မစ္စတာလင်းကို အားကျလိုက်တာ
Vol. 18 Ch. 261
ညနေ (၄) နာရီ။
ကျုံချန်အဆောက်အဦ၊ နည်းပညာ ကုမ္ပဏီ။
ပြတင်းပေါက်အပြင်တွင် နေမင်းကြီးမှာ အနောက်ဘက်တောင်တန်းဆီ မေးတင်၍ အန်လင်းမြစ်ပြင်သို့ စူးရှသောအလင်းများ ဖြာကျနေ၏။ နူးညံ့သော လေနုအေးမှာတော့ ပူလောင်မှုကို လျော့ကျစေရန် စွမ်းဆောင်နေလေသည်။
ယခုအချိန်တွင် ကုမ္ပဏီကြီးတစ်ခု၌ ရှိသင့်သော အခြေအနေအားလုံး ပြည့်စုံနေပြီဖြစ်သည်။
လင်းချွမ်သည် ဥက္ကဋ္ဌရာထူးဖြစ်ကာ ကျန်းရှင်းရှင်းသည် အတွင်းရေးမှူးတစ်ဖြစ်လည်း ကုမ္ပဏီကိစ္စ အသေးစိတ်ကို စီမံပေးသည်။
နှစ်ဦးသား အစည်းအဝေးခန်းထဲတွင် ပြုံးရွှင်စွာ ထိုင်နေကြလေသည်။ ဘေးတွင် မူရင်းတည်ထောင်သူထဲမှ အပါအဝင်ဖြစ်သော လီချင်းလည်း ရှိနေ၏။
သူတို့ရှေ့တွင်တော့ အန်ကျောက်ဆေးဝါးကုမ္ပဏီမှ ယုခီခီ ရှိလေသည်။
ယုခီခီမှာ ဒီဇိုင်နာချုပ် သပ်ရပ်ကျော့ရှင်းသည့် အပြာရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည်လင်စိုပြေသော အသားအရည်၊ နှာတံမြင့်မြင့်တို့မှာ အချိုးကျစွာ လှပနေ၏။ သဘာဝကျသော ရုပ်တုကဲ့သို့ ထင်မှတ်ရလေသည်။
ကပြားဖြစ်၍ ထင်ရှားသော အသွင်အပြင်ရှိပြီး မျက်မှောင်ကြုတ်လိုက်သည်နှင့် ကြက်သီးထဖွယ် အရှိန်အဝါကို ခံစားရလေသည်။
လင်းချွမ် သူ့ကိုကြည့်လိုက်သည်နှင့် ငယ်ရွယ် နုပျိုမှုကိုလည်း ခံစားရသည်။
“မစ္စတာလင်း တွေ့ရတာ ဝမ်းသာပါတယ်နော်”
ယုခီခီမှ သာယာချိုအေးသော အသံလေးဖြင့် စတင် နှုတ်ဆက်လိုက်သည်။ သူ့ တရုတ်စကားအသံထွက်မှာလည်း အတော်လေး အထက်တန်းကျ၍ နားထောင်ကောင်းလေသည်။
သူ လင်းချွမ်ကို ဥက္ကဋ္ဌလင်းဟု မခေါ်ဘဲ ကလောင်နာမည်အတိုင်း မစ္စတာလင်းဟု ခေါ်လေ၏။
လင်းချွမ်လည်း ပြုံး၍
“မင်္ဂလာပါဗျာ ပရိသတ်ကြီးရေ”
သူ့စကားကြောင့် အားလုံး ရယ်မောလိုက်မိသည်။
စီးပွါးမိတ်ဖက် တွေ့ဆုံရေးမှ ပရိသတ်တွေ့ဆုံပွဲကဲ့သို့ ပြောင်းလဲသွားကာ အဖွဲ့နှစ်ခုကြားမှ နေရခက်နေသော တံတိုင်းကြီး ပြိုလဲသွား၏။
“ကျွန်မ ရှင့်စာအုပ်တွေ အမြဲဖတ်နေကျ။ ဒီလို ကုမ္ပဏီကြီးရဲ့ပိုင်ရှင် ဖြစ်နေမယ်လို့တော့ တစ်ခါမှ မထင်ခဲ့ဘူး”
ယုခီခီ ပြုံး၍ စိတ်ဝင်တစား ပြောလေသည်။
“ကျွန်တော်လည်း ကျွန်တော့်ပရိသတ်က အန်ကျောက် ဆေးဝါးရဲ့ အထွေထွေမန်နေဂျာ ဖြစ်နေမယ်လို့ မတွေးဖူးပါဘူးဗျာ”
လင်းချွမ် ရယ်မော၍ ပြန်ပြော၏။
“ကဲပါ တခြားအဖွဲ့ဝင်တွေလည်း ထိုင်ကြလေ”
ကျန်းမှ ယုခီခီနှင့် ပါလာသူများအား ဧည့်ခံလိုက်၏။
ယုခီခီ ပြုံး၍
“ကိုယ်ကြိုက်တဲ့ စာရေးဆရာနဲဲ့ အလုပ်တွဲလုပ်ရမှာ အတွေ့အကြုံကောင်းပဲ”
လင်းချွမ် သူ့ကိုကြည့်၍
“ကျွန်တော်လည်း အများကြီး မျှော်လင့်ထားပါတယ်ဗျာ”
“ဟုတ်ကဲ့ပါရှင်”
ထို့နောက် အလုပ်အကြောင်း စတင်ဆွေးနွေးကြတော့၏။
“ဒါရိုက်တာလင်း ကျွန်မတို့ အန်ကျောက်ဆေးဝါးကို တရားမဝင်ဟက်ကာတွေက မကြာခဏ လာတိုက်ခိုက်ပြီး အချက်အလက်တွေ ခိုးဖို့ ကြံနေကြတယ်။ အဲ့တာကြောင့် ရှင်တို့ နည်းပညာကုမ္ပဏီအနေနဲ့ ဘယ်လိုများ လုပ်ပေးလို့ ရမလဲလို့ တိုင်ပင်တာပါ”
လင်းချွမ် လီချင်းအား တစ်ချက် လှည့်ကြည့်၏။
လီချင်းမှ ပြင်ဆင်ထားပြီးသော အချက်အလက်ဖိုင်ကို ယုခီခီအား လှမ်းပေးကာ power point ဖြင့် ရှင်းပြလေသည်။
ယုခီခီ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ရင်း ကျေနပ်နေမိသည်။
နှစ်ဖက်ကုမ္ပဏီများမှာ ပူးပေါင်းလိုစိတ် ရှိထားပြီးဖြစ်၍ ညှိနှိုင်းမှုများလည်း ချောမွေ့စွာ ပြီးဆုံးသွား၏။
(၂) နာရီခန့်အကြာတွင် သဘောတူညီချက် ရေးထိုးပြီးသွားလေသည်။
“ဒါရိုက်တာလင်းတို့နဲ့ အလုပ်တွဲလုပ်ရတာ တကယ် ဝမ်းသာမိပါတယ်”
ယုခီခီ ပြုံး၍ သွယ်လျသော လက်လေးကို ကမ်းပေးရင်း ပြော၏။
လင်းချွမ်လည်း လက်ဆွဲပြန်နှုတ်ဆက်လိုက်ပြီး
“ကျွန်တော်တို့ဘက်ကလည်း အတူတူပါပဲ”
ထို့နောက် ယုခီခီ သူ့လူများကို အပြင်၌ စောင့်စေကာ လင်းချွန်နှင့် ကျန်းတို့အား နေရခက်စွာ ကြည့်၍
“ဟိုလေ ကျွန်မ မေးစရာလေး ရှိလို့ပါ”
လင်းချွမ် ပြုံး၍
“မေးပါ။ ရပါတယ်”
“စီးပွါးရေးကိစ္စနဲ့တော့ မဆိုင်ဘူး။ ကိုယ်ရေးကိုယ်တာ အကြောင်းပါ။ အဆင်မပြေရင် မဖြေလည်း ရပါတယ်”
“မန်နေဂျာယုရယ် မေးလိုက်ပါရှင်”
“ကျွန်မကို ခီခီပဲ ခေါ်လို့ ရပါတယ်။ ဒါမှမဟုတ် အင်္ဂလိပ်နာမည် ကိုကိုးပေါ့”
ယုခီခီ လင်းချွမ်အား ကြည့်၍
“အမှန်တော့ ရှင့်ဝတ္ထုတွေဖတ်ပြီး ကိုယ်တိုင်လည်း ရေးချင်နေခဲ့တာ။ အဲ့တာ ဝတ္ထုရေးတာနဲ့ ပတ်သက်ပြီး အကြံတောင်းချင်လို့”
ကျန်း ရယ်မော၍
“ဒါဆိုလည်း မမခီခီလို့ပဲ ခေါ်ပါမယ်။ ဝတ္ထုကိစ္စဆိုရင် သူဌေးလင်းကိုသာမေး။ သူ ငြင်းမှာ မဟုတ်ဘူး”
အခန်းထဲ၌ သူတို့ (၃) ယောက်သာ ကျန်ခဲ့ခြင်း ဖြစ်သည်။
“တကယ်လား”
သူ လင်းချွမ်အား မျှော်လင့်တကြီး ကြည့်လိုက်၏။
“ဒါပေါ့။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော် သိသလောက် ပြောရုံပဲနော်။ ခင်ဗျားဝတ္ထု မအောင်မြင်ရင်တော့ အဆိုးမဆိုနဲ့”
ယုခီခီ လှပစွာ ရယ်မောလျက်
“နာမည်ကြီး မစ္စတာလင်းရဲ့ အကြံပေးချက်နဲ့ပဲကို။ မအောင်မြင်လည်း ထပ်ရေးမှာပေါ့”
“သူဌေးနဲ့ မမခီခီတို့ စကားပြောနှင့်ကြဦးနော်။ ကျွန်မ ရေသွားယူလိုက်ဦးမယ်”
ထိုစဉ် သူ ကျန်းကို အမြန်လှမ်းဆွဲ၍
“ရှင်းရှင်း မင်းသူဌေးနဲ့ နှစ်ယောက်တည်း ကျန်ခဲ့လို့ မသင့်တော်ဘူး ထင်တယ်။ တစ်ယောက်ယောက် တွေ့သွားရင် အတင်းတုပ်ကြလို့ မင်းတို့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်”
ကျန်း သူ့ကိုလှည့်ကြည့်၍ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေသော အကြောင်းအရင်းကို နားလည်သွားသည်။
ဒီလိုမျိုး အရာရာကို သေချာလိုက်တွေးရတာပဲ။
ထို့နောက် ယုခီခီအပေါ် ယုံကြည်လေးစားမှုလည်း တိုးလာ၏။
ထို့နောက် (၃) ယောက်သား ပြန်ထိုင်လိုက်ကြပြီး ယုခီခီက
“အမှန်တော့ မစ္စတာလင်းကို အရမ်းအားကျတာပဲ။ ဝတ္ထုလည်း ကောင်းကောင်း ရေးတယ်။ ကုမ္ပဏီကြီးကိုလည်း ဦးစီးနိုင်တယ်။ ဒီလို လှပထက်မြက်ပြီး ကူညီပေးတဲ့ ရှင်းရှင်းလို ကောင်မလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်”
“ကံကောင်းသွားတာပါ။ အားလုံး ရှင်းရှင်း ကျေးဇူးတွေပါပဲ”
လင်းချွမ် ပြုံး၍ ပြော၏။
ထိုချီးကျုးစကားများကြောင့် ကျန်း ရှက်သွားပြီး
“ဝတ္ထုရေးနည်းအကြောင်း ပြောကြမှာ မဟုတ်ဘူးလား။ ဘာလို့ ကျွန်မဘက် လှည့်လာတာလဲ”