အဖွဲ့ဝင်အသစ်
Vol. 19 Ch. 271
ဤသို့ဖြင့် ညနေစာ စားသောက်ပြီးနောက် လင်းချွမ် ရှချင်းချင်းအား စာပို့လိုက်၏။
“ရဲမေရှ ကျွန်တော် မေးချင်တာလေး ရှိလို့”
မကြာမီ ရှချင်းချင်း စာပြန်လာသည်။
“ဆရာလင်း စကားနည်းနည်း ပြောတာနဲ့ ပိုနီးလာသလို ခံစားရတယ်”
“ဘာလို့လဲဗျ”
“ရှင်က အကူအညီတောင်းခဲတယ်လေ”
ရှချင်းချင်း တစ်ဖက်တွင် ပြုံးရွှင်နေမိသည်။
“ကျွန်တော်လည်း ပုံမှန်တော့ ကိုယ်တိုင်ပဲ ကြိုးစားလေ့ရှိပေမဲ့ ဥပဒေအကြောင်းအရာတွေကျတော့ ရဲမေရှတို့ကိုမေးတာ ပိုယုံကြည်ရတယ်လေ”
လင်းချွမ်ပြုံး၍ ပြောလိုက်သည်။
ယောက္ခမကုမ္ပဏီဖြစ်နေ၍ တိကျသေချာမှ အဆင်ပြေပေမည်။
“ဆရာလင်းက ရှားရှားပါးပါး အကူအညီတောင်းတာဆိုတော့ ဝမ်းမြောက်ဝမ်းသာ ကူညီရမှာပေါ့”
ရှချင်းချင်း သူ့အခန်းထဲတွင် ပြုံးပျော်လျက်ရှိ၏။
နောက်လည်း သူ့ဖြစ်တည်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် မကြာခဏ အကူအညီ တောင်းစေရန် မျှော်လင့်မိပါသည်။
“ကျွန်တော် သိချင်တာက ဟွာရန်ကုမ္ပဏီက ဟန်မြစ်အပိုင်း အထွေထွေမန်နေဂျာ လျှိုမုန့်အကြောင်းပါ”
လင်းချွမ်မှ ပြောလိုက်သည်။
“အဲ့တာဆိုရင် ကိုယ်ရေးအချက်အလက်အတွက်က ခွင့်ပြုမိန့် တောင်းရဦးမယ်။ မနက်ဖြန် အဆင်ပြေလား”
“ရတယ်လေ။ မလောပါဘူး”
“ကောင်းပြီ။ မနက်ဖြန် သိရတာနဲ့ ချက်ချင်း ပြောပေးမယ်နော်”
“ကျေးဇူးပါ ရဲမေရှ”
“ဟားဟား ရပါတယ် ဆရာလင်းရယ်။ ကျွန်မတောင် အခုပဲ ရှင့်စာအုပ် ဖတ်မလို့”
“ရေခဲနက်လား”
လင်းချွမ် သက်ပြင်းချလိုက်မိသည်။
သူ့ပရိသတ်များမှာ တရားခံမဟုတ်လျှင် ရဲသာ ဖြစ်သည်။
သူ တကယ် မှုခင်းရဲတပ်ဖွဲ့ထဲ ဝင်လိုက်လျှင် ပိုကောင်းမည်လား။
“ဟုတ်တယ်။ VPN ချိတ်ပြီး အခုပဲ ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်ထဲ ဝင်နေတာ”
ရှချင်းချင်း တစ်ဖက်တွင် ကွန်ပျူတာသုံးလျက် ပြန်ဖြေလိုက်သည်။
လင်းချွမ် သက်ပြင်းချလျက်
“ရဲမေရှ ကျွန်တော့်ဝတ္ထုက လုံးဝ စိတ်ကူးယဉ်ထားတယ်ဆိုတာ နားလည်တယ်မလား”
“ဒါမျိုး ကြားဖူးနေသလိုပဲ”
“ပြဿနာမဖြစ်အောင် ကြိုပြောတာပါ”
“မစိုးရိမ်ပါနဲ့။ ရှင့်ကို မဖမ်းပါဘူး”
ရှချင်းချင်း ရယ်မော၍ ပြောလိုက်၏။
“ကောင်းပါပြီဗျာ”
လင်းချွမ် ထိုအခါမှ စိတ်အေးသွားတော့၏။
ရှချင်းချင်း အိပ်ရာပေါ်မှီလျက် လက်ပ်တော့လေး ကိုင်ကာ ကီးဘုတ်ပေါ်၌ လက်ချောင်းများ ပြေးလွှားသွားသည်။
မကြာမီ ရေခဲနက်ဟူသော ဝတ္ထုစာအုပ်ပေါ်လာ၏။
စာအုပ်: ရေခဲနက်။
စာရေးဆရာ: မစ္စတာလင်း။
“ဘာတွေ ရေးထားလဲ ကြည့်ကြသေးတာပေါ့ မစ္စတာလင်းရေ။ ပြည်ပမှာ ထုတ်ရလောက်အောင် ဘာအကြောင်း ပါလို့လဲ”
သူ ပြုံး၍ ရေရွတ်ကာ ဝတ္ထုစဖတ်လေသည်။
‘ကျွန်တော့်နာမည်က မစ္စတာလင်း’
‘အမှောင်သခင်လို့လည်း ခေါ်လို့ရပါတယ်’
‘အပေါ်ယံမှာတော့ အန်ကျောက်ရဲ့ နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင်ပေါ့’
‘ဒါပေမဲ့ နောက်ကွယ်မှာ အန်ကျောက် မြေအောက်လောကကို ထိန်းချုပ်ပြီး မူးယစ်ဆေးဈေးကွက်နဲ့ ပြည်ပအထိ တင်ပို့ပေးနေတယ်’
‘ကျွန်တော့်ဘဝမှာ မူးယစ်ဆေးတွေ မရေတွက်နိုင်အောင် ထုတ်ပြီး ပြည်ပကို ပို့ပေးခဲ့ဖူးတယ်’
“…”
ပြည်ပထုတ်ဖြစ်၍ တရုတ်လိုမဟုတ်သောကြောင့် သူ ခပ်ဖြည်းဖြည်း ဖတ်နေရသော်လည်း သဘောကျနေသည်။
သူ ဟက်ကာလောက ဖတ်ပြီးတည်းက လင်းချွမ်စာအုပ်များကို စွဲလန်းသွား၏။
သူ့အရေးအသား၊ နောက်ခံဇာတ်လမ်း၊ ဇာတ်ကွက် အပြောင်းအလဲ အားလုံးမှာ ရင်ထဲ စွဲငြိစရာပင်။
“မစ္စတာလင်းကတော့ အမြဲ မိမိုက်နေတာပဲ”
ရှချင်းချင်း အစပိုင်းဖတ်ရုံဖြင့် အတော် သဘောကျနေလေပြီ။
“ဒီလို မူးယစ်ဆေးအကြောင်း ရေးရဲရုံတင်မကဘူး။ အသေးစိတ်တွေပါ ပါတာလား”
ရုတ်တရက် သူ ကောမန့်များကို စိတ်ဝင်စားသွား၏။
[ဒီထဲမှာ ပြောထားတဲ့ ဆေးထုတ်လုပ်နည်းကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ‘မြေအောက်အဖွဲ့’ ကို ဆက်သွယ်ပြီး ဆွေးနွေးနိုင်ပါတယ်]
(အောက်တွင် လင့်ခ်ဖော်ပြထားသည်)
[ပုံ/ အန်ဂျလီနာ]
ထိုနာမည်ဘေးတွင် ဝတ္ထုလုပ်ငန်းစဉ်ဝန်ထမ်း ဟုလည်း ရေးထား၏။
ရှချင်းချင်း မျက်မှောင်ကြုတ်လျက်
“ဆေးထုတ်လုပ်ရေး စိတ်ဝင်စားသူလား”
သူ ဝင်ကြည့်ချင်စိတ် ပေါ်လာသည်။
သူ တစ်နေကုန် ဆေးအမျိုးအစားအသစ်ကို ပင်ပင်ပန်းပန်း ရှာဖွေနေသော်လည်း သဲလွန်စ မတွေ့၍ ထိုအဖွဲ့ထဲ ဝင်လိုက်ခြင်းက ပိုအကျိုးရှိပေမည်။
သူ ချက်ချင်း ဖိုရမ်ထဲ ဝင်လိုက်သည်။
“ဒီလိုကိုး။ ဟက်ကာလောကလည်း ပြည်ပမှာ ထွက်ထားသေးတာပဲ။ ဆရာလင်းရဲ့ လွှမ်းမိုးမှုက ကြီးသားပဲ”
သူ ရေခဲနက်ဟူသော ဖိုင်ထဲ ဝင်လိုက်သောအခါ တင်ပြချက်အချို့ကို တွေ့ရ၏။
[စာရေးသူ တင်ပြချက်: ရေခဲနက်မှာ ဝတ္ထုသာ ဖြစ်ပါသည်။ စာရေးဆရာ ထိုအလုပ်ကို မလုပ်ပါ]
[အစ်ကို ပစ္စည်းမရှိတာ တကယ်လား]
[စွဲလန်းစေတဲ့ မူးယစ်ဆေးက လူ့ခန္ဓာကိုယ်ကို ထိခိုက်တဲ့အကြောင်း ဆွေးနွေးပါဦး]
[သွားပြီ။ ဝတ္ထုကို စွဲနေပြီ။ ဆရာလင်း အသစ် ရေးပေးပါဦး]
[…]
ရှချင်းချင်း ဖတ်ရင်းဖတ်ရင်း ပိုစိတ်ဝင်စားလာသည်။
ဝတ္ထုမှာ ပြင်းထန်ရုံမက အဖွဲ့ကလည်း ထူးဆန်းသည်။
အကုန် ရှုပ်ထွေးနေတာပဲ။
ရှချင်းချငး သက်ပြင်းချကာ နည်းလမ်းအကျဉ်းချုပ်ကို ဖွင့်ကြည့်လိုက်၏။
ထိုအခါ ဆေးအမျိုးမျိုး ပေါ်လာလေသည်။
[အမည်: သာမာန်ဆေး]
[ပါဝင်ပစ္စည်း: အယ်ဖာဘရိုမိုလက်စီတုန်း၊ မီသလမင်း၊ ဟိုက်ဒရိုကလိုရစ်အက်စစ်၊…]
[လိုအပ်သော ကိရိယာ: ဖန်ခွက်၊ သာမိုမီတာ၊ အငွေ့အုပ် မျက်နှာဖုံး၊…]
ဆေးများကို နံပါတ်စဉ် တပ်ထားပြီး ဝတ္ထုထဲမှအတိုင်း ရေးပြထား၏။
ရှချင်းချင်း ဖတ်နေရင်း ရုတ်တရက် ဆေး နံပါတ် (၃) ကို တွေ့ကာ ငေးကြည့်နေမိသည်။
ထို့နောက် ယုရှန်အား ဘာသာပြန်ကာ ပို့ပေးလိုက်၏။
ထိုထဲတွင် ဆေးအမျိုးအစားအသစ်၏ အကြောင်း အနည်းငယ် ပါလေသည်။
ရှချင်းချင်း မျက်နှာပျက်လျက် ဆေး (၂) မျိုးကို တိုက်ကြည့်နေ၏။