← Chapters

အောင်မြင်သွားပြီ

Vol. 19 Ch. 278

အောင်မြင်သွားပြီ

Vol. 19 Ch. 278

ဓာတ်ခွဲခန်း အပြင်ဘက်၌။ 

ယုရှန်၊ ဟီစုန်းနှင့် ရှချင်းချင်းတို့မှာ ဓာတ်ခွဲဖော်ထုတ်ခြင်းအကြောင်း နားမလည်၍ အပြင်၌သာ စောင့်နေကြရသည်။ 

“အကြီးအကဲယန်ကိုယ်တိုင် ဝင်ပါပေးနေတာ ပိုစိတ်လှုပ်ရှားရတာပဲ”

ဟီစုန်း သက်ပြင်းချ၍ ပြောလိုက်၏။ 

သူ ရင်တဒိတ်ဒိတ်ခုန်လျက် လင်းချွမ်တို့ကို ငေးကြည့်ကာ အဖြေအား မျှော်လင့်နေသည်။ 

“မစိုးရိမ်ပါနဲ့ အဖွဲ့မှူးဟီရယ်။ လင်းချွမ်က အမြဲ ယုံကြည်ချက်ရှိတဲ့အလျောက် ကျွန်မတို့ကို သိက္ခာကျအောင် တစ်ခါမှ မလုပ်ဖူးဘူး”

ရှချင်းချင်း ပြုံး၍ အားပေးလိုက်သည်။ 

“ကျွန်တော်ကတော့ သူ့သတင်းကို ကြားရုံပဲ ကြားဖူးတာလေ”

ဟီစုန်းပြုံး၍ ဆက်ပြော၏။ 

“အမှန်အတိုင်း ပြောရရင် သူက ဘယ်လိုလုပ် မူးယစ်ဆေး ထုတ်နိုင်မှာလဲ”

သူပြောရင်း ယုရှန်နှင့် ရှချင်းချင်းတို့အား လှမ်းကြည့်မိသည်။ 

ထိုနှစ်ဦးလည်း အချင်းချင်းကြည့်၍ ခေါင်းယမ်းလိုက်၏။ 

“ခင်ဗျားတို့ သူ့အရည်အချင်းတွေ ဘယ်ကလာလဲ မသိဘူးလား။ တရားရော ဝင်ရဲ့လား”

ဟီစုန်းမှ မူးယစ်နှိမ်နင်းအဖွဲ့မှူးတစ်ယောက်၏ အကျင့်အတိုင်း စူးစမ်းလေသည်။ 

ရှချင်းချင်း ခဏငြိမ်နေပြီးမှ ပြန်ဖြေ၏။ 

“အဖွဲ့မှူးဟီ လင်းချွမ်အရည်အချင်းတွေက တရားမဝင်ရင် သူ ကျွန်မတို့ရှေ့ ထွက်လာရဲပါ့မလား။ ကျွန်မတို့ရှေ့တင် မူးယစ်ဆေး ထုတ်လုပ်ပြရဲမလား။ ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ မတူဘူးလား”

“ရဲမေရှပြောတာ အဓိပ္ပာယ်ရှိတယ်”

ယုရှန် ဝင်ထောက်ခံ၏။ 

ဟီစုန်း ခဏစဉ်းစား၍

“အင်းလေ။ ဟုတ်တော့လည်း ဟုတ်ပါတယ်”

“ကဲပါ အဖွဲ့မှူးဟီရယ် လင်းချွမ် အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ဖို့ပဲ ဆုတောင်းပါ။ အဲ့တာမှ အမှုလည်း ပြီးပြတ်၊ အကြီးအကဲယန်လည်း မဆူမှာ”

ယုရှန် စနောက်လိုက်၏။ 

“ဒါပေါ့။ ကျွန်တော်လည်း အဲ့လိုပဲ ဖြစ်လာဖို့ မျှော်လင့်ပါတယ်”

ဟီစုန်း ရယ်မော၍ ပြောလိုက်သည်။ 

သူ အမှန်တော့ အွန်လိုင်းစာရေးဆရာတစ်ဦး၏ ဓာတ်ခွဲဖော်ထုတ်မှုကို မယုံနိုင်ပေ။ 

(၂) နာရီခန့်ကြာသော်။ 

ဓာတ်ခွဲခန်းတံခါး ပွင့်လာ၏။ 

လင်းချွမ်နှင့် အကြီးအကဲယန်တို့လည်း အတူတူ ထွက်လာရာ ရှချင်းချင်း၊ ဟီစုန်းနှင့် ယုရှန်တို့ မတ်တပ်ထရပ်၍ ဝိုင်းလာကြသည်။ 

“လင်းချွမ် အခြေအနေ ဘယ်လိုလဲ”

ရှချင်းချင်း လင်းချွမ်ကို ငေးကြည့်၍ စိတ်ဝင်တစား မေးလိုက်၏။ 

သူ ဆေး (၂) မျိုး ကိုက်ညီရန် ရင်ထဲအသည်းထဲမှ အလွန်မျှော်လင့်မိသည်။ 

ဟီစုန်းနှင့် ယုရှန်တို့လည်း လင်းချွမ်ကိုသာ ငေးကြည့်၍ အဖြေကို စောင့်နေ၏။ 

အားလုံးကြားတွင် လင်းချွမ်တစ်ယောက် အာရုံစိုက်စရာ ဖြစ်နေလေသည်။ 

လင်းချွမ် သူတို့ကိုကြည့်၍ ပြုံးကာ

“ထုတ်လုပ်တာက အရမ်းတော့ မပြေဘူး။ ဒါပေမဲ့…”

“အာ မပြေဘူးလား”

လင်းချွမ် စကားမဆုံးမီပင် ဟီစုန်း အားလျော့ကာ သက်ပြင်းချမိ၏။ 

“မစိုးရိမ်ပါနဲ့ အဖွဲ့မှူးဟီရယ်။ ဒါပေမဲ့ အောင်မြင်သွားပါတယ်”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

ဟီစုန်း ချက်ချင်း အမူအရာပြောင်းသွားကာ ဝမ်းသာအားရဖြင့်

“အောင်မြင်တယ်လား။ တော်သေးတယ်။ တော်သေးတာပေါ့”

“တကယ် လေးစားစရာပဲ”

ရှချင်းချင်းလည်း မျက်လုံးလေးများ တောက်လျက် သဘောကျစွာ ကြည့်နေသည်။ 

လင်းချွမ်ပြုံးကာ

“အကြီးအကဲယန်ကိုတော့ အကြွေးတင်သွားပြီ။ သူသာ မကူညီရင် အောင်မြင်မှာ မဟုတ်ဘူး”

အားလုံး ဘေးမှ ယန်ချောင်ကို ကြည့်မိပြန်သည်။ 

တက်ကြွနေသော အကြီးအကဲယန်မှာ လက်ယမ်းပြရင်း ပြုံးလျက်

“လူငယ်တွေရဲ့ စွမ်းဆောင်ရည် ကောင်းလို့ပါ။ ဓာတ်ခွဲမှု အစအဆုံး အားလုံး ညီလေးလင်း သူ့ဟာသူ လုပ်သွားတာ။ ကျွန်တော် ဝင်ကူဖို့ အခွင့်အရေးတောင် မရပါဘူး”

ထိုစကားကြောင့် အပြင်တွင် ကျန်ခဲ့သော (၃) ယောက် ပိုအံ့ဩသွား၏။ 

အစအဆုံး လင်းချွမ်တစ်ယောက်တည်း လုပ်သွားတာလား။ 

အကြီးအကဲယန်စကားအရ လင်းချွမ်ကို တမင် မြှောက်ပြောနေခြင်း မဟုတ်ပေ။ 

ရှချင်းချင်း လင်းချွမ်ကို ယုံကြည်ထားသော်လည်း အံ့ဩစွာ ငေးကြည့်နေမိသည်။ 

အကြီးအကဲယန်မှ ညီလေးလင်းဟုလည်း သုံးနှုန်းလိုက်သေးသည်။ 

လင်းချွမ် နှိမ့်ချစွာဖြင့်

“အကြီးအကဲယန် ကိုယ်တိုင် ဝင်မကူရင်တောင် ဘေးမှာ ရှိနေတာနဲ့တင် တော်တော် ယုံကြည်ချက် တိုးစေလို့ ကံကောင်းပြီး အောင်မြင်သွားတာပါပဲ”

“ဟားဟား ညီလေးလင်းကတော့ လုပ်ပြီ။ ကျွမ်းကျင်အဆင့်တောင် ရောက်နေပြီကို”

အကြီးအကဲယန် လူငယ်လေးတစ်ဦးကို အပြတ်အသတ် ချီးကျူးနေမိသည်။ 

“ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် အကြီးအကဲယန်နဲ့ လင်းရယ်”

ဟီစုန်း ထိုအခါမှ သတိပြန်ဝင်ပြီး ချက်ချင်း ကျေးဇူးတင်စကား ဆိုရ၏။ 

ယန်ချောင် လက်ယမ်းပြကာ

“အဖွဲ့မှူးဟီ ညီလေးလင်းနဲ့ ကျွန်တော်တို့ ဓာတ်ခွဲခန်းမှာ ဖော်ထုတ်ခဲ့တဲ့ မူးယစ်ဆေးက ၉၅% အထိ သန့်စင်ပါတယ်။ အဲ့တော့ ခင်ဗျားတို့ သိချင်တဲ့ ဆေးအသစ်နဲ့ ကိုက်ညီတယ်ပေါ့လေ”

“အံ့ဩစရာပဲ”

ဟီစုန်း မျက်လုံးအရောင်လက်၍ မျက်နှာလည်း ဝင်းပသွားသည်။ 

ဤသို့ဖြင့် ဆေးနမူနာရသောအခါ အချက်အလက် အသေးစိတ်ကို ထိန်းသိမ်း၍ အနံ့ခံခွေးများဖြင့် စစ်ဆေးမှုအား ဖြန့်ကျက် စုံစမ်းလေသည်။ 

ထိုအခါ သုံးစွဲသူများရော၊ ရောင်းသူများကိုပါ ထိထိရောက်ရောက် ရှာဖွေအရေးယူနိုင်၏။ 

ယခုတစ်ခါလည်း လင်းချွမ်တစ်ယောက် ထူးချွန်စွာ အောင်မြင်သွားပြန်သည်။ 

ထိုဖြစ်ရပ်ကြောင့် အားလုံး အကျိုးရှိသွားကြပြီး အကြီးအကဲယန်မှာ လင်းချွမ်ကို အလွန်လေးစား၍ အကူအညီလိုအပ်လျှင် ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ 

ဤသို့ဖြင့် ကွန်ယက်တစ်ခု ပိုကျယ်လာ၏။ 

အကြီးအကဲယန်မှာ အင်္ဂလိပ်စာ သိပ်မကောင်း၍သာ။ 

မဟုတ်လျှင် လင်းချွမ်၏ ရေခဲနက်ကို ကိုယ်တိုင်ဖတ်၍ ခံစားကြည့်ချင်၏။ 

လင်းချွမ်ကတော့ စနစ်အချက်အလက်များကို ဖွင့်ကြည့်လိုက်မိသည်။

[စာအုပ်: ရေခဲနက်]

[လက်ရှိအခြေအနေ: ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း: ၁၃၃၀၈/၅၀၀၀၀]

[စစ်ဆေးမှုတာဝန်: ၉၅% သန့်စင်သော မူးယစ်ဆေး ထုတ်လုပ်ရန် (အောင်မြင်ပြီး)]

ဟူး…

လင်းချွမ် ထိုတာဝန်ပြီးမှပဲ သက်ပြင်းချနိုင်တော့၏။

All Chapters