← Chapters

ဆိုက်ဘာအဖွဲ့က တကယ်တော်တယ်

Vol. 19 Ch. 273

ဆိုက်ဘာအဖွဲ့က တကယ်တော်တယ်

Vol. 19 Ch. 273

ယုရှန် ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချလိုက်၏။ 

လင်းချွမ်မှာ အန်လင်းရဲစခန်း၌ မည်မျှ သက်ရောက်မှု ကြီးသည်ကို ကောင်းကင်ကပင် သိပါသည်။ 

ထို့ကြောင့် အချက်အလက်များမှာ ဝတ္ထုတစ်ပုဒ်သာ ဖြစ်သော်လည်း အခွင့်အရေးကို အလွတ်မခံနိုင်ချေ။ 

“ဟုတ်ကဲ့ပါ အဖွဲ့မှူး။ အဲ့တာဆို ကျွန်မကို ခွင့်ပြုပါဦး”

ရှချင်းချင်း ယဉ်ကျေးစွာပြော၍ ဖုန်းချလိုက်သည်။ 

“အစစ်လို့ မယုံနိုင်တာလည်း မဆန်းပါဘူး။ တကယ် ဖြစ်နေတာကမှ ပိုထူးဆန်းမှာ”

ရှချင်းချင်း ရေရွတ်မိ၏။ 

ရှချင်းချင်း လိုအပ်သည်များ တင်ပြပြီးနောက် စိတ်လျှော့၍ လင်းချွမ်ဝတ္ထုထဲ ပြန်ဝင်ကာ ဂရုတစိုက် ဖတ်လေသည်။ 

ပြတင်းအပြင်ဘက်တွင် ကောင်းကင်မှာ မင်ရည် မှောက်ကျသကဲ့သို့ ပြာညှို့နေပြီး ငွေလရောင်သည် တိမ်တိုင်များကြားမှ ထိုးဖောက်နေသည်။ 

ညလေနုအေးသည် ပြတင်းပေါက်ကိုဖြတ်၍ ဝင်ရောက်လာပြီး ရှချင်းချင်း၏ နူးညံ့သော မျက်နှာနှင့် ဆံနွယ်များကို တိုက်ခတ်သွား၏။ 

နွေညများမှာ လျင်မြန်စွာ ကုန်ဆုံးလေ့ရှိလေသည်။ 

မကြာမီ ရောင်နီထွက်လာပြီး လောကတစ်ခွင် အလင်းဖြာသွားပြန်၏။ 

ရှချင်းချင်းတစ်ယောက် အန်လင်းရဲစခန်းသို့ ခပ်စောစော ရောက်နေပြီး ဆေးအမျိုးအစားသစ် (၃) နှင့် ဝတ္ထုထဲမှ ရေခဲနက်တို့၏ အချက်အလက်များကို စုစည်းပြင်ဆင်ကာ ယုရှန်ထံ ပို့ပေးလိုက်သည်။ 

ရုံးခန်းထဲ၌။ 

ယုရှန် ရေနွေးကြမ်းသောက်ရင်း အချက်အလက်များ ကြည့်ပြီးနောက်

“ရဲမေရှ တကယ် တော်တာပဲ”

ရှချင်းချင်း ပြုံး၍

“ဒီအတိုင်း လင်းချွမ်ဝတ္ထုထဲကနေ တချို့အချက်တွေ ယူထားတာပါ။ ဘာမှ မပင်ပန်းပါဘူး”

ယုရှန် လက်ယမ်းပြ၍ ပြုံးကာ

“ရဲမေရှရယ် သက်ဆိုင်တဲ့ဝတ္ထုကို ရှာလာနိုင်တယ်ဆိုတာလည်း တော်လို့ပဲလေ”

“ကံကောင်းသွားတာပါ”

ရှချင်းချင်း ပြုံး၍ နှိမ့်ချစွာ ပြော၏။ 

“ဟားဟား အခုပဲ ဓာတ်ခွဲခန်းသွားပြီး ကြည့်ကြတာပေါ့”

ယုရှန် အဖြေကို များစွာ မျှော်လင့်ထားမိသည်။ 

အဘယ်ကြောင့်ဆိုသော် လင်းချွမ်၏ဝတ္ထု ဖြစ်နေ၍ပင်။ 

ဓာတ်ခွဲခန်းမှာ စခန်းနှင့် အနည်းငယ် အလှမ်းကွာ၏။ 

နာရီဝက်ခန့်အကြာတွင်။ 

ရှချင်းချင်းနှင့် ယုရှန်တို့ ဓာတ်ခွဲခန်းသို့ ရောက်လာကြသည်။ 

ဓာတ်ခွဲခန်းမှာ ငွေမှင်ရောင်ရှိပြီး ဧည့်ခန်းတွင်တော့ တောက်ပလင်းထိန်ကာ သက်ဆိုင်ရာဓာတ်ပုံများ၊ ဆုများကို နံရံများတွင် ချိတ်ဆွဲထား၏။ 

ဝင်ပေါက်၌ လူ (၂) ဦး ရပ်နေ၏။ 

တစ်ဦးမှာ ရဲယူနီဖောင်းဖြင့် သက်လတ်ပိုင်းဖြစ်ပြီး မှုခင်းစစ်ဆေးရေး အဖွဲ့မှူး ဟီစုန်းဖြစ်သည်။ 

နောက်တစ်ဦးမှာတော့ အဖြူရောင် ဓာတ်ခွဲခန်းကုတ်ကို ဝတ်ဆင်ထားပြီး အရေးအကြောင်းများ ပြည့်နေသောမျက်နှာ၌ မျက်မှန်တစ်လက် တပ်ဆင်ထားသည်။ 

ဆံပင်များမှာလည်း တစ်ခေါင်းလုံးနီးပါး ဖြူဖွေးနေလေ၏။ 

ထိုလူမှာ ဓာတ်ခွဲခန်းမှူး ယန်ချောင်ပင်။ 

အခြေအနေမှာ တစ်ချက်ကြည့်ရုံဖြင့် ယန်ချောင်သည် ခေါင်းဆောင်၊ ဟီစုန်းမှာ သူ့တပည့်မှန်း သိသာ၏။ 

ယန်ချောင်မှာ ရဲဌာနဆိုင်ရာ စစ်ဆေးမှုများတွင် နာမည်ကြီးပြီး အန်လင်းတက္ကသိုလ်မှ ပရော်ဖက်ဆာတစ်ဦးလည်း ဖြစ်သည်။ 

ယုရှန်တိို့ ရောက်သောအခါ ယန်ချောင်ကိုယ်တိုင် ထွက်စောင့်နေသည်ကိုတွေ့ရ၍ နေရခက်သွားပြီး ရှချင်းချင်းအား

“ရဲမေရှ အကြီးအကဲယန် စောင့်နေရပြီပဲ”

ရှချင်းချင်းလည်း အချက်အလက်ဖိုင်များယူ၍ ကားထဲမှ ထွက်လာလိုက်သည်။ 

ယုရှန် ပြုံး၍

“အကြီးအကဲယန်နဲ့ အဖွဲ့မှူးဟီတို့ စောင့်ရတာ ကြာသွားရင် တောင်းပန်ပါတယ်နော်”

ယန်ချောင်သည် တွန့်နေသော အရေပြားများ ပိုရှုံ့သွားသည်အထိ ပြုံး၍ 

“ခင်ဗျားတို့ အရေးကြီးအချက်အလက် ရလာတယ်ကြားလို့ အရင်ကြည့်ရအောင် ထွက်စောင့်နေလိုက်တာပါ”

ဟီစုန်း ရယ်မော၍

“အကြီးအကဲယန် အဖွဲ့မှူးယုရဲ့ စွမ်းဆောင်ရည်ကတော့ တအား မြင့်တာနော်။ (၂) ရက်တည်းနဲ့ လိုတဲ့အချက်တွေ ရလာပြီတဲ့”

ယုရှန်လည်း ထိုစကားကြောင့် နေရခက်ကာ

“ဟုတ်တာ မဟုတ်တာက အကြီးအကဲယန် ပြောမှပဲ အတည်ဖြစ်မှာပါ”

“ကဲပါ။ သွားရင်း ပြောကြတာပေါ့”

အားလုံး အထဲဝင်လာလိုက်ကြသည်။ 

ရှချင်းချင်းမှာတော့ အကြီးအကဲယန်ကိုယ်တိုင် စစ်ဆေးပေးမည်ဖြစ်၍ စိတ်လှုပ်ရှားနေမိ၏။ 

ဝတ္ထုထဲမှရသည်ကိုသိလျှင် မည်သို့ တုံ့ပြန်မည်နည်း။ 

ယန်ချောင်မှ

“အဖွဲ့မှူးယုရဲ့ ဆိုက်ဘာအဖွဲ့ကလည်း တော်ပါတယ်။ (၂) ရက်အတွင်း ရှာလာနိုင်တာ အံ့ဩစရာပဲ”

“ဟားဟား အားလုံး ရဲမေရှ အရည်အချင်းတွေပါ”

ယုရှန် သူ့ကို လက်ညှိုးထိုး၍ ပြော၏။ 

ယန်ချောင် ရှချင်းချင်းအား လှမ်းကြည့်ကာ

“ဒီလို ထက်မြက်တဲ့ အမျိုးသမီးရှိနေတာ ဝမ်းသာစရာပဲ။ ကျွန်တော်လည်း သတင်းကြားတာနဲ့ စိတ်ဝင်စားလို့ မစောင့်နိုင်ဘဲ လိုက်လာတာပါ”

“အကြီးအကဲယန် ပါရင်တော့ အားလုံး စိတ်ချရပါပြီ”

ရှချင်းချင်း အချက်အလက်များ လှမ်းပေးလိုက်၏။ 

“အကြီးအကဲယန် ဒါက ကျွန်မရှာတွေ့ထားတဲ့ သက်ဆိုင်ရာ အချက်အလက်တွေပါ။ ကြည့်ကြည့်ပါဦး”

ယန်ချောင် ယူကာ တစ်ခုချင်း ဂရုတစိုက် ဖတ်ကြည့်နေသည်။ 

အားလုံး ပြီးသွားသောအခါ ယန်ချောင် မျက်လုံးအရောင်လေး တောက်လျက်

“ရဲမေရှ အချက်အလက်တွေက တကယ် တိကျတာပဲ။ ဘယ်ဌာနကနေ ရလာတာလဲ”

သူ အကြောက်ဆုံးမေးခွန်းကို ဖြေရတော့မည်။ 

“အဲ့တာက… ဌာနကြီးလိုမျိုးကနေ မဟုတ်ပါဘူး။ ဟိုလေ…”

“ဘာလို့လဲ”

ဟီစုန်းမှ ဝင်ထောက်လိုက်သည်။ 

ရှချင်းချင်း သူတို့နှစ်ဦးကို တစ်လှည့်စီကြည့်၍

“ဝတ္ထုထဲကနေ ရတာပါ”

ထိုစကားကြောင့် အခြေအနေတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွား၏။ 

ယန်ချောင်လည်း ရှချင်းချင်းကို မျက်မှောင်ကြုတ်ကြည့်၍

“ဝတ္ထုကနေ ရတာလား”

All Chapters