← Chapters

ကျွန်တော် ကူညီမယ်

Vol. 19 Ch. 275

ကျွန်တော် ကူညီမယ်

Vol. 19 Ch. 275

“ဆေးအမျိုးအစား (၃) က ကျွန်တော်တို့ ရှာနေတာ ဟုတ်ရဲ့လားပဲ စောင့်ရမှာပေါ့”

ဟီစုန်း သက်ပြင်းချ၍ ပြော၏။ 

ဓာတ်ခွဲခန်းထဲ၌ အကြီးအကဲယန်မှာ တပည့်များအား လိုအပ်သောပစ္စည်းများ ပြင်ဆင်ရန် ညွှန်ကြားနေသည်။ 

ပစ္စည်း (၃) မျိုးလည်း ဝတ္ထုထဲ မပါဝင်၍ စမ်းသပ်ချက်များ ပြုလုပ်ရဦးမည်။ 

သူ ဖိုင်တွဲကို စူးရှစွာ စိုက်ကြည့်နေပြီးနောက် ပထမဆုံး မီသနမင်းရည်အား တိုလင်းထဲ ရောလိုက်သည်။ 

ထို့နောက်…

စမ်းသပ်ချက်များစွာ ပြုလုပ်ပြီး (၂) နာရီခန့် ကြာသောအခါ အကြီးအကဲယန် ဓာတ်ခွဲခန်းထဲမှ ထွက်လာ၏။ 

“ဘယ်လိုလဲ အကြီးအကဲယန်”

ယုရှန်မှ အားတက်သရော လှမ်းမေးသည်။ 

ရှချင်းချင်းလည်း ထလာပြီး မျှော်လင့်တကြီး ငေးကြည့်နေ၏။ 

ယန်ချောင် သက်ပြင်းချ၍

“အများကြီး စမ်းသပ်တာတောင် မအောင်မြင်ဘူး။ အဲ့တော့ ငါ့စမ်းသပ်ချက်အရတော့ ဒီဆေးက ငါတို့ ရှာနေတဲ့ဟာ မဟုတ်ဘူး”

ထိုစကားကြောင့် အားလုံး တောင့်တင်းသွားကြသည်။ 

ယုရှန် နေရခက်စွာဖြင့်

“ဒါဆို အချက်အလက်တွေက အတုပေါ့”

ရှချင်းချင်းလည်း အလွန် ရှက်ရွံ့နေမိ၏။ 

အကြီးအကဲယန်ကဲ့သို့ ကျွမ်းကျင်ပညာရှင်ကိုယ်တိုင် ပြောနေ၍ မယုံ၍မရပေ။ 

သူ သက်ပြင်းခိုးချမိ၏။ 

“အတုလို့တော့လည်း မဟုတ်ဘူး။ ငါ့အရည်အချင်းနဲ့ လုံလောက်အောင် မစမ်းသပ်နိုင်တာလည်း ဖြစ်နိုင်တယ်”

ထိုစကားမှာ လူကြားကောင်းအောင် ပြောပေးခြင်းဟု နားလည်ကြပါသည်။ 

ရှချင်းချင်းနှင့် ယုရှန်တို့လည်း နောင်တရစွာဖြင့် ရဲစခန်းသို့ ပြန်လာလိုက်ကြ၏။ 

“အာ ရဲမေရှ အချက်အလက်က မကိုက်သေးဘူးဆိုတော့ မင်းတော့ ပင်ပန်းတော့မှာပဲ။ ပြန်ရှာရလိမ့်မယ်”

ယုရှန် စိတ်မကောင်းစွာ ပြောသည်။ 

“ဆေးအချက်အလက်တွေကို လင်းချွမ်ကိုယ်တိုင် ရေးခဲ့တာဆိုတော့ အနည်းနဲ့အများ ဆက်စပ်မှာပဲ။ ကျွန်မ သူ့ကို မေးကြည့်ဦးမယ်။ သဲလွန်စတစ်ခုခုတော့ ရမှာပါ”

ရှချင်းချင်း သက်ပြင်းချ၍ တည်ငြိမ်စွာ ပြော၏။ 

ထိုအခါ ယုရှန် ချက်ချင်း မျက်လုံးအရောင်တောက်သွားပြီး

“အဲ့တာ ပိုအဆင်ပြေတယ် ရဲမေရှ။ လင်းချွမ်ကို ချက်ချင်း မေးကြည့်လိုက်။ အခွင့်အရေး ရှိပါသေးတယ်”

“ဟုတ်ကဲ့ပါ”

ရှချင်းချင်း ယုရှန်အား ဝမ်းသာအားရ ခေါင်းငြိမ့်ပြလိုက်သည်။ 

ထို့နောက် ဖုန်းထုတ်၍ ချက်ချင်း ဆက်လေ၏။ 

တီ တီ တီ…

ဖုန်းသံမှာ ရဲကားထဲ၌ ကျယ်လောင်စွာ ထွက်နေသည်။ 

နောက်ဆုံး တစ်ဖက်မှ ဖုန်းကိုင်လိုက်၏။ 

“ဟယ်လို ရဲမေရှ”

ရင်းနှီးနေသောအသံ ထွက်ပေါ်လာသည်။ 

“မနေ့ကပြောတဲ့ကိစ္စ ချက်ချင်း ရှာတွေ့သွားပြီလား”

ရှချင်းချင်းမှ

“ဒီမနက်ပဲ ဟွာရန်ကုမ္ပဏီက မိတ်ဆွေကို မေးထားလိုက်ပြီ။ ကျွန်မ စခန်းပြန်ရောက်ရင် အချက်အလက်တွေ ပြန်ပြောပေးပါမယ်”

“ဪ အပြင်ရောက်နေတာလား။ ရပါတယ်။ အေးဆေးမှ ပို့ပါ”

လင်းချွမ် ရယ်မော၍ ဆက်မေးလိုက်၏။ 

“ဒါနဲ့ ကိစ္စတစ်ခုခု ရှိလို့လား”

ရှချင်းချင်းပြုံး၍

“လင်းချွမ်ရယ် ရှင့်ကိုတော့ ဘာမှ ဖုံးကွယ်လို့ မရပါလား”

“ဒီလိုပဲ အပြန်အလှန်ပေါ့ဗျာ။ ကဲပါ။ ဘာမို့လို့လဲ”

လင်းချွမ်ပြုံး၍ ပြောလိုက်သည်။ 

“ရှင့်ဝတ္ထုထဲမှာ ရေးထားတဲ့ မူးယစ်ဆေး အချက်အလက်တွေကို မှတ်မိလား”

ရှချင်းချင်း ဝေ့ဝိုက်မနေတော့ဘဲ ပြောလိုက်သည်။ 

“အာ အချက်အလက်ကတော့ အများကြီးပဲ။ ဘာလို့လဲ”

လင်းချွမ် နည်းပညာကုမ္ပဏီထဲ ထိုင်နေရင်း မျက်မှောင်ကြုတ်သွားမိ၏။ 

ငါ နိုင်ငံခြားမှာပဲ ထုတ်ဝေပြီး အရေးကြီး အချက်တွေလည်း ဖျောက်ထားတာပဲ။ အဲ့တာ တရားမဝင်တာ မဟုတ်ဘူးမလား။ 

“အဲ့ပစ္စည်းတွေကို ရှင်ကိုယ်တိုင် စဉ်းစားတာလား။ တခြားတစ်နေရာရာကနေ ရတာလား”

ရှချင်းချင်း လေးနက်စွာ မေး၏။ 

“ရဲမေရှ ဘာဖြစ်လို့လဲဗျ”

ထိုစဉ် ရှချင်းချင်း ယုရှန်အား လှမ်းကြည့်လိုက်၏။ 

ယုရှန် ခေါင်းငြိမ့်ပြမှ ရှချင်းချင်း ပြန်ဖြေလေသည်။ 

“ဒီလိုပါ ကျွန်မတို့ အခု မူးယစ်ဆေးအမျိုးအစားသစ် တစ်မျိုးကို စုံစမ်းနေတာလေ။ အဲ့တာ ရှင့်ဝတ္ထုထဲက အမျိုးအစား (၃) နဲ့ တိုက်ဆိုင်နေလို့ အရင်းအမြစ် အစစ်နဲ့ အချက်အလက်တွေကို သိချင်တာ”

လင်းချွမ် ထိုအခါမှ သဘောပေါက်သွား၏။ 

“နားလည်ပါပြီ”

“အဲ့တာ ရှင် လိုအပ်တဲ့ပစ္စည်းတွေကို သိလား”

ရှချင်းချင်း ထပ်မေးလိုက်သည်။ 

“ဟင်…”

“လင်းချွမ် ရှင့်အတွက် ဘာမှ မထိခိုက်စေရပါဘူး”

ရှချင်းချင်း ထပ်ဖြည့်ပြောလိုက်၏။ 

လင်းချွမ်ပြုံး၍

“အချက်အလက်အသေးစိတ်က သိတော့ သိပါတယ်”

ရှချင်းချင်း မျက်လုံးအရောင်တောက်၍

“အဲ့တာ ယုံရလား”

ယုရှန်လည်း မျှော်လင့်တကြီး နားထောင်နေ၏။ 

“ယုံရပါတယ်”

“ဆရာလင်း အခုပဲ အချက်အလက်တွေ ပို့ပေးလို့ရမလား”

ရှချင်းချင်း စိတ်လှုပ်ရှားစွာ တောင်းဆိုမိ၏။ 

“ခဏလေးနေဦး။ ကျွန်တော် ပို့လိုက်မယ်နော်”

လင်းချွမ် ဖုန်းချပြီးနောက် ကွန်ပျူတာထဲမှ ဖိုင်တစ်ခုကို လိုအပ်သည်များ ဖြည့်ပြီးနောက် ရှချင်းချင်းအား ပို့လိုက်သည်။ 

“ပို့လိုက်ပြီနောက် ရဲမေရှ”

“ဟုတ်ကဲ့ပါ။ ကြည့်လိုက်ဦးမယ်နော်”

ရှချင်းချင်း ဖုန်းချကာ ချက်ချင်း ဖိုင်ထဲ ဝင်ကြည့်လိုက်သည်။ 

ထိို့နောက် ယုရှန်နှင့်အတူ သေချာကြည့်ပြီးသောအခါ နှစ်ဦးသား မှင်တက်သွားကြ၏။ 

လင်းချွမ်ဖိုင်ထဲတွင် အချက်အလက် အနည်းငယ်သာ ပိုပါလေသည်။ 

ထို့အပြင် ထိုဖိုင်အား အကြီးအကဲယန်မှ ငြင်းပယ်ထားပြီး ဖြစ်၏။ 

“ဆရာလင်း ဒီအချက်အလက်နဲ့ ဆေးနံပါတ် (၃) ထုတ်နိုင်တာ သေချာရဲ့လား”

ရှချင်းချင်း မယုံနိုင်စွာဖြင့် ပြန်မေးမိသည်။ 

ကိစ္စမှာ အလွန်အရေးကြီးပြီး အမှားမခံ၍ ဖြစ်၏။ 

ပြောရလျှင် အန်လင်းတစ်မြို့လုံးအထိ သက်ရောက်မှု ရှိလေသည်။ 

“လုံးဝ သေချာပါတယ်”

လင်းချွမ်လည်း ပုံရိပ်ယောင်လောက၌ ကိုယ်တိုင် အကြိမ်ပေါင်းများစွာ ထုတ်လုပ်ဖူး၍ အခိုင်အမာ ပြန်ဖြေလိုက်သည်။ 

ရှချင်းချင်း ခဏစဉ်းစားပြီးနောက် ဓာတ်ခွဲခန်းမှကိစ္စအကြောင်း အမှန်အတိုင်း ပြောလိုက်သည်။ 

“ရဲမေရှ အဲ့တော့ ကျွန်တော့်ဝတ္ထုထဲက ဆေးနံပါတ် (၃) နဲ့ မူးယစ်ဆေးသစ်နဲ့ ကိုက်မကိုက် သိချင်တာမလား”

“ဟုတ်ပါတယ်။ ဒါနဲ့ ရှင်က ဘာလို့ စိတ်လှုပ်ရှားသလို ဖြစ်နေတာလဲ”

ရှချင်းချင်း အံ့ဩစွာ မေးမိ၏။ 

“ကျွန်တော် ကူညီပေးနိုင်ပါတယ် ရဲမေရှ”

လင်းချွမ် အားတက်သရော ပြောလိုက်သည်။ 

“ဟင်”

ရှချင်းချင်း မှင်တက်လျက်

“သဲလွန်စ ဝိုင်းရှာပေးနိုင်တယ် ပြောတာလား။ ဒါမှမဟုတ်…”

“ဆေးထုတ်လုပ်တာကို ကူပေးမယ် ပြောတာပါ။ ကျွန်တော် ဆေးအားလုံးကို ရင်းနှီးပါတယ်”

လင်းချွမ်ပြောရင်း ပိုစိတ်လှုပ်ရှားလာသည်။ 

သူ့စနစ်တာဝန်ကို ပြီးမြောက်နိုင်ရန် အခွင့်အရေး ရောက်လာလေပြီ။ 

ဟား ဟား ဟား…

“ရှင် ဆေးတွေနဲ့ ရင်းနှီးတယ်လို့ ပြောလိုက်တာလား”

ရှချင်းချင်းနှင့် ယုရှန်တို့ အချင်းချင်း ကြည့်လိုက်မိသည်။ 

ရှင်ကတော့ တစ်ခုခုပဲ။ 

All Chapters