Chapter 56
Vol. 5 Ch. 56
ထိုလူဟာ စကားပြောစက်ကို ဖွင့်လိုက်သည့်အလား မရပ်တန့်နိုင်တော့ပေ။
“လောင်ဝမ် ငါမင်းကိုပြောပါဦးမယ်၊ အဲ့ဒီမိသားစုက...”
“ငါ့မိန်းမက ဖက်ထုပ်လုပ်နည်းကို မသိသလို ဘေးအိမ်က လောင်ကျန်းရဲ့ ဇနီးကလည်း မသိဘူးဆိုပဲ...”
“အနာဂတ်မှာ မင်းမိသားစုအိမ်ဆီ ပြောင်းလာရင် မင်း သေချာပေါက် မှတ်ထားရမယ်...”
“ငါ့မိန်းမက ခြံထဲမှာ ပန်းစင်တစ်ခု ဆောက်ချင်တယ်တဲ့...”
ဝမ်ယွမ်ကျန်း: “…”
သူတို့မတွေ့ရတာလည်း အဲ့လောက်မကြာသေးပဲနဲ့ ဘာလို့များ ရဲဘော်လုယန်က ဒီလောက်စကားတွေများနေတာတုန်းဟ?
လုယန်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲလို့ သူတော့ သံသယရှိနေပါပြီ။
ဒါပေမယ့် ဒီကောင်မျက်နှာမှာတော့ “စစ်မှန်ရိုးသားတယ်”ဆိုတဲ့ စကားလုံးက ရေးထားသလိုမျိုးပင်။ သူက သူ့မိန်းမအကြောင်း ဆက်ပြောနေဆဲ။
“ငါ့အိမ်ကို သွားကြမယ်လေ”
လုယန်က အများကြီးပြောပြီးသည်နှင့် နောက်ဆုံးတွင်မူ စိတ်သက်သာရာရသွားလေပြီ။
လုယန် စကားပြောပြီးသွားသည့်အခါ သက်ပြင်းချလိုက်ရင်း “လောင်ဝမ်ရေ မင်းနဲ့အခန်းအတူတူသုံးခဲ့ရတဲ့ နေ့ရက်တွေဆီ တကယ်ပဲ ပြန်သွားချင်လိုက်တာကွာ”
ဝမ်ယွမ်ကျန်း: “မင်း ဒီလိုစကားမျိုး ပြောနိုင်တယ်လားကွ?”
“ဘာလို့မပြောနိုင်ရမှာလဲကွာ? ငါ တကယ်ပဲ လွမ်းနေမိတာ...”
ဝမ်ယွမ်ကျန်း: “…”
သူပြန်လာတုန်းက သူ့ဆုံးဖြတ်ချက်ကို ပြန်တွေးမိသွားသည့်အချိန်တွင် ဝမ်ယွမ်ကျန်းက ပထမတော့ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရပေမယ့် အခုတော့ လုံးလုံးပျောက်ကွယ်သွားပါပြီနော်။
လောင်ဝမ်က သူ့ကိုယ်သူ တွေးနေမိလျက် - သူကတော့ လူသားမဟုတ်ပေမယ့်လည်း လောင်လုကတော့ ခွေးကောင်ပဲဟေ့!
***
ဝမ်ယွမ်ကျန်း အခြားတစ်ယောက်ရဲ့ အိမ်မှာ ဧည့်သည်သွားလုပ်သည်မို့ လက်ဆောင်တစ်ချို့ ယူသွားလိုက်သည်။ သူ လက်ချည်းသက်သက်သွားလို့မရဘူးလေ။
ပြီးတော့ ဒီကျွန်းမှာကလည်း တခြားပစ္စည်းတွေကို မဝယ်နိုင်သည့်အတွက် သူဝယ်လာခဲ့သော ကျီကျိုးကျွန်းရဲ့ အထူးထုတ်ကုန်ဖြစ်တဲ့ ဝိုင်တစ်ပုလင်းအပြင် အေးခဲထားတဲ့ ပင်လယ်ငါးတွေနဲ့ ကျွန်းမှ အခုလေးတင် ခူးလာခဲ့တဲ့ သရက်သီးကြီးတွေကို ယူသွားခဲ့လေသည်။
ပြောစရာမလိုအောင်ပင် အသီးတွေက တကယ်ချိုလှသည်။ ဝမ်ယွမ်ကျန်း ယခင်က ဒီအသီးတွေကို တစ်ခါမှ မစားဖူးသေးပေမယ့် အခုတော့ သူ စွဲလမ်းနေမိပြီ။
လုယန်က သူ့လက်ထဲမှ အိတ်ကြီးကို ယူလိုက်ပြီး ယဥ်ကျေးစွာပြောလာခဲ့သည်။
“မင်း ရောက်လာပြီပဲ ဘာလို့ ဒါတွေ ယူလာတာတုန်းကွာ၊ ငါတို့က သူငယ်ချင်းတွေပဲလေ ယဥ်ကျေးနေစရာမလိုပါဘူးကွာ!”
“ငါ မင်းနဲ့ မရင်းနှီးပါဘူးနော်”
“လောင်ဝမ် မင်းက တကယ်ပဲ နှလုံးသားမဲ့လိုက်တာ”
…
လုယန်က သူနှင့်အတူ ခြံထဲဝင်လာခဲ့သည်။ သုံးရက်ကြာသွားပြီးနောက် ခြံဝင်းဟာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ။ သူ့မိန်းမ စိုက်ပျိုးထားပြီးဖြစ်တဲ့ အစိမ်းရောင်ပျိုးပင်အနည်းငယ်ကို တွေ့လိုက်ရ၏။ လုယန်က အိမ်ထဲက မီးရောင်ကို ကြည့်မိရင်း နွေးထွေးလိုက်တာလို့ သူ့ဘာသူ တွေးနေမိလျက်။
“ဒါတွေက ငါ့မိန်းမစိုက်ထားတာတွေလေ”
ဝမ်ယွမ်ကျန်း ရယ်မောလိုက်လေ၏။ ဒါက ပြောစရာတောင်မလိုဘူးလေ။ သူ့မိန်းမစိုက်ထားတယ်ဆိုတာကို ဘယ်သူက မသိလို့တုန်း။ သူမ မဟုတ်ရင် စိုက်ပျိုးမယ့်သူ ဘယ်သူရှိသေးလို့လဲဟ?
ဝမ်ယွမ်ကျန်း အနီးကပ်ကြည့်လိုက်တော့မှပဲ - အိုး မဟုတ်သေးဘူးကွ! ဒါတွေက သူ့မွေးရပ်မြေမှာ မြင်ဖူးတဲ့ အဝါရောင်ငရုတ်သီးပျိုးပင် မဟုတ်ဘူးလား? သူလည်း အဲ့ဒီအရသာကို နည်းနည်းမြည်းကြည့်ဖူးတယ်လေ... ဒါပေမဲ့ အရသာက......
ထိုအရသာကို ပြန်တွေးမိရင်း ဝမ်ယွမ်ကျန်းမှာ အသက်ပြင်းပြင်းရှူလိုက်မိ၏။
- အဲ့ဒီလောက် စပ်တဲ့ ငရုတ်သီးမျိုး သူ တစ်ခါမှမစားခဲ့ဖူးဘူး!!!
ဝမ်ယွမ်ကျန်းသည် ကလေးဘဝမှ အရွယ်ရောက်သည်အထိ ငရုတ်သီးကို စားခဲ့သူဖြစ်၍ ငရုတ်သီးသုပ်ကို စားပြီးတာတောင်မှ မျက်နှာအရောင်မပြောင်းသူ ဖြစ်ပေမယ့် ဒီအဝါရောင်ငရုတ်သီးကိုတော့ သူအရှုံးပေးခဲ့ရပါသည်။
တစ်ခါတုန်းက ဝမ်ယွမ်ကျန်းက အရသာပေါ့နေသလို ခံစားရ၍ ငရုတ်သီးနည်းနည်း ထည့်ချင်ခဲ့ရာ သူ့မိတ်ဆွေက ပြုံးပြကာ ငရုတ်ဆော့စ်ကို ထုတ်ပေးရင်း ဒီအဝါရောင်ငရုတ်သီးက အရမ်းစပ်တယ်လို့ ပြောခဲ့ပေမယ့် သူမယုံဘဲ စွပ်ပြုတ်ထဲ ထည့်လိုက်သည်။
ဘယ်လောက်များစပ်နိုင်မှာမို့လဲ?
ချုံကျိုးကျွန်းမှ ဒီမိတ်ဆွေဟာ သူ့ကို အထင်သေးတယ်လို့ ထင်မိသွားတာကြောင့် အလုပ်ခပ်ကြီးကြီး စားလိုက်သေးသည်။
အဲ့ဒီအရသာက သူ့ကို ကောင်းကင်ဆီ တက်သွားစေလုနီးပါးပဲကွာ။
သူ့မျက်နှာမှာ အပြုံးဆက်ထိန်းထားကာ “ငါတကယ် မထင်ထားဘူး-- ဟစ်--“
“တကယ်! အရမ်း! စပ်တာပဲကွ!”
ဒီကောင်က သူ့မိန်းမနဲ့အတူ ပြောင်းရွှေ့လာတာ ရက်နည်းနည်းပဲရှိသေးတာကို၊ ခြံထဲမှာ သူ့မိန်းမ ပထမဆုံးစိုက်ပျိုးတဲ့အပင်က ငရုတ်ပင်တွေတဲ့၊ တကယ့်ကိုပဲ ဒေါသကြီးတဲ့ မိန်းကလေးလို့ ခေါ်ထိုက်ပါတယ်ကွာ။
ချင်းရို့က လုယန် ပြန်ခေါ်လာတဲ့ သူငယ်ချင်းကို တွေ့လိုက်ရလေပြီ။
ထိုလူက လုယန်ကဲ့သို့ အဖြူရောင်စစ်ယူနီဖောင်းကို ၀တ်ဆင်ထားကာ လေးနက်မှုရှိမနေဘဲ ဖီးနစ်မျက်လုံးတစ်စုံနှင့် အလွန်နူးညံ့ပုံပေါ်သဖြင့် သူမရဲ့ ခဲအိုချန်မျန့်နဲ့ နည်းနည်း ဆင်လေသည်။
“ဇနီးလေးရေ သူက ကိုယ့်ရဲ့ ရဲဘော်ရဲဘက် ဝမ်ယွမ်ကျန်း၊ သူ့ကို လောင်ဝမ်လို့ ခေါ်လို့ရတယ်”
“မင်္ဂလာပါ ရဲဘော်ဝမ်”
“မင်္ဂလာပါဗျာ”
ယနေ့ ချင်းရို့က ဧည့်သည်ကြိုဆိုဧည့်ခံရမည်ဖြစ်သောကြောင့် အပြာနုရောင်အဝကျယ်ကျယ်ဘောင်းဘီရှည်နှင့် အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထား၏။ အဝတ်အစားများမှာ ကွမ်ချန်မြို့ရှိ အပ်ချုပ်သမားတို့၏ လက်ရာဖြစ်သလို စတိုင်သည်လည်း ရိုးရှင်းပြီး ကြော့ရှင်းလှသည်။
သူမဆံပင်အားလုံးကို ခေါင်းအနောက်ဘက်သို့ လျော့လျော့ရဲရဲစီးထားရာ ချောမောလှပသည့်မျက်နှာလေးကို ပေါ်လွင်စေနေပြီး သူမနားရွက်တစ်ဝိုက်တွင် ဆံပင်နည်းနည်းကျနေသဖြင့် သူမကို ပိုမိုနူးညံ့နေပုံပေါ်စေသည်။
“ဝင်လာပြီး ထိုင်ပါဦး၊ ကျွန်မ ဟင်းပွဲတွေ ယူလာခဲ့မယ်”
ချင်းရို့ ဟင်းလျာတွေကို အချိန်မီ ချက်ပြုတ်ပြီးသားဖြစ်ရာ လုယန်က သူမကို ဟင်းပွဲတွေ စားပွဲပေါ်တင်ဖို့ ကူညီပေးခဲ့သည်။
ချင်းရို့က ဟင်းလျာ ၈မျိုး၊ ၉မျိုးခန့် ပြင်ဆင်ထားခဲ့၏။ *Shrimp cake၊ ငါးအသားကင်ကြော်၊ ဂုံးကြော်၊ ပုစွန်ပြုတ်၊ ခရုပေါင်း၊ ပုစွန်ပေါင်း၊ ပဲပင်ပေါက်ကြော်၊ ပုစွန်တို့ဟူးဟင်းချို နှင့် မုန်လာဥချိုချဥ်တစ်အိုးတို့ပင်။
(*shrimp cake = ပုစွန်ကို အာလူးတို့ဘာတို့နဲ့ ရောကြိတ်ထားပြီး ကြော်ထားတာမျိုးပါ။)
အရောင်အဆင်းရော မွှေးရနံ့ပါ အရမ်းကောင်းနေသည်ကို မြင်နိုင်သဖြင့် အရသာရှိမယ်ဆိုတာ ကျိန်းသေပင်။ သို့သော် ချင်းရို့ကတော့ မုန်လာဥချိုချဥ်ဟင်းကိုသာ အကြိုက်ဆုံးပင်။
တခြားသူတွေအတွက်ကတော့... ပြောရခက်လှသည်။
သူမဗိုက်လည်း သံစုံမြည်နေပြီး လူတွေက မျက်ရည်တွေနဲ့ ခရုတွေ၊ ကဏန်းကြီးတွေကို ဘာကြောင့်စားကြသလဲဆိုတာ ချင်းရို့ နားလည်နိုင်သွားပါပြီ။
ပင်လယ်စာ အလွန်အကျွံစားခြင်းဟာလည်း စိုးရိမ်စရာပင်။
မုန်လာဥချိုချဥ်ဟာဆိုရင်တော့ဖြင့် သူမအကြိုက်နဲ့ ကွက်တိဖြစ်နေလျက်။ ချုံကျိုးကျွန်းရှိ ပြည်တွင်းထုတ် မုန်လာဥသေးသေးလေးများကို အသုံးပြုထားလေသည်။
မုန်လာဥတွေက သေးငယ်ပြီး အရည်ရွှမ်းလှသည်!!
သူမက မုန်လာဥသေးသေးလေးတွေကို အကြွေစေ့အရွယ် အပိုင်းပိုင်းလှီးကာ ဆားဖြင့် နာရီဝက်ခန့် နှပ်ထားခဲ့ပြီးမှ ဆော့စ်လုပ်ရန်အတွက် သကြား၊ အစိမ်းရောင်kumquat၊ ငရုတ်သီး၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ကို ထပ်ထည့်ကာ ချိုချိုချဥ်ချဥ်ဟင်းခတ်အမွှေးအကြိုင်ထဲတွင် မုန်လာဥတွေကို ထည့်လိုက်ကာ ၃နာရီခန့် နှပ်ထားလိုက်သဖြင့် အရသာမှာ ချိုချိုချဥ်ချဥ်လေးနဲ့ အလွန်စားချင့်စဖွယ်ကောင်းလှပေသည်။