← Chapters

ပြည်တွင်းမှာ ထုတ်လို့မရဘူး

Vol. 18 Ch. 258

ပြည်တွင်းမှာ ထုတ်လို့မရဘူး

Vol. 18 Ch. 258

ကျန်းမှာ မျက်နှာလေးနီလျက်

“အလုပ်ကိစ္စပဲ ပြောရအောင်ပါ။ အန်ကျောက်ရဲ့ အထွေထွေမန်နေဂျာ ယုခီခီကလည်း ရှင့် စာဖတ်ပရိသတ်ပဲ။ ရှင်ပါလာရင်တော့ ပိုလွယ်မှာ”

“ကို့ပရိသတ်လား”

လင်းချွမ် စိတ်ဝင်စားသွားသည်။ 

“ဟုတ်တယ်။ ရှင့်စာအုပ်တိုင်းကိုလည်း subscribe လုပ်ထားတယ်တဲ့”

ကျန်း ကြက်ဥပြုတ်ကိုခွါကာ လင်းချွမ်ကို လှမ်းပေးရင်း ပြော၏။ 

“စာအုပ်တိုင်းကို subscribe လုပ်ထားတယ်ဆိုတော့ ပုံမှန်ရော ဟုတ်ရဲ့လား”

လင်းချွမ် ကြက်ဥပြုတ်လေးစားရင်း နောက်လိုက်သည်။ 

သူ့စာအုပ်ကို subscribe လုပ်ထားသူများမှာ ကျန်း၊ ရှန်ချန်းချန်း၊ ရှချင်းချင်း၊ အစ်ကိုဝမ်၊ အစ်ကိုပိုင် စသဖြင့် ပြစ်မှုနှင့် ပတ်သက်သူများသာ ဖြစ်လေသည်။ 

လင်းချွမ်ဝတ္ထုများမှာ ပုံမှန်မဟုတ်၍ ကြိုက်နှစ်သက်သူများမှာလည်း ပုံမှန်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ 

ထို့ကြောင့် ဆေးဝါးကုမ္ပဏီ၏ အထွေထွေမန်နေဂျာမှာ သူ့စာအုပ်များ ဖတ်လိမ့်မည်ဟု မထင်ထားချေ။ 

“ဒါပေါ့။ ပုံမှန်ပါပဲ။ ကျွန်မနဲ့ ခဏခဏ တွေ့ဖူးပါတယ်။ အသက်က ကျွန်မတို့လောက်ပဲ။ ကပြားလေး။ အရမ်းလည်း လှတယ်။ ဒါပေမဲ့ တရုတ်စကားလည်း ကောင်းကောင်း ပြောတတ်တယ်”

ကျန်း ပြုံး၍ ရှင်းပြနေ၏။ 

“ဟုတ်ပါပြီ။ ဒီညနေ စီးပွါးဖက် ပရိသတ်နဲ့ လိုက်တွေ့ပေးပါမယ်”

“ဪ ဒါနဲ့ ဝတ္ထုဆိုမှ စာဖတ်ပရိသတ်အဖွဲ့ထဲမှာ စာအုပ်အသစ် ထွက်တော့မယ်လို့ ပြောတယ်ဆို။ ဘာအကြောင်းလဲ”

ကျန်း သူ့ကိုကြည့်၍ မေးလေ၏။ 

လင်းချွမ် ကျန်းအတွက် ကြက်ဥပြုတ် ပြန်ခွါပေးကာ ရယ်မောလျက်

“အရင်လို ဗီဒီယိုအတိုတွေ မကြည့်တော့ဘဲ ဝတ္ထုလိုင်း ရောက်နေပြီလား”

“ဒါပေါ့။ ရှင့်ဝတ္ထုတော့ ဖတ်ရမယ်လေ”

ကျန်း ဂုဏ်ယူစွာ ပြောလိုက်၏။ 

သူ့အမြင်တွင် လင်းချွမ်၏ အောင်မြင်မှုမှာ သူ့အောင်မြင်မှုအတိုင်းပင်။ 

“ကဲပါ။ နောက်ဝတ္ထုက ဘာအကြောင်းလဲလို့”

“အင်း ပြစ်မှုတစ်မျိုးပါပဲ။ ဒါပေမဲ့ နည်းနည်း ထိရှလွယ်တဲ့ကိစ္စမျိုးပေါ့”

လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြော၏။ 

ကျန်းမှ

“အခန်းနက်ထဲ ထပ်ရောက်မှာတော့ မဟုတ်ဘူးမလား”

လင်းချွမ် ရုတ်တရက် မှင်တက်သွားပြီးမှ 

“မူးယစ်ရာဇာအကြောင်းက ထုတ်ဝေလို့တော့ ရတယ်မလား”

ကျန်း ခဏတိတ်သွားပြီး မနှစ်ကသတင်းတစ်ခု ရှာကာ လင်းချွမ်အား ပြလိုက်သည်။ 

စာရေးဆရာမတစ်ဦးမှ မူးယစ်ရာဇာ၏ အချစ်အကြောင်း ရေးထားပြီး ငွေဖြူပြောင်းသည့်ကိစ္စများနှင့် ပတ်သက်သည်ဟု သတ်မှတ်ခံရကာ အပိတ်ခံရဖူးလေ၏။ 

လင်းချွမ် မျက်မှောင်ကြုတ်လျက်

“ဒါကို မေ့သွားတာပဲ”

ယခုနောက်ပိုင်း လုံခြုံရေးစောင့်ကြည့်ခြင်းမှာ ပို၍ တင်းကြပ်လာပြီး သူ့ဝတ္တု ‘ရေခဲနက်’ မှာ ထုတ်ဝေခွင့်ရရန်ပင် ခက်ခဲလောက်မည်။ 

လင်းချွမ်မျက်နှာ ပျက်သွား၏။ 

အားလုံး အဆင်ပြေချောမွေ့နေခဲ့ရာမှ ယခုတော့ ပြဿနာ စလေပြီ။ 

“သူဌေးရယ် ကျွန်မက ခန့်မှန်းကြည့်ရုံပါ။ ရှင့်အယ်ဒီတာကို မေးကြည့်ပါလား”

“ဟုတ်တယ်။ အယ်ဒီတာကို မေးလိုက်ဦးမယ်”

လင်းချွမ် ချက်ချင်း ဖုန်းထုတ်၍ ယုယွီအား စာပို့လိုက်သည်။ 

“ယုယွီ ကျွန်တော် စာအုပ်အသစ် ရေးထားတယ်။ ဒါပေမဲ့ ထုတ်ဖို့ အဆင်ပြေပါ့မလား မသိလို့”

“စာအုပ်အသစ်လား။ ဘာအကြောင်းလဲ”

ယုယွီ ချက်ချင်း စာပြန်လာ၏။ 

“ဇာတ်လိုက်က မူးယစ်ဆေးထုတ်တဲ့ စွန့်ဦးတီထွင်သူလေ။ သူ ပိုကောင်းတဲ့ဆေးတွေ ထုတ်ရင်း တဖြည်းဖြည်း ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်ပြီး နိုင်ငံခြားအထိ တင်ပို့တာပေါ့။ ဒါပေမဲ့ အဲ့အချိန်အတွင်း လူ့သဘာဝနဲ့ တန်ဖိုးတွေကိုလည်း နားလည်သွားတယ်။ အကြမ်းဖျင်းကတော့ အဲ့လိုအကြောင်းပဲ”

လင်းချွမ် စာပို့လိုက်၏။ 

“ရှင့်မူးယစ်ဆေးက တရားဝင်လား”

“ဟင် ဘယ်လိုထင်လို့လဲ”

“ကောင်လေး ဒီအကြောင်းကတော့ အထူးထိန်းချုပ်မှုအောက် ရောက်နေတာနော်။ လုံခြုံရေးလည်း အာမ,မခံဘူး။ တခြားသူတွေအထိပါ ဒုက္ခရောက်နိုင်တယ်”

ယုယွီ သက်ပြင်းချ၍ စာပြန်ပို့လေ၏။ 

“နားလည်ပါပြီ”

လင်းချွမ် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ 

စိတ်ထဲတွင်လည်း အဖြေရအောင် ရှာနေ၏။ 

“အကြောင်းအရာကို ပြောင်းလိုက်ရင်ရော။ မူးယစ်ခေါင်းဆောင်တွေကို လိုက်ဖမ်းတဲ့ ရဲပေါ့”

ယုယွီမှအကြံပေး၏။ 

လင်းချွမ် ရယ်မောကာ

“ကျွန်တော် တော်တော်များများ ရေးပြီးနေပြီ။ အခုမှ ပြင်လို့ မရတော့ဘူး”

သူ့အတွေ့အကြုံအတိုင်း စနစ်မှ ထုတ်ပေးသောကြောင့် ပြောင်းလဲရန် မဖြစ်နိုင်ပါ။ 

သို့သော် ထုတ်ဝေရန်လည်း အဆင်မပြေ ဖြစ်နေသည်။ 

ယုယွီလည်း ဘာဆက်ပြောရမည်မသိဘဲ စိတ်မကောင်း ဖြစ်နေ၏။ 

ရုတ်တရက် သူ အကြံတစ်ခုရကာ လင်းချွမ်အား စာပို့လိုက်သည်။ 

“ဒီလိုလုပ်။ နိုင်ငံခြားမှာပဲ ရောင်းမယ်ဆိုရင်ရော”

လင်းချွမ် မျက်လုံးအရောင်များ တောက်သွား၏။ 

ဒါပဲ။ နည်းလမ်းက ဒါပဲ။ 

“ဒါပေမဲ့ ပြည်ပပရိသတ်ပဲဆိုရင် ရှင် အစက ကြိုးစားရမှာနော်”

သူ အကျိုးအပြစ်များကို ရှင်းပြ၏။ 

ဟူး…

လင်းချွမ် သက်ပြင်းချ၍

“ကိစ္စမရှိပါဘူး။ ထုတ်လို့ရရင် ပြီးတာပဲ”

“ဒါဆို အခုပဲ ပြည်ပအဖွဲ့ရဲ့ အယ်ဒီတာနဲ့ ဆက်သွယ်လိုက်မယ်”

“ကျေးဇူးပါ ယုယွီရယ်”

ဒီနည်းနဲ့လည်း အဆင်ပြေနိုင်တယ်မလား။ 

လင်းချွမ် ရေရွတ်မိ၏။ 

All Chapters