← Chapters

Chapter 55

Vol. 5 Ch. 55

Chapter 55

Vol. 5 Ch. 55

ထို့အပြင် ချုံကျိုးကျွန်းကို သူရောက်တဲ့အခါ မထင်မှတ်ပဲ နောက်ထပ်အရာတစ်ခုကို သိလိုက်ရလေသည်။

ဝမ်ယွမ်ကျန်းက လုယန်ကို သိတဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရာ ထိုလူဟာ လုယန်နဲ့ ကောလိပ်တူ ကျိုးဝေပင်။ ကျိုးဝေသည် လုယန်က ချင်းရို့နဲ့ လက်ထပ်လိုက်ပြီလို့ ကြားခဲ့ရတုန်းက ရှော့ခ်ရသွားခဲ့ကာ ဤသို့ဆိုလာခဲ့သည်။

“ချင်းရို့? ထန်ရို့က အစောထဲက အိမ်ထောင်ကျပြီးသားမဟုတ်ဘူးလား?”

“သူမက ကျောက်ကျန်းဟုန်ကို ကွာရှင်းပြီးတော့ လုယန်နဲ့ လက်ထပ်လိုက်တာလား? သူတို့ တကယ်ကြီး အဲ့လိုလုပ်ခဲ့တယ်ပေါ့လေ၊ အဲ့ဒါကြောင့် လောင်ကျောက်လက်ထပ်တုန်းက လုယန်မလာခဲ့တာ အံ့သြစရာမရှိတော့ပါဘူးကွာ၊ ပရိယာယ်တွေပဲ...”

တစ်ချိန်တည်းမှာပင် ဝမ်ယွမ်ကျန်း အံ့အားသင့်သွားရကာ “မင်းဘာပြောလိုက်တာလဲ?”

“ဘယ်ချင်းရို့ကိုပြောတာတုန်းကွ? အဲ့ဒီငရုတ်သီးမလေးကိုလား? သူမက တစ်ခါမှ မကွာရှင်းရသေးပါဘူး”

သူမက မိထွေးဖြစ်ခါနီးလေး ဖြစ်သွားရုံလေးပါကွာ...

ထိုလူလည်း အံ့အားသင့်သွားစွာ ပြန်ပြောလိုက်သည်။

“မင်းက ဘယ်ရို့အကြောင်း ပြောနေတာလဲ?”

...

လုယန်မှာ ထန်ရို့လို့ခေါ်တဲ့ သူနဲ့အတူ ကြီးပျင်းလာတဲ့ ဇီးသီးစိမ်းလေး(ငယ်သူငယ်ချင်း)တစ်ယောက်ရှိမှန်း ဝမ်ယွမ်ကျန်းသာ သိထားလေ၏။ ထန်ရို့က လုယန်ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လက်ထပ်ခဲ့ခြင်းပင်။ ထိုသူငယ်ချင်းက သူ့မင်္ဂလာဆောင်ကို လုယန်အား ဖိတ်ခဲ့ပေမယ့် သူက မသွားခဲ့သလို နှစ်ယောက်သားလည်း အဲ့ဒီကတည်းက အဆက်အသွယ်မရှိကြတော့ပေ။

ဝမ်ယွမ်ကျန်းရဲ့ မျက်နှာမှာ ထူးဆန်းနေမိလျက်။ ညီအကိုကောင်းနှစ်ယောက်က မိန်းမတစ်ယောက်အတွက်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တဲ့ပုံပေါ်နေရတာလဲ...

- သူပဲ အတွေးလွန်နေမိတာများလား?

ယခုအချိန်တွင် လုယန်က တခြားချင်းရို့ကို လက်ထပ်လိုက်ပြီဖြစ်၏။ ဒါဟာ သူ့သူငယ်ချင်းရဲ့ ရှိုးတစ်ခုပဲလား? နည်းနည်းတော့ တိုက်ဆိုင်လွန်းနေတယ် မဟုတ်ဘူးလားဟေ?

“သူက ချင်းရို့လို့ခေါ်တဲ့တစ်ယောက်နဲ့ တကယ်ပဲ လက်ထပ်ခဲ့တာလား? ချင်း? ချင်းရှီဟွမ်ရဲ့ ချင်းလား?”

ဝမ်ယွမ်ကျန်း: “...”

ချင်းရှီဟွမ်လား? (T/N: ချင်မင်းဆက်၏ တည်ထောင်သူပါ)

“အဲ့ဒီချင်းရို့ကို သူသိတာ ဘယ်လောက်ကြာပြီလဲ? သူတို့အိမ်ထောင်ကျတာရော ဘယ်လောက်ကြာပြီလဲ?”

...

ဤကိစ္စဟာ ရိုးရှင်းလွန်းသည်မဟုတ်ပေ။ ဝမ်ယွမ်ကျန်းလည်း အခြေအနေတွေကို တိတိကျကျမသိသဖြင့် အခိုင်အမာပြောဆိုရန် မလွယ်ကူပါချေ။ သူ လုယန်နဲ့ ရှိနေတုန်းကတော့ ဒီကောင်က ချင်းရို့ကြောင့် စိတ်လှုပ်ရှားသွားပြီဆိုတာတော့ သိသာနေလေရဲ့။

ဒါပေမယ့် ထန်ရို့နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုရှိနေမလားဆိုတာတော့ သူလည်းမသိဘူးလေ။

အကယ်၍ ဘာကိစ္စမှမရှိရင် ဘာလို့ သူ့ညီအစ်ကိုကောင်းရဲ့ မင်္ဂလာဆောင်ကို မသွားဘဲ အဆက်အသွယ်ဖြတ်ခဲ့ရတာလဲ?

မူလက ဤကိစ္စရဲ့ အမှန်တရားဟာ ဝမ်ယွမ်ကျန်းနှင့် ဘာမှမဆိုင်သော်ငြား သူက ရိုးသားဖြောင့်မတ်သူဖြစ်၍ ရှောင်းမာနဲ့ ဒိတ်တုန်းကလိုပဲ ပွင့်ပွင့်လင်းလင်းရှိကာ သူမဆီက ဘာမှဖုံးကွယ်မထားခဲ့ပါချေ။ ချုံကျိုးကျွန်းရဲ့ အခြေအနေက ဘယ်လိုရှိသလဲ၊ အိမ်ထောင်ပြုပြီးရင် အနာဂတ်မှာ ဘာလုပ်ကြမလဲ ဆိုတာတွေကို သူမအား တစ်ချက်ချင်းပြောပြခဲ့ပါသေးသည်။

ဝမ်ယွမ်ကျန်း အကြိမ်ကြိမ် ရုန်းကန်ခဲ့ရပြီးနောက် နောက်ကျ လုယန်အိမ်မှာ ညစာလိုက်စားဖို့ ဆုံးဖြတ်ကာ ချင်းရို့အရှေ့မှာပဲ လုယန်ကို ထန်ရို့အကြောင်းမေးလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

အကယ်၍ ဒါဟာ နားလည်မှုလွဲတာဆိုရင် ဒီနားလည်မှုလွဲတာကို ဖြေရှင်းလိုက်တာက အကောင်းဆုံးပဲပေါ့၊ အကယ်၍များ နောက်ကွယ်မှာ အမှန်တကယ်ပြဿနာရှိနေခဲ့ရင် လုယန်က သူ့မိန်းမအား ဒီကိစ္စတွေအားလုံးကို အကျိုးသင့်အကြောင်းသင့် ပြောပြထားသင့်တယ်လေ။

မဟုတ်ပါက နောင်မှာ တခြားနေရာတွေကတစ်ဆင့် ဒီလိုကောလဟာလတွေကို သူ့မိန်းမကြားသွားခဲ့ရင် သူမပျော်လိမ့်မှာမဟုတ်ဘူး။

ဒီအရာတွေကို ဖုံးကွယ်မထားသင့်ဘူးလေ။

ဝမ်ယွမ်ကျန်း ဤဆုံးဖြတ်ချက်ကို ချလိုက်ပြီးနောက် သူက အခြားလူတွေရဲ့ မိသားစုကို ဖျက်ဆီးမိတော့မလိုမျိုး ခံစားလိုက်ရသဖြင့် လွန်စွာအပြစ်ရှိသလို ခံစားမိခဲ့ရသည်။

သူက လုယန်ရဲ့ အိမ်ထောင်ရေး အခက်တွေ့မှာကို တွေ့ချင်တယ်လို့ အမြဲပြောနေခဲ့သော်လည်း သူ့သူငယ်ချင်းအတွက် ပျော်မိနေဆဲပင်။ သူတို့နှစ်ယောက် လက်ထပ်ပြီးသည့်အခါ အိမ်ထောင်ရေးကောင်းတစ်ခုဖြစ်စေချင်ခဲ့ပေသည်။

ဝမ်ယွမ်ကျန်းက သူ့ပစ္စည်းတွေနဲ့ သင်္ဘောပေါ်ကနေဆင်းလာပြီး မကြာခင်မှာပဲ လုယန်ကို တွေ့လိုက်ရလေသည်။

ထိုလူက သူ့ခေါင်းပေါ်ရှိ စစ်ဦးထုပ်ပေါ်တွင် တောက်ပနေသည့် အနီရောင်ကြယ်တစ်ပွင့်နှင့်အတူ နှင်းဖြူရောင်စစ်ယူနီဖောင်းကို ၀တ်ဆင်ထားပြီး ကမ်းစပ်တွင် ရပ်နေခဲ့၏။ တိမ်တိုက်တွေကလည်း ရွှေအပိုင်းအစများကဲ့သို့ ပင်လယ်ရေမျက်နှာပြင်ပေါ် ပျံ့ကျဲထင်ဟပ်နေပြီး သူ့အနောက်မှာ ပင်လယ်ငှက်တွေ ပျံဝဲနေကာ ပင်လယ်လေညှင်းကလည်း သူ့အင်္ကျီကို ညင်သာစွာ တိုက်ခတ်နေလျက်။ သူ့၏ ချောမောလှသည့် မျက်နှာလေးမှာ နေဝင်ချိန်တွင် ပိုလို့တောင် တောက်ပနေသည့်အလား။

ဝမ်ယွမ်ကျန်း လုယန်ကို တွေ့သည့်အခါ ခဏမျှ ကြောင်အသွားရလေသည်။

လုယန်ရဲ့ပုံစံ ပြောင်းလဲသွားတာ အသေအချာပင်။ အရင်က သူတို့ ကျောင်းတက်တုန်းကဆို သူတို့က နေ့ရောညပါ အတူတူရှိခဲ့ကြတာပဲလေ။ ရဲဘော်ရှောင်လု ဘယ်လောက်ကြမ်းတမ်းသလဲဆိုတာ သူသိတာပေါ့။

-အိမ်ထောင်သည်တွေက ကွဲပြားသွားတာပဲကွာ။

ချစ်စိတ်ပြင်းပြနေတဲ့ ရနံ့လေးပဲဟ။

လုယန်က သူ့ကိုမြင်သည်နဲ့ စိတ်အားထက်သန်စွာဖြင့် အော်ခေါ်လိုက်သည်။

"လောင်ဝမ်!"

လုယန်က သူ့ကို အရမ်းသတိရနေခဲ့သည်။ လောင်ဝမ်ကို ရဲဘော်လောင်မာနှင့် နှိုင်းယှဥ်ကြည့်ပြီးနောက် လောဝမ်နဲ့ နေရတာ ပိုပျော်ဖို့ကောင်းမှန်း သိသွားရပြီမို့ ဒီကောင့်ကို အင်မတန် သတိရနေမိခဲ့သည်ပင်။ ကျောင်းတက်တုန်းကဆို နေ့တိုင်း ဒီလူက မိန်းမယူမယ့်အကြောင်း၊ ချိန်းတွေ့မယ့်အကြောင်းတွေချည်း ပြောနေတတ်တယ်လေ။

အခုဆို သူ့မှာ လောင်ဝမ့်ကို ပြောပြချင်တဲ့ စကားတွေ အများကြီးရှိနေပြီ။

တစ်ဖက်လူက အရမ်းစိတ်အားထက်သန်လွန်းနေတာကြောင့် ဝမ်ယွမ်ကျန်းမှာ နှလုံးခုန်သံမြန်သွားရလျက် “...”

ဘာလဲဟ! ဒီကောင်က သူ့ကို ကြွားချင်လွန်းလို့ လိုက်ရှာနေတာပဲဖြစ်ရမယ်။

ဝမ်ယွမ်ကျန်းလည်း သူ့ကို စိတ်ရှုပ်စွာ စိုက်ကြည့်ကာ ပြောလိုက်၏

“မင်းရဲ့ဒီလိုပုံစံက... ဂုဏ်သရေရှိတဲ့ပုံစံက ဘယ်ရောက်သွားရတာလဲကွာ”

လုယန်က စိတ်ကောင်းဝင်နေသဖြင့် သူပြောလိုက်တာကို ဂရုမစိုက်ပါချေ။ သူက ဝမ်ယွမ်ကျန်း ပုခုံးပေါ်ကို လက်တင်လိုက်ပြီး

“လောင်ဝမ် မင်းက အတော်လေးအမြော်အမြင်ရှိတာပဲကွာ ငါ့ကောင်ရ.. ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျောင်းမှာ ငါက တကယ်ပဲ အလံတင်ပေးခဲ့ရတယ်လေ၊ ပြီးတော့ အခု ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းထဲက ကြော်ငြာသင်ပုန်းပေါ်မှာ ငါ့ဓာတ်ပုံက ကျောင်းရဲ့ မျက်နှာဖုံးအဖြစ် ရှိနေတယ်ဆိုပဲကွ”

ထိုလူဟာ စကားပြောစက်ကို ဖွင့်လိုက်သည့်အလား မရပ်တန့်နိုင်တော့ပေ။

“လောင်ဝမ် ငါမင်းကိုပြောပါဦးမယ်၊ အဲ့ဒီမိသားစုက...”

All Chapters