Chapter 57
Vol. 5 Ch. 57
ဟင်းပွဲတွေချပြီးသည့်နောက် လုယန်က သူ့အင်္ကျီလက်ကို ဆွဲတင်လိုက်ရင်း ပြောလာခဲ့သည်။
“လောင်ဝမ်က ကဏန်းနည်းနည်းယူလာလို့ ကိုယ်ပေါင်းလိုက်ဦးမယ်”
“ကျွန်မလုပ်ပေးမယ်လေ”
“ကိုယ့်ဇနီးလေး မလုပ်ပါနဲ့၊ အဲ့ဒီဟာလေးတွေကိုတော့ ကိုယ့်ကို လုပ်ခွင့်ပေး၊ မင်းရဲ့လက်ကို ဂရုစိုက်ရမယ်လေ”
လုယန်က သူမကို အပြုံးလေးနဲ့ တစ်ချက်ကြည့်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့လေသည်။
ချင်းရို့လည်း မီးဖိုချောင်တံခါးအထိ သူ့နောက်လိုက်သွားလိုက်၏။
လွန်ခဲ့သောနှစ်ရက်က ချင်းရို့မှာ ထန်ရို့အကြောင်းကို စဥ်းစားနေမိ၍ သူ့ကို စိတ်ဆိုးနေခဲ့သော်ငြား ဒီညနေမှာ သူ့ကို တွေ့လိုက်ရသည့်အခါ သူမတစ်ကိုယ်လုံး အတိုင်းမသိပျော်ရွှင်သွားခဲ့ရသလို ထိန်းမရအောင် ရင်ခုန်နေခဲ့ရပေသည်။
သူ့ကိုမြင်လိုက်ရသည်နှင့် သူမမျက်ရည်တွေကို မထိန်းနိုင်သကဲ့သို့ အပျော်တွေလည်း မထိန်းနိုင်တော့ပါချေ။
ဒါဟာ အလိုအလျောက်တုံ့ပြန်မှုပဲ။
ချင်းရို့ သူမနှုတ်ခမ်းလေးကို စုဝိုင်းလိုက်ရင်း ကဏန်းတွေကို သန့်ရှင်းနေတဲ့ လုယန်ကို အမှတ်တမဲ့ ငေးမောနေမိသည်။
မတွေ့ရတာ ရက်နည်းနည်းကြာသွားလို့လားတော့မသိ၊ လုယန်က ပိုတောင်ချောမောလာသလိုပင်။
“မင်း ကိုယ့်ကို ဘာလို့ကြည့်နေတာလဲ?”
***
ဝမ်ယွမ်ကျန်းသည် လုအိမ်ရဲ့ တံခါးထဲသို့ ဝင်လာကတည်းက အံ့အားသင့်နေခဲ့ရ၏။ သူက မြေမြှုပ်မိုင်းကို နင်းမိသွားသလိုမျိုး သူ့အနားတစ်ဝိုက်မှာ အသံဗလံကျယ်လောင်နေကာ အရာအားလုံး ပြောင်းလဲသွားသည့်အလား။
လုယန်ရဲ့ ဇနီးသည်မှာ အမှန်တကယ် ချောမောလှပပြီး သူမဟာ အမျိုးသားအများစုရဲ့ စိတ်ထဲမှ အိပ်မက်ချစ်သူ ဖြစ်မယ်ဆိုတာ အသေအချာပင်။
ဒါ့ကြောင့် လုယန်က သူမကို တစ်ခါပဲတွေ့ပြီးတာနဲ့ ချက်ချင်း လက်ထပ်ချင်သွားတာ အံ့သြစရာမရှိတော့ပါဘူးကွာ!
သူမရဲ့ အသံသည်လည်း ကြည်လင်ချိုသာသလို သိမ်မွေ့ပြီး သာယာလှသည်။
သူမရဲ့ လူတွေနဲ့ ပြောဆိုဆက်ဆံပုံကိုတော့ ပြောနေစရာတောင်မလိုပါချေ၊ သူမရဲ့ စိတ်နေစိတ်ထားမှာ ချစ်စဖွယ်ကောင်းသလို ကလေးများနဲ့ စကားပြောသည့်အချိန်မှာလည်း နူးညံ့ချိုသာလွန်းနေလေ၏။
သူမဟာ အမျိုးသားတစ်ယောက်ရဲ့ စံပြဇနီးပုံစံပါပဲ။
ဝမ်ယွမ်ကျန်း: “...”
ဒါပေမယ့် မဟုတ်သေးဘူးလေကွာ!!
လုယန်ပြောတုန်းက သူ ငရုတ်သီးလေးနဲ့ လက်ထပ်လိုက်တာဆို?!
ဒီငရုတ်သီးလေးက အရမ်းစပ်မနေဘူးလေ ဟုတ်တယ်မလား ? ? ? ? အစပ်မစားတဲ့ လုယန်က ပြောင်းလိုက်တာများလားဟေ?
ဝမ်ယွမ်ကျန်းကို ပို၍ပင် မယုံနိုင်စရာဖြစ်စေသည်မှာ ရဲဘော်လုယန်ပါပဲ။ သူက အတော်လေးပြောင်းလဲသွားလေပြီ။
ခုနကတော့ သူကမ်းစပ်မှာတုန်းက ဘာမှမပြောခဲ့သော်လည်း အိမ်ထဲဝင်လိုက်သည်နဲ့ အရာရှိလုယန်က ငတုံးတစ်ကောင်ဖြစ်လိမ့်မယ်လို့ သူထင်ခဲ့သည်လေ။
သို့သော် လုယန်က စိတ်တက်ကြွတဲ့လူငယ်တစ်ဦးအသွင် နူးညံ့ချိုသာစွာနဲ့ ယဥ်ယဥ်ကျေးကျေး စကားပြောနေခဲ့၏။
ဝမ်ယွမ်ကျန်း လျှို့ဝှက်စွာ တောက်ခေါက်ရင်း - ဒီကောင်က ဂုဏ်သရေရှိတဲ့ အစောင့်တပ်က မဟုတ်ဘဲ အနုပညာအဖွဲ့ထဲက လာခဲ့တာဖြစ်ရမယ် မှန်တယ်မဟုတ်လားကွ!
သူ့အရှေ့မှာ လာသရုပ်ဆောင်ပြနေတာ!
ဒီလင်မယားနှစ်ယောက်ဟာ သူ ဧည့်သည်အဖြစ်လာမယ်ဆိုတာ သိနေလို့ သူ့အရှေ့မှာ ဒီလိုသရုပ်ဆောင်ဖို့ သဘောတူထားကြတာလားဟေ?
- မင်းတို့ ဘယ်လိုသရုပ်ဆောင်မလဲဆိုတာ ငါကြည့်ပါဦးမယ်။
ဝမ်ယွမ်ကျန်းက သူ့စိတ်ထဲမှာ နှာခေါင်းရှုံ့နေလေ၏။ သူ့ရှေ့မှာ အချစ်ငှက်စုံတွဲလို သရုပ်ဆောင်နေကြပေမယ့် သူက သိနေပြီးသားပါပဲကွာ။
လုယန် ဝိုင်ဖြူပုလင်းကို ဖွင့်လိုက်ပြီး ဝမ်ယွမ်ကျန်းနှင့် သူ့ကိုယ်သူအတွက် တစ်ခွက်စီ ထည့်လိုက်ကာ ဟင်းလျာတွေကို စားရင်း သောက်နေတော့သည်။
ချင်းရို့ ကဏန်းပေါင်းကို စားပွဲပေါ်တင်လိုက်ချိန်မှာပင် ကလေးနှစ်ယောက်က ဗိုက်ပြည့်သွားပြီဖြစ်၍ ပုံဆွဲရန် အတူတူ အခန်းထဲဝင်သွားကြလေပြီ။ သူတို့အိမ်စာလုပ်ဖို့လို့ ပြောတာပဲ။
ဝမ်ယွမ်ကျန်း လုယန်ကို စကားစလိုက်သည်။
“ငါ ဟိုရက်က ကျိုးဝေနဲ့ တွေ့ခဲ့သေးတယ်၊ မင်းလက်ထပ်ပြီးပြီလို့ သူ့ကိုပြောပြလိုက်တော့ သူ အရမ်းအံ့သြသွားသေးတယ်ကွ၊ တိုက်ဆိုင်ပုံကတော့ မင်းက ချင်းရို့ကို လက်ထပ်လိုက်တာကို၊ သူက မင်းနဲ့အတူတူကြီးပြင်းလာခဲ့တဲ့ ထန်ရို့လို့ ထင်နေတာလေ”
ချင်းရို့က ဆော့စ်ယူရန် မီးဖိုချောင်ကို ပြန်သွားတော့မည့်အခိုက်အတန့်မှာပဲ ယင်းကို ကြားလိုက်ရ၍ ကြက်သေသေသွားရ၏။ မူလကတော့ ဒီညမှာ သူမ လုယန်ကို ထန်ရို့အကြောင်း မေးဖို့စီစဥ်ထားပေမယ့် အခုတော့ သူ့ရဲဘော်က အရင်မေးပေးလိုက်တာပဲ!
သူမက လုယန်ရဲ့ အမူအရာကို ကြည့်ရန် ခေါင်းလှည့်လိုက်သော်လည်း သူကတော့ သူ့မျက်ခုံးတောင်မပင့်ဘဲ ခရုဟင်းကိုမြိန်ရေရှက်ရေစားနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
သူ ဘာကို ဆိုလိုတာလဲဟ?
ထိုအချိန်တွင် ဝမ်ယွမ်ကျန်းလည်း လုယန်၏ တုံ့ပြန်မှုကို နားမလည်နိုင်ပါချေ။ သူ့ကြည့်ရတာ သူပြောသမျှတွေကို နားမလည်တဲ့ပုံစံနဲ့။
“လုယန် မင်းဘာလို့ စကားမပြောတာလဲ?”
“ဘာကိုလဲ? အင်း ငါလည်း ကျိုးဝေကို မတွေ့ရတာ နှစ်တော်တော်ကြာသွားပြီထင်တယ်”
အခု မင်းရဲ့ အာရုံစိုက်တဲ့နေရာက ကျိုးဝေလားကွ?!
ဝမ်ယွမ်ကျန်းက လုယန်အား *နံရံကို ထောက်မခံထားနိုင်တဲ့ ရွှံ့ဖြစ်သည့်အလားသဏ္ဍာန်အကြည့်နှင့် ကြည့်လိုက်ရင်း
“မင်းရဲ့ အိမ်ထောင်ရေးအကြောင်း သူ့ကို ငါပြောပြလိုက်ပေမယ့် သူက မင်း ချင်းရို့ကို လက်ထပ်လိုက်တာက မင်းရဲ့ အရင်သူငယ်ချင်းဟောင်းဖြစ်တဲ့ ကျောက်ကျန်းဟုန်ကို ပြိုင်ချင်လို့ဆိုပြီး တွေးနေတာကွာ၊ မင်း အရင်က ထန်ရို့ကို ကြိုက်ခဲ့ဖူးတာလား? မင်းနဲ့အတူတူကြီးပြင်းလာခဲ့တဲ့ အဲ့ဒီကောင်မလေးကိုလေ? သူမက ကျောက်ကျန်းဟုန်ကို လက်ထပ်တုန်းကလည်း မင်းက ကျောက်ကျန်းဟုန်ရဲ့ မင်္ဂလာပွဲကို မတက်ခဲ့ဘူးမလား၊ မိန်းမတစ်ယောက်အတွက်နဲ့ သူ့ကို အဆက်အသွယ်ဖြတ်လိုက်ရတယ်လို့ကွာ”
(T/N: *အရူးတစ်ယောက်ပဲဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တာပါ)
“ဘာ?!”
လုယန် ခရုအခွံကို စားပွဲပေါ်ပစ်ချလိုက်ပြီး သူ့ရဲ့ချောမောလှတဲ့မျက်ခုံးတွေ စုကျုံ့ကာဖြင့် “မင်း ဘာအကြောင်းပြောနေတာလဲ?”
“ငါက ဘာအကြောင်းပြောနေရမှာတုန်း? တိုက်ဆိုင်တယ်ပဲဆိုပါစို့ကွာ၊ အဲ့ဒီတိုက်ဆိုင်တာတွေအားလုံးဟာ အများစုက ရည်ရွယ်ချက်ရှိရှိပဲမဟုတ်လား”
ဝမ်ယွမ်ကျန်းသည် ငတုံးတစ်ယောက် မဟုတ်ပါချေ။ သူလုပ်ကိုင်တဲ့ နိုင်ငံရေးအလုပ်ဟာဆိုရင်တော့ဖြင့် မျက်စိရှင်ရှင်ထားရသည်လေ။
ထို့ကြောင့် သူ လုယန်ရဲ့ တုံ့ပြန်မှုကို မြင်လိုက်သည်နဲ့ တစ်ခုခုတော့ နားလည်မှုလွဲနေပြီဆိုတာကို သိသွားရပြီ။
“ဟက် ဒီလိုတိုက်ဆိုင်မှုမျိုးတွေက... တကယ့် တိုက်ဆိုင်မှုတွေပဲပေါ့ ဟုတ်လား? အဲ့ကောင် ကျိုးဝေက သောက်ရမ်းကို နေမကောင်းဖြစ်နေတာပဲ ဖြစ်ရမယ်”
“ငါက ဘယ်တုန်းကများ တစ်ယောက်ယောက်ကို ချစ်မိသွားရတာလဲ? ငါ့ရဲ့ ၂၅နှစ်တာအတွင်းမှာ အခုကမှ ပထမဆုံးအကြိမ် သွေးဆောင်ခံရတာပဲကွ! “
ချင်းရို့လက်ထဲမှ ဆော့စ်ပန်းကန်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားရသဖြင့် အကွဲအစတွေကို ကောက်ရန် အလျင်စလို ငုံ့ကိုင်းလိုက်လေ၏။
“မလှုပ်နဲ့ သတိထားဦး မင်းလက်တွေကို ရှမိသွားမယ်၊ ကိုယ် လုပ်လိုက်မယ်နော်”
လုယန် ရောက်လာပြီး ကြမ်းပြင်ကို သေသပ်စွာ သန့်ရှင်းလိုက်ပေသည်။
“စောနက ရှင် ရုတ်တရက်ကြီး အသံကျယ်သွားတော့ ကျွန်မလန့်သွားလို့”
ချင်းရို့လည်း သူမနှလုံးသားထဲမှာ ထိတ်လန့်သွားရတာကို ဖိနှိပ်ဖို့ အကြောင်းပြချက်တစ်ခု အမြန်ရှာလိုက်ပြီး အရင်ဆုံး မကျေမနပ် ညည်းညူလိုက်၏။
— လုယန်ပြောတာက သူရဲ့ ၂၅နှစ်တာကာလမှာ အခုက ပထမဆုံးအကြိမ် သွေးဆောင်ခံခဲ့ရတာတဲ့။
သူ့ကို သွေးဆောင်လိုက်တဲ့လူက ဘယ်သူလဲဆိုတာ ရှင်းလင်းနေရောပဲလေနော်။
အပြင်လူတွေရှေ့မှာ သူ ဒီလိုပွင့်ပွင့်လင်းလင်းကြီး ပြောလိုက်တယ်ပေါ့လေ။
“ကိုယ် မင်းကို ထိတ်လန့်စေမိပြီကွာ၊ နောက်ဆို ကိုယ် တိုးတိုးပဲပြောတော့မယ်”
“အင်း”