ယုံရရဲ့လား
Vol. 19 Ch. 274
ဓာတ်ခွဲခန်း မီးရောင်အောက်၌ ရှချင်းချင်း၊ ယုရှန်၊ ယန်ချောင်၊ ဟီစုန်းတို့ အမူအရာများမှာ ထူးဆန်းနေကြ၏။
တာဝန်ရှိ နာမည်ကြီး ကျွမ်းကျင်ပညာရှင် ယန်ချောင်တစ်ယောက် ဝတ္ထုမှရသော အချက်အလက်ကို နားမလည်နိုင်ပေ။
ရှချင်းချင်းလည်း စူးရှသော အကြည့်များအောက်မှ နေရခက်စွာဖြင့် ခေါင်းငြိမ့်ပြ၏။
ဟီစုန်းလည်း မှင်တက်လျက် ဆိုက်ဘာဌာန အဖွဲ့မှူး ယုရှန်အား နားမလည်နိုင်စွာ လှမ်းကြည့်လိုက်မိသည်။
မနေ့ညက သူတို့ဖုန်းပြောစဉ်က ထိုအချက်အလက်များကို ဝတ္ထုထဲမှ ရရှိသည်ဟု ထည့်မပြောခဲ့ပေ။
ဟီစုန်းတစ်ယောက် ရုတ်တရက် နောင်တရချင်လာသည်။
သူ အကြီးအကဲယန်ကို မပြောလိုက်သင့်ဟု ထင်၏။
ယခုတော့ အကြီးအကန်ယန်သည် မျက်နှာအလွန် ပျက်နေပြီး ဆိုက်ဘာဌာနအဖွဲ့မှူးယုရှန်ကိုသာ စိုက်ကြည့်နေတော့သည်။
ရှချင်းချင်းမှ ထိုကဲ့သို့ သက်သေမျိုး ထုတ်ပြရဲသည်မှာ အဖွဲ့မှူးယုရှန်၏ ခွင့်ပြုချက်ကြောင့် ဖြစ်လေသည်။
ယုရှန် ချက်ချင်း ဖျစ်ညှစ်ပြုံးလျက်
“တခြားဝတ္ထုဆိုရင်တော့ ကျွန်တော်လည်း အကြီးအကန်ယန်အထိ ထုတ်ပြဖို့ ဆုံးဖြတ်မိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုက တကယ် ဆန်းကြယ်တဲ့ ဝတ္ထုမို့လို့ပါ”
ယန်ချောင်ကတော့ ဂရုမစိုက်သလိုပြုံး၍
“ဘာပဲဖြစ်ဖြစ် ဝတ္ထုက ဝတ္ထုပဲလေ။ ဘာများ ဆန်းကြယ်နေလို့လဲ”
“အကြီးအကဲယန်က အွန်လိုင်းဝတ္ထုလောကကို မရင်းနှီးလောက်ပေမဲ့ ဒီဝတ္ထုရေးတဲ့သူက ကျွန်တော်တို့ အန်လင်းက လင်းချွမ်ပါ။ သူက မှုခင်းဖြစ်ရပ်တွေကို အခြေခံပြီး ရေးလေ့ရှိပါတယ်။ ရေးတဲ့အခါမှာလည်း သေချာ စုံစမ်းစစ်ဆေးပြီး အစစ်အတိုင်း တိတိကျကျ ပညာသားပါပါ ရေးတာပါ။ အဖွဲ့မှူးဟီတော့ ကြားဖူးလောက်မယ် ထင်ပါတယ်”
ယုရှန် ပြုံး၍ ပြော၏။
လင်းချွမ်၏ ဂုဏ်သတင်းကို ပြောရာတွင်တော့ ယုံကြည်ချက် ရှိပါသည်။
ရှချင်းချင်းကတော့ ငယ်ရွယ်သူဖြစ်၍ အကြီးအကဲယန်၏ ဖြစ်တည်မှုကို ကြည့်ရုံဖြင့် နေရခက်နေမိ၏။
“လင်းချွမ်လား”
ဟီစုန်း မျက်မှောင်ကြုတ်သွားမိသည်။
ဆေးမှုခင်းအဖွဲ့မှူးအနေဖြင့် အန်လင်းမြို့မှ အမှု အတော်များများနှင့် ပတ်သက်ဖူးပြီး “ကျွမ်းကျင်လှသော လုပ်ကြံသူ” ဝတ္ထုကိုတော့ အားလုံး၏ အညွှန်းကောင်းများကြောင့် ဂရုတစိုက် ဖတ်ခဲ့ဖူးပါသည်။ ထို့ကြောင့် လင်းချွမ်ဟူသော အမည်နှင့်လည်း ရင်းနှီးနေ၏။
“ဟုတ်ပါတယ်”
ယုရှန် ခေါင်းငြိမ့်ပြသည်။
ယန်ချောင်ကတော့ သူတို့ကို နားမလည်နိုင်စွာ မျက်မှောင်ကြုတ်၍ ကြည့်နေ၏။
ခဏအကြာမှ ဟီစုန်း စိတ်တည်ငြိမ်အောင် ကြိုးစား၍ ရှင်းပြလေသည်။
“အကြီးအကဲယန် လင်းချွမ်က သာမာန် ဝတ္ထုရေးဆရာတော့ မဟုတ်ပါဘူး။ သူ့ဝတ္ထုတစ်ပုဒ် ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ ဆိုရင် ဒါရိုက်တာကျန်းအပါအဝင် မှုခင်းရဲအဖွဲ့ အားလုံးကတောင် ညွှန်းကြရတဲ့ ဝတ္ထုကောင်းပါ။ သူ့ကြောင့် ခက်ခဲတဲ့ အမှုတချို့ကိုတောင် ဖြေရှင်းနိုင်ခဲ့ပါတယ်”
“ဟုတ်ပါတယ်။ လင်းချွမ်က ယွန်းထျန်း ကျားဖြန့် စက်ရုံက လူမိုက်တွေကို ကိုယ်တိုင် ဖမ်းခဲ့တာပါ”
ရှချင်းချင်းမှ ဝင်ပြော၏။
ထို့နောက် အခြားအမှုများအကြောင်းပါ ပါလာသည်။
ဒါရိုက်တာကျန်းပြောင်၏ ထောက်ခံမှုလည်း ပါဝင်၍ စိတ်ဝင်စားစရာ ဖြစ်သွား၏။
ယန်ချောင် နားထောင်ပြီးနောက် ဖိုင်ထဲမှ အချက်အလက်များကို ပြန်ကြည့်၍ ခဏကြာမှ
“မင်းတို့ပြောသလိုဆို သူက တကယ် တော်နေတာပဲ။ ဒါပေမဲ့ ကိစ္စတွေကို ခွဲထားရအောင်။ မူးယစ်ဆေးဆိုတာ သေချာဓာတ်ခွဲစစ်ဆေးမှ သိနိုင်မှာလေ”
ယန်ချောင် သူ၏များပြားလှသော အတွေ့အကြုံများအရ ပြောလိုက်သည်။
လက်တွေ့စစ်ဆေးခြင်းမှာ အလွန်အရေးပါ၏။
ရလဒ်အစစ် မထွက်မချင်း ဂရုစိုက်ရပြီး ခန့်မှန်းချက်များကို နားမယောင်ဘဲ ဖယ်ထားရသည်။
ရှချင်းချင်းနှင့် ယုရှန်တို့ ထိုအခါမှ အနည်းငယ် စိတ်အေးသွားတော့သည်။
လင်းချွမ်၏ဝတ္ထုသာ မဟုတ်လျှင် ဓာတ်ခွဲခန်း တံခါးနားပင် ရောက်လိုက်မည် မဟုတ်ချေ။
ရောက်ခဲ့လျှင်လည်း ယန်ချောင်ကိုယ်တိုင် စစ်ဆေးပေးမည် မဟုတ်ပေ။
သို့သော်လည်း ယခု အကြီးအကဲယန်ကိုယ်တိုင် ပါဝင်ပေး၍ ပိုစိတ်လှုပ်ရှားရပြန်သည်။
အချက်အလက်များသာ မကိုက်ညီဘဲ အမှန်မဟုတ်ဟု ထွက်လာလျှင် ရယ်စရာအဖြစ်သာ အဆုံးသတ်ပေတော့မည်။
(၄) ယောက်သား ကော်ရစ်ဒါကိုဖြတ်၍ ညာဘက်သို့ ချိုးလိုက်သောအခါ အကြီးအကဲယန်၏ ဓာတ်ခွဲခန်းသို့ ရောက်လေသည်။
ရှချင်းချင်း ပြတင်းပေါက်မှန်အကြည်မှ အခန်းထဲသို့ လှမ်းကြည့်လိုက်၏။
အခန်းထဲ၌ အပြာရောင်မီးလဲ့လဲ့ လင်းနေပြီး စစ်ဆေးရေးအတွက် စားပွဲရှည်တစ်ခု အလယ်တွင် ချထားသည်။
နံရံတွင် နံရံကပ်စင်များစွာ ရိုက်ထားပြီး ဓာတ်ခွဲခန်းသုံး လိုအပ်သော ပစ္စည်းများ တင်ထား၏။
မျက်နှာအကာတပ်ဆင်၍ ဂျူတီကုတ်အဖြူများ ဝတ်ဆင်ထားသော ဝန်ထမ်းအချို့မှာတော့ အလုပ်ရှုပ်လျက် ရှိကြလေသည်။
“ရဲမေရှ မင်းပြောတဲ့ ဆေးအမျိုးအစားသစ်ထဲမှာ တချို့ ပါဝင်ပစ္စည်းနဲ့ လုပ်ငန်းစဉ်တွေ ပျောက်နေတယ်နော်။ ဝတ္ထုထဲမှာတည်းက မပါတာလား”
ယန်ချောင် အခန်းအဝင်ဝရောက်မှ လှမ်းမေးလိုက်၏။
“ဟုတ်ပါတယ် အကြီးအကဲယန်”
ရှချင်းချင်း ခေါင်းငြိမ့်ပြသည်။
“တချို့စာဖတ်သူတွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လိုက်လုပ်ကြမှာစိုးလို့ ထင်ပါတယ်”
အကြီးအကဲ ခေါင်းငြိမ့်ပြကာ
“တွေးခေါ်တာကတော့ ကောင်းပါတယ်”
“မပါလာတဲ့ အချက်အလက်တွေကြောင့်တော့ ပြဿနာ မရှိဘူးမလားဟင်”
ယုရှန်မှ လှမ်းမေး၏။
အကြီးအကန်ယန် ပြုံး၍ လက်ယမ်းပြကာ
“ငါကိုယ်တိုင်လည်း မူးယစ်ဆေး တော်တော်များများ စစ်ဆေးဖော်စပ်ဖူးပါတယ်။ ဖြစ်နိုင်ခြေတွေ လျှော့ချပြီး ရှာရမှာပေါ့။ အချိန်နည်းနည်း ပိုပေးရုံပါပဲ”
ယုရှန်မျက်နှာ ဝင်းပသွားပြီး
“အကြီးအကဲယန် ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်”
ဟီစုန်းမှ
“ကျွန်တော်လည်း အကြီးအကဲယန်ကိုယ်တိုင် လက်ခံပေးတာ ကျေးဇူးတင်ပါတယ်ဗျာ”
“ကျွန်တော့်အလုပ်ပဲလေ”
ယန်ချောင် ရယ်မော၍ ပြောကာ ဘေးမှအခန်းငယ်ထဲ၌ ဆေးကြောသန့်စင်ကာ မျက်နှာအကာ တပ်ပြီးနောက် ဓာတ်ခွဲခန်းထဲ ဝင်သွားတော့သည်။
ရှချင်းချင်း၊ ယုရှန်နှင့် ဟီစုန်းတို့မှာတော့ အပြင်တွင် စောင့်လျက် ကျန်ခဲ့လေသည်။
“အဖွဲ့မှူးယု လင်းချွမ်ဝတ္ထုထဲက အချက်အလက်တွေက ယုံရရဲ့လား”
ဟီစုန်း မနေနိုင်ဘဲ မေးလိုက်မိသည်။
ယုရှန် မဲ့ပြုံးပြုံးလျက်
“ယုံရမယ် ထင်တာပဲ။ ဒါပေမဲ့ အကြီးအကဲယန်ကိုယ်တိုင် စစ်ဆေးတာဆိုတော့ အမှားအယွင်းရှိမှာတော့ စိုးရိမ်မိတယ်”
အကြီးအကဲယန်ကဲ့သို့ ကျွမ်းကျင်ပညာရှင်ရှေ့တွင် ဟာသ မဖြစ်လိုပေ။
“မနေ့က ထည့်လည်းမပြောဘူး။ လုပ်ရက်တယ်နော်”
ဟီစုန်း သက်ပြင်းချ၍ ပြော၏။
“ကျွန်တော်လည်း စိတ်လှုပ်ရှားနေလို့ပါ”
ယုရှန် ရယ်ကျဲကျဲဖြင့် ပြန်ဖြေလိုက်လေသည်။