← Chapters

ရှင်က ထိန်းချုပ်ထားတာပဲ

Vol. 19 Ch. 280

ရှင်က ထိန်းချုပ်ထားတာပဲ

Vol. 19 Ch. 280

တဖြည်းဖြည်း နေဝင်ချိန် ရောက်လာသည်။ 

လင်းချွမ် ကျန်းရှင်းရှင်းနှင့် စကားပြောရင်း ယူရန်ဗီလာထဲ ဝင်လာ၏။ 

ယူရန်ဗီလာမှာ အန်လင်း၏ ဆင်ခြေဖုံးရပ်ကွက်တွင်ရှိပြီး တောင်တန်းများကို အပန်းဖြေကြည့်ရှုနိုင်သည့် အိမ်ရာတစ်ခု ဖြစ်သည်။ 

ယုခီခီ လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့အား သူ့စိတ်ရင်းကိုပြသရန် ထိုနေရာတွင် အထူးစီစဉ်ထားခြင်း ဖြစ်လေ၏။ 

အမှောင်ထုကို ဖြတ်ကျော်ပြီးနောက် ဗီလာထဲတွင် မြက်ခင်းနှင့် ပန်းရနံ့များ မွှေးပျံ့သင်းကြိုင်နေသည်ကို ခံစားလိုက်ရသည်။ 

သစ်ပင်ကြီးများပေါ်မှ ငှက်ကလေးများ၏ အသံတစာစာကြောင့်လည်း ပတ်ဝန်းကျင်မှာ ပို၍ အသက်ဝင်နေလေသည်။ 

“ဒါရိုက်တာလင်းနဲ့ ရှင်းရှင်း”

အသံတစ်ခု ကြားလိုက်ရ၏။ 

လင်းချွမ် လှမ်းကြည့်သောအခါ ကြာကန်နှင့် သစ်သားအိမ်လေးဘေး၌ ယုခီခီ သူတို့ကို လက်လှမ်းပြနေလေသည်။ 

သူ အနက်ရောင် ပုခုံးကျဂါဝန်တိုလေးကို ဝတ်ဆင်ထား၍ ရှည်လျားသွယ်လျသော ပေါင်တံနှင့် ဖြူဖွေးသော အသားအရည်တို့မှာ ထင်းနေသည်။ 

ကပြားမျက်နှာလေးမှာ နူးညံ့စွာထင်ပေါ်နေပြီး တစ်ချက်ကြည့်ရုံဖြင့် တန်းမြင်နိုင်၏။ 

“သူဌေးယု”

လင်းချွမ်ပြုံး၍ နှုတ်ဆက်လိုက်သည်။ 

“ဒါရိုက်တာလင်းက တကယ် အလုပ်ရှုပ်တာပဲ။ အခုမှပဲ ပြန်တွေ့ရတော့တယ်”

လင်းချွမ် ကျန်းရှင်းရှင်းဘက် လှည့်ကြည့်ကာ သဘောပေါက်သွား၏။ ဤရက်ပိုင်းအတွင်း သူ့ကို မေးသောအခါ ကျန်းမှ အလုပ်ရှုပ်နေသည်ဟု ဖြေထားပုံပေါ်သည်။ 

လင်းချွမ် ရဲများနှင့် ပတ်သက်နေရကြောင်း ကျန်းရှင်းရှင်း သိထား၏။ 

သို့သော် အပြင်လူများ မေးသောအခါတွင်တော့ အလုပ်ရှုပ်နေသည်ဟုသာ ဖြေရလေသည်။ 

ရှင်းရှင်း လင်းချွမ်အား မော့ကြည့်၍ မျက်လုံးတစ်ဖက်မှိတ်ပြသောကြောင့် လင်းချွမ် ရယ်မောလျက်

“အားနာလိုက်တာ သူဌေးယုရယ်။ သိတဲ့အတိုင်းပဲ။ အွန်လိုင်းစာရေးဆရာဆိုတာလည်း တွေးစရာတွေ များတော့ အချိန်ပေးရတယ်လေ။ တစ်ခါတစ်လေ အကြံပိတ်သွားပြီဆိုရင် နေ့တစ်ဝက်လောက် ကွန်ပျူတာရှေ့ ထိုင်နေလည်း ဘာမှ မထွက်လာတော့ဘူး။ ဒီနယ်ပယ်လည်း သိပ်မလွယ်ပါဘူးဗျာ”

ယုခီခီမှ ထောက်ခံမိလေသည်။ 

“ကျွန်မရေးနေတာလည်း အဲ့လိုပါပဲ”

“ဟားဟား မပင်ပန်းဘဲ အောင်မြင်မှု မရနိုင်ဘူးပေါ့ဗျာ”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။ 

ထို့နောက် ဘေးမှ သစ်သားအိမ်လေးထဲ ဝင်လိုက်ကြသည်။ 

အပြင်မှကြည့်လျှင် သစ်သားအိမ်ဖြစ်သော်လည်း အထဲတွင် ရိုးရှင်းပြီး ရှေးဆန်သည့် အငွေ့အသက် ရလေ၏။ 

ကြေး (၃) ချောင်းထောက်တိုင်လေးမှ သင်းပျံ့သော မွှေးရနံ့များလည်း ကြိုင်နေသည်။ 

လင်းချွမ်နှင့် ကျန်းတို့ မဟော်ဂနီရောင် စားပွဲရှေ့၌ နေရာယူ ဝင်ထိုင်လိုက်ကြသည်။ 

စားပွဲပေါ်တွင်မူ ဖြူပြာစပ် ကြွေပန်းကန်များ တင်ထားပေး၍ စိတ်ကို လန်းဆန်းကြည်နူးစေလေသည်။ 

ယုခီခီမှာတော့ သူတို့ရှေ့၌ ဝင်ထိုင်လိုက်ကြ၏။ 

သူသည် ကပြားတစ်ယောက် ဖြစ်သော်လည်း တရုတ်ရိုးရာကို စိတ်ဝင်စား နားလည်သောကြောင့် ဤဆိုင်ကို ရွေးထားခြင်းပင်။ 

ထို့နောက် လင်းချွမ်တို့အတွက် လက်ဖက်ရည် ကျွမ်းကျင်စွာ ငှဲ့ပေးပြီး

“ဒါရိုက်တာလင်းနဲ့ ရှင်းရှင်းတို့ လက်ဖက်ရည် သောက်ပါဦး”

“လက်ဖက်ရည် ကောင်းတယ်နော် သူဌေးယု”

လင်းချွမ် လက်ဖက်ရည်သောက်ကြည့်ရင်း မှတ်ချက်ပြုလေသည်။ 

ယုခီခီ ပြုံးလျက်

“ဒါက ဝူရီတောင်၊ ရှီရှင်းခြံကထွက်တဲ့ လက်ဖက်နီလေ။ ရှမင်းဆက်တွေ ကြိုက်ခဲ့တာပေါ့”

လင်းချွမ် ထိုစကားကြောင့် အားရပါးရ ရယ်မော၍

“ဒါဆိုရင် ဂရုတစိုက် မြည်းရတော့မှာပဲ”

ကျန်းလည်း ယူသောက်ကြည့်လိုက်သည်။ 

သူတို့ ဟိုဟိုဒီဒီ ပြောကြရင်း အခြေအနေမှာ ပိုပေါ့ပါးလာသည်။ 

ယုခီခီ လင်းချွမ်တို့ကိုကြည့်၍ ပြုံးကာ

“ရှင်တို့နှစ်ယောက်သား ပျော်ရွှင်ကြည်နူးနေတာကို ကြည့်ရတာ မနာလိုတောင် ဖြစ်တယ်”

“သူဌေးယုကတော့ နောက်ပြီဗျာ”

လင်းချွမ် ခပ်အေးအေး ပြန်ပြောလေသည်။ 

“ကျွန်မ နောက်နေတာ မဟုတ်ပါဘူး”

ယုခီခီ ရယ်မော၍ ကျန်းအား လှမ်းကြည့်ကာ

“တကယ်ပြောတာ။ အရမ်းအားကျတာပဲ။ ဒီလို ထက်မြက်ချောမောတဲ့ ရှင်းရှင်းလို မိန်းကလေးလည်း ပိုင်ထားသေးတယ်”

“ဟုတ်ပါ့။ ငွေကြေးစီမံရေး ဒါရိုက်တာ ရှိနေတာတော့ တကယ် ကောင်းတယ်”

လင်းချွမ် ကျန်းကို လှည့်ကြည့်၍ ပြောလိုက်သည်။ 

ယုခီခီ ပြုံးလျက်

“ဒါရိုက်တာလင်း ရှင်းရှင်းက ငွေကြေးစီမံတယ်သာ ပြောတာ။ ရှင်ပဲ ထိန်းချုပ်ထားသလိုပဲ။ ရှင်းရှင်းကို တစ်ခုခုပြောရင် ရှင်နဲ့တိုင်ပင်ရဦးမယ်ချည်းပဲ”

လင်းချွမ် လက်ဖက်ရည် ယူသောက်ရင်း ရယ်မောလျက်

“ရှင်းရှင်းက ဘွဲ့ရတာ မကြာသေးဘူးလေ။ လူမှုဆက်ဆံရေးလည်း အားနည်းသေးတယ််။ သိပ်မကြာခင်တော့ ကိုယ်တိုင် ဆုံးဖြတ်နိုင်လာပါလိမ့်မယ်”

ကျန်းလည်း လိုက်ပြုံးမိ၏။ 

သူ့စိတ်ထဲတွင် လင်းချွမ်ကိုသာ ယုံကြည်ရန်လည်း တွေးနေသည်။ 

“ဒါရိုက်တာလင်း ကျွန်မတို့အန်ကျောက်က စက်ရုံ တိုးချဲ့ဖို့ ရှိတာလေ။ ဒါပေမဲ့ မြေကိစ္စလေ။ သင့်တော်တဲ့နေရာ ရှာမတွေ့ဘူး ဖြစ်နေတာ။ အဲ့မှာ ရှင်းရှင်းက မြေပိုင်ရှင် ဖြစ်နေမှန်း သိလိုက်ရတယ်လေ”

ယုခီခီမှ တွေ့ဆုံရခြင်းအကြောင်းကို ရှင်းပြလိုက်သည်။ 

“တိုက်ဆိုင်လိုက်တာ”

လင်းချွမ် ခပ်အေးအေး ပြော၏။ 

“အဲ့တာကြောင့် ပူးပေါင်းဖို့အတွက် ခေါ်လိုက်တာပါ”

လင်းချွမ် ကျန်းအား လှည့်ကြည့်လိုက်မိသည်။ 

ထို့နောက် သူ့သဘောထားကို နားလည်ကာ ဆုံးဖြတ်ချက်ချ၏။ 

“သူဌေးယု ရှင်းရှင်းရဲ့မြေကို စိတ်ဝင်စားတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း မြေတွေ ပြန်စိစစ်ပြီး ပြင်ဆင်နေတုန်းဆိုတော့ အဖြေတော့ အတိအကျ မပေးနိုင်သေးဘူး”

“ဒါပေါ့။ အရေးကြီးတဲ့ကိစ္စပဲလေ။ ကျွန်မ လောသွားမိတယ်”

ယုခီခီ နောင်တရသွားပုံဖြင့်

“ဒါပေမဲ့ ပူးပေါင်းဖို့တော့ စိတ်ဝင်စားတယ်မလား”

“ဟုတ်ပါတယ်”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။ 

ထိုအခါမှ ယုခီခီ ဖိုင်တစ်ခု ထုတ်ပြလေသည်။ 

“ဒါက ကျွန်မတို့ရဲ့ သုံးစွဲမှု အစီအစဉ်ပါ”

All Chapters