်တဲ့ လုယန်ကလွဲပြီး တစ်ခြားသူမဟုတ်ပါချေ။

သူ့ရဲဘော်ရဲဘက် ရှောင်လုဟာ သူ့ရဲ့အသစ်စက်စက်ဇနီးလေးကို မိုင်၃၀၀၀ကွာဝေးသော ချုံကျိုးကျွန်းဆီသို့ တကယ်ပဲ ခေါ်လာခဲ့ကာ မိသားစုခြံဝင်းမှာ အခြေချနေခဲ့လေပြီ။

သူ့နှလုံးသားမှာ အနည်းငယ် လေးလံနေခဲ့၏။

အမှန်တကယ်မှာတော့ ဝမ်ယွမ်ကျန်းက လုယန်တစ်ယောက် အခက်တွေ့နေရတာကို မြင်ချင်မိသလို၊ ဒီလိုငရုတ်သီးဇနီးလေးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ဘယ်လောက်တောင် ဒေါသထွက်နေရမလဲဆိုတာကို မြင်ချင်နေမိသည်။

ထို့အပြင် ချုံကျိုးကျွန်းကို သူရောက်တဲ့အခါ မထင်မှတ်ပဲ နောက်ထပ်အရာတစ်ခုကို သိလိုက်ရလေသည်။

All Chapters