← Chapters

လက်ခံလိုက်ပါမယ်

Vol. 19 Ch. 276

လက်ခံလိုက်ပါမယ်

Vol. 19 Ch. 276

စတူဒီယို ၇၂၀ ကုမ္ပဏီ ရုံးခန်း။ 

လင်းချွမ် ဖုန်းကိုကိုင်ထားရင်း နေရခက်စွာ ချောင်းဟန့်၍

“အဟမ်း ကျွန်တော် နည်းနည်း နားလည်တယ် ပြောတာပါ။ အရမ်းကြီးတော့လည်း မဟုတ်ပါဘူး”

“ရှင် မူးယစ်ဆေးတွေ ထုတ်နေတာလား”

ရှချင်းချင်း အံ့ဩစွာ မေးလိုက်၏။ 

“အဲ့လိုမဟုတ်ပါဘူး ရဲမေရှရယ်။ ပေါက်ကရတွေ မပြောပါနဲ့။ မဖြစ်နိုင်တာတွေ”

လင်းချွမ် အတင်းပြန်ငြင်းလေသည်။ 

“ထို့နောက်…”

ရှချင်းချင်း ခဏတွေဝေနေမိ၏။ 

လင်းချွမ် ချက်ချင်း ရယ်မောလျက်

“ရဲမေရှကလည်း ကျွန်တော့်အကြောင်း သိရဲ့သားနဲ့။ ကျွန်တော် အဲ့လို တရားမဝင်တာတွေ မပတ်သက်ဖူးပါဘူး။ သိနေတာက ဓာတုဗေဒ လေ့လာသူမို့လို့ပါ”

“ဘယ်လို”

“ဟုတ်ပါတယ်”

လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့်

“ကျွန်တော်က ဓာတုဗေဒ လေ့လာသူလေ။ အလယ်တန်းလောက်တည်းက ဓာတုဗေဒကို စိတ်ဝင်စားလို့ အပြင်ဗဟုသုတတွေပါ ကိုယ်တိုင် လိုက်လေ့လာခဲ့တာလေ။ ဓာတုပစ္စည်း ဖော်စပ်နည်းတွေလည်း နည်းနည်း သိတယ်။ ဒီဆေးနံပါတ် (၃) ဆိုရင်လည်း စိတ်ထဲမှာ အများကြီး ပုံဖော် ထုတ်လုပ်ပြီးပြီ။ အဲ့တာကြောင့် ရင်းနှီးတယ် ပြောတာပါ”

သူ့ရှင်းပြချက်ကြောင့် ရှချင်းချင်းနှင့် ယုရှန်တို့ မှင်တက်သွားကြ၏။ 

စိတ်ထဲကနေ ပုံဖော်ထုတ်လုပ်တယ်လား။ 

သူက တကယ့် ပါရမီရှင်လား။ 

သို့သော် ရှချင်းချင်း ပြန်မမေးဘဲ

“ဆရာလင်း ကျွန်မသိသလောက်တော့ ရှင် ကောလိပ်မှာ စာပေဘာသာ ယူခဲ့တာနော်”

“အာ အဲ့တာက သိတယ်မလား။ ကျွန်တော်က ဟန်ခေတ်အကြောင်းလည်း အရမ်းစိတ်ဝင်စားတယ်လေ။ အွန်လိုင်းဝတ္ထု ရေးတဲ့အခါလည်း လိုအပ်တယ်ဆိုတော့ တက်လိုက်တာ။ ဒီစမ်းသပ်ချက်က ဝတ္ထုရေးမယ်ဆိုမှ ပြန်လေ့လာရှာဖွေပြီး စိတ်ထဲမှာ ပုံဖော်ကြည့်လိုက်တာ”

ရဲကားထဲ၌။ 

ရှချင်းချင်း လင်းချွမ်၏ တောင်စဉ်ရေမရ စကားများ နားထောင်ရင်း ယုရှန်အား လှမ်းကြည့်မိသည်။ 

အဖွဲ့မှူးယုရော ယုံလားဟူသည့် အကြည့်မျိုး ဖြစ်သည်။ 

ယုရှန် ခေါင်းယမ်းပြ၏။ 

အမှန်တော့ သူကိုယ်တိုင်လည်း မယုံနိုင်ပေ။ 

“ဆရာလင်း အများကြီးတွေ ရှင်းပြနေစရာ မလိုပါဘူး။ ကျွန်မက ဆိုက်ဘာရဲလေ။ မူးယစ်နှိမ်နင်း အဖွဲ့ကလည်း မဟုတ်ဘူး”

ရှချင်းချင်း ပြုံး၍ ပြန်ပြောလိုက်၏။ 

“ဟားဟား”

လင်းချွမ် နေရခက်စွာ ရယ်မော၍ နဖူးအား ခပ်ဖွဖွ ရိုက်မိကာ

“ကျွန်တော့်ဝတ္ထုထဲက ဆေးနံပါတ် (၃) ကို ထုတ်ချင်ရင် ကူညီပေးနိုင်တယ် ပြောတာပါ။ အဲ့အရင်းအမြစ်ကို ကျွန်တော် အသိဆုံးလေ။ ယုံကြည်လို့ ရပါတယ်”

“ဆရာလင်းရယ် စိတ်လျှော့ပါ။ ကျွန်မ ယုံပါတယ်”

“လင်းချွမ် ကျွန်တော်လည်း ယုံပါတယ်”

ယုရှန်မှ ဝင်ပြော၏။ 

သူတို့ မတတ်သာဘဲ လင်းချွမ်ကို ယုံကြည်ရတော့မည်။ 

ဒါရိုက်တာကျန်းမှလည်း လင်းချွမ်ကို ပြစ်မှု မကျူးလွန်မိအောင် စောင့်ကြည့်ရန် မှာထား၏။ 

ထို့ကြောင့် ယခုအမှုတွင် လင်းချွမ်ကို ယုံကြည်၍ အရင်ဆုံး ဖော်စပ်ကြည့်ရတော့မည်။ 

“ယုံကြည်ပေးကြတာ ကျေးဇူးတင်ပါတယ်။ အဲ့တော့ ဆေးထုတ်လုပ်ဖို့ကရော”

လင်းချွမ် ပြုံး၍ မျှော်လင့်ကာ မေးလိုက်၏။ 

ရှားပါးသော အခွင့်အရေးအား လက်လွတ်မခံနိုင်ပေ။ 

သန့်စင်သော မူးယစ်ဆေးကို ကိုယ်တိုင်ထုတ်လုပ်နိုင်မည့် အခြေအနေမျိုး နောက်ထပ် ကြုံရမည်ဟု မသိနိုင်ချေ။ 

တရားဝင်ဓာတ်ခွဲခန်းတွင်မူ ပို၍ မဖြစ်နိုင်။ 

ရဲကားလေးမှာ လမ်းမပေါ်တွင် တရွေ့ရွေ့ မောင်းနှင်ရင်း ကားထဲမှ ရှချင်းချင်း ယုရှန်အား လှမ်းကြည့်လိုက်ပြန်သည်။ 

ယုရှန် ခေါင်းငြိမ့်ပြ၏။ 

ရှချင်းချင်း ပြုံး၍

“ဆရာလင်းလည်း ဓာတုဗေဒအကြောင်း နားလည်တယ်ဆိုတော့ လက်ခံလိုက်ပါမယ်။ ရှင် ဘယ်အချိန်အားလဲ”

“အခု အားနေပါတယ်”

လင်းချွမ် ပြုံး၍ ပြော၏။ 

“ဒါဆို ကျွန်မတို့ အခုပဲ လာခေါ်ပါ့မယ်”

“ရတယ်လေ။ ကျွန်တော်က အခု ကျုံချန်အဆောက်အဦ စတူဒီယို ၇၂၀ ကုမ္ပဏီမှာ”

ထိုအခါ ရဲကားလေးလည်း တည်နေရာပြောင်း၍ ပြန်လှည့်လာလေ၏။ 

လင်းချွမ် ဖုန်းချလိုက်ပြီးနောက် ပျော်ရွှင်လွန်း၍ သီချင်းပင် ညည်းနေမိလေသည်။ 

“သူဌေး ဘာသတင်းကောင်း ရှိလို့လဲ”

ထိုစဉ် ကျန်း ရုံးခန်းထဲ ဝင်လာပြီး ပြုံး၍ မေးလိုက်သည်။ 

လင်းချွမ် သူ့အနားလျှောက်သွားပြီး ကျန်းအား ထိုင်ခုံ၌ ထိုင်စေကာ ပုခုံးများနှိပ်ပေးရင်း ရှင်းပြသည်။ 

“ရဲဘက်က ဆေးတစ်မျိုး ထုတ်ဖို့ အကူအညီ တောင်းလာလို့ပါ”

“ရှင်က ဆေးထုတ်လုပ်နည်း သိလို့လား”

ကျန်း အံ့ဩစွာ မေးလိုက်သည်။ 

“အင်း ဆေးဆိုတာ ပုံမှန်ဟာတော့ မဟုတ်ဘူးလေ”

လင်းချွမ် အစအဆုံး ရှင်းပြလိုက်မှ ကျန်း နားလည်သွားတော့သည်။ ထို့နောက် လင်းချွမ် နှိပ်နေသော လက်များကို လှမ်းကိုင်၍

“ဒါနဲ့ ဟွာရန်ကုမ္ပဏီကရော သတင်းမကြားသေးဘူးလား”

“အခုထိတော့ မသိရသေးဘူး။ သူတို့ကို ဆေးထုတ်လုပ်တာ ကူပေးရင်း မေးခဲ့မယ်နော်”

လင်းချွမ် တည်ငြိမ်စွာပြေ၍ ကျန်းလည်း စိိတ်လျှော့ထားလိုက်သည်။ 

“ဟုတ်ကဲ့ပါ။ ဒါနဲ့ ကျွန်မ နေ့လယ်လောက် အန်ကျောက် ဆေးထုတ်လုပ်ရေးစက်ရုံ သွားလိုက်ဦးမယ်”

“အန်ကျောက်စက်ရုံလား”

“ဟုတ်တယ်လေ။ မမခီခီက လာလေ့လာဖို့ ခေါ်လို့။ ကျွန်မလည်း တွေ့ဖူးချင်နေတာနဲ့”

ကျန်း ပြုံးရွှင်၍ ပြော၏။

“ကို ပြန်လာပြီးမှ အတူတူသွားရင်ရော”

လင်းချွမ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ 

“မလိုပါဘူး”

ကျန်း ငြင်းလိုက်သည်။ 

သူ လင်းချွမ်အံ့ဩစေရန် ရေးနေသည့်ဝတ္ထုအတွက်လည်း လိုအပ်သည့်အတွက် သွားလည်ခြင်း ဖြစ်လေ၏။ 

“အဲ့တာဆိုလည်း ကောင်းပါပြီ”

လင်းချွမ် သူ့ဆံနွယ်လေးများအား သပ်ပေးရင်း ပြောလိုက်သည်။ 

မကြာမီ ရှချင်းချင်းနှင့် ယုရှန်တို့ ရောက်လာကြသည်။ 

လင်းချွမ်လည်း ရဲကားပေါ်တက်၍ ဓာတ်ခွဲခန်းဆီ ထွက်လာကြလေ၏။ 

“ဆရာလင်း အဲ့လောက် ထူးချွန်မယ်လို့တော့ မထင်ထားမိဘူး”

ရှချင်းချင်း လင်းချွမ်အား စနောက်လိုက်သည်။ 

“ဘာကိုလဲဗျ”

လင်းချွမ် နှာခေါင်းလေးပွတ်လျက် နေရခက်စွာ ပြော၏။ 

သူ့လို ပြစ်မှုမှတ်တမ်း အရည်အချင်းရှိသူကို ထိုစကားမျိုးပြောသည်မှာ မလွန်ပေ။ 

All Chapters