ငြင်းလိုက်ပြီ
Vol. 19 Ch. 281
“သူဌေးယုကုမ္ပဏီက တကယ် အဆင်ပြေပါတယ်”
လင်းချွမ် ခေါင်းငြိမ့်ပြ၍ ပြောသည်။
“ဒီမြေက အန်ကျောက်အတွက် အရမ်း အရေးကြီးနေလို့ပါ။ ဒါရိုက်တာလင်းနဲ့ ရှင်းရှင်းတို့ လိုအပ်တာကို ဆွေးနွေးနိုင်ပါတယ်”
လင်းချွမ် ပြုံး၍
“သူဌေးယုဘက်က တန်ကြေးအတွက် အစီအစဉ် ရှိနေပြီးသား ထင်တယ်”
ယုခီခီ ခေါင်းငြိမ့်၍ ဖိုင် (၂) ခု ထုတ်ပြ၏။
“ဒါက အန်ကျောက်ဘက်က ကမ်းလှမ်းချက်ပါ။ နောက်တစ်ခုကတော့ အန်ကျောက်ရဲ့ ထပ်တိုးမြေထဲက ၆% ရှယ်ယာပါ”
ယုခီခီ အားနာသလိုကြည့်၍
“ဒါရိုက်တာလင်း အထင်မသေးဖို့တော့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ဒီ ၆% ထဲကပဲ တိုးသွားရမှာ”
လင်းချွမ် ဒုတိယဖိုင်ကိုကြည့်ပြီးနောက်
“တန်ဖိုးက အရမ်းတော့ မသင့်ဘူးနော်”
လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
ယုခီခီ ရယ်မော၍
“ဒါရိုက်တာလင်းရယ် ဒီလောက် ကမ်းလှမ်းတာတောင် အန်ကျောက်က ရှုံးနေပြီ။ ဒါပေမဲ့ တိုးတက်သွားရင်တော့ ဈေးကွက်အများကြီး ချဲ့လို့ရတယ်။ အဲ့အခါ ရှယ်ယာဈေးလည်း တက်ပြီး ဒီထက် အများကြီး ပိုရမှာ”
“သူဌေးယုက အကြီးကြီး မှန်းထားတာပဲ”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
“ကျွန်မက နှစ်ဦးနှစ်ဖက် အကျိုးရှိတာမျိုး ဖြစ်စေချင်တာပါ။ ရှင်းရှင်းရော ဘယ်လိုမြင်လဲ”
သူ ပြုံး၍ မေးလိုက်သည်။
“မမခီခီပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်က သူဌေးပဲ ချရမှာ။ ကျွန်မ မဟုတ်ဘူး”
“ထင်တဲ့အတိုင်း ဒါရိုက်တာလင်းက ချုပ်ကိုင်ထားတာပဲ”
ယုခီခီ ရယ်မော၍ စနောက်လိုက်၏။
ထို့နောက် လင်းချွမ်အား မျှော်လင့်၍ ကြည့်နေသည်။
လင်းချွမ် ဖိုင်များကိုင်လျက်
“သူဌေးယုပြောတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ထူးခြားတယ်။ လမ်းမှာ ငှက်ပျောသီးဝယ်သလောက်တော့ မရိုးရှင်းဘူးပေါ့။ ရှင်းရှင်းအဖေနဲ့ ပြန်တိုင်ပင်ကြည့်ပါဦးမယ်”
ယုခီခီ ရုတ်တရက် အမူအရာပြောင်းသွားပြီးမှ ပြုံးကာ
“ဟုတ်ပါတယ်။ သေချာ ဂရုစိုက်ရမယ့်ကိစ္စပဲ။ ကျွန်မ သတင်းကောင်း စောင့်နေမယ်နော်”
“ကျေးဇူးပါဗျာ”
ထိုစဉ် စားပွဲထိုးလေးမှ ဟင်းပွဲများ ချလာ၏။
စကားတပြောပြောနှင့် စားသောက်ကြရင်း မျက်စိတစ်မှိတ်အတွင်း ည (၁၀) နာရီ ထိုးသွားတော့သည်။
လင်းချွမ်တို့လည်း ယုခီခီအား နှုတ်ဆက်၍ စကူတာလေးစီးကာ ပြန်လာခဲ့ကြသည်။
စကူတာမှ အသံတကျက်ကျက်မှာ လမ်းမကို အသက်ဝင်နေစေသည်။
လမ်းတစ်လျှောက် မီးရောင်၊ ကြယ်ရောင်များ တောက်ပနေပြီး အေးချမ်းလွမ်းမောစရာ အခြေအနေမျိုး ဖြစ်နေသည်။
“သူဌေး”
ကျန်းရှင်းရှင်းမှ ခေါ်လိုက်၏။
“ဘာလို့လဲ သူဌေးမလေးရဲ့”
လင်းချွမ် စကူတာအနောက်မှ လှမ်းစသည်။
“ကျွန်မကို ဘာလို့ မဖက်ထားတာလဲ”
လင်းချွမ် အနောက်မှ သိုင်းဖက်လိုက်ပြီး ကျောကို မှီထားလိုက်သည်။ နွေလယ်ည၏ လေအေးမှာ လတ်ဆတ်၍ လူကို လန်းဆန်းသွားစေသည်။
ကျန်းရှင်းရှင်း ထိုအခါမှ ပြုံးရွှင်သွား၏။
ထို့နောက် တစ်ခုခု သတိရသွားပြီး
“သူဌေး ဒီကိစ္စအဖေ့ကို တိုင်ပင်သင့်လား”
“ဦးလေးကျန်းကို တကယ်မေးမလို့လား”
“ရှင်ပဲ ပြောတာမဟုတ်ဘူးလား”
ကျန်း နားမလည်နိုင်စွာ ပြန်ပြော၏။
လင်းချွမ် ပြုံး၍
“ကို သူဌေးယုကို ငြင်းလိုက်ပြီးပြီလေ”
“အာ ငြင်းလိုက်တာလား”
ကျန်း အံ့ဩမှင်တက်လျက်
“ဘယ်တုန်းကလဲ”
“ကျန်းရယ် နှစ်ဦးသဘောတူကိစ္စ ပြောနေတဲ့အချိန် နောက်အပြင်လူကို ထပ်မေးမယ်ဆိုတာ ငြင်းတာပဲပေါ့။ ယုခီခီ နားလည်မှာပါ”
လင်းချွမ် ရှင်းပြလိုက်၏။
“ဒီလိုကိုး”
“ဘာပြောချင်တာ ရှိသေးလဲ”
“ဟို မမခီခီပေးတဲ့ တန်ဖိုးက မဆိုးပါဘူး။ နောက်ပြီး သူ့ရဲ့ စိတ်ရင်းကိုလည်း တွေ့ရတယ်လေ”
“အဲ့တာကြောင့် ငြင်းလိုက်တာ”
လင်းချွမ် ပြန်ဖြေ၏။
“ဘာလို့လဲ”
“သူသာ တကယ် ဒီလောက်ပေးနိုင်ရင် ချက်ချင်း သဘောတူမှာပေါ့။ ဒါပေမဲ့ ရှယ်ယာပြန်ပေးပုံက မဟုတ်ဘူး။ တစ်ဝက်တဲ့လေ”
“ဘယ်လို။ ကျွန်မ သူတို့ရဲ့ ငွေကြေးအချက်အလက်တွေ ကြည့်ပြီးပါပြီ။ မြတ်နေသားပဲကို”
ကျန်း နားမလည်နိုင်စွာ ရှင်းပြ၏။
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“အဲ့တာပဲလေ။ တကယ်လို့ အန်ကျောက်စက်ရုံ တစ်ခုခုဖြစ်ရင် ကိုတို့ပါ ဒုက္ခရောက်မှာ”
ကျန်း သဘောပေါက်သွား၏။
စီးပွါးရေးလောကလှည့်ကွက်များမှာ နက်နဲလွန်းလေသည်။ သူ့လက်ရှိ အရည်အချင်းဖြင့် ကိုယ်တိုင် မဆုံးဖြတ်နိုင်ချေ။ လင်းချွမ်ရှိနေ၍ တော်သေး၏။
သို့သော် လင်းချွမ်သည်လည်း စာရေးခြင်းကိုသာ ပိုအားသာစိတ်ဝင်စားလေသည်။
“ကိုတို့လည်း ပိုက်ဆံမရှိတာမှ မဟုတ်တာ။ လောလောဆယ် ဒီအတိုင်း မြေပဲကိုင်ပြီး စောင့်ကြည့်တာပေါ့”
“ဟုတ်ကဲ့ပါ။ သူဌေးသဘောပါပဲရှင်”
ကျန်းပြုံး၍ ဖြေလိုက်၏။
လင်းချွမ် လမ်းတစ်လျှောက် မှောင်မိုက်သော ရှုခင်းများအား ငေးရင်း လိုက်ပါလာသည်။
အမှန်တော့ လင်းချွမ် ယုခီခီကို မသင်္ကာသည့် အချက်များ ရှိလေသည်။
သူ့စီးပွါးရေးထဲ အတင်းထည့်ချင်နေသည်မှာ ထူးဆန်းပြီး ပရိသတ်ဟု ဆိုခြင်းမှာလည်း လျှို့ဝှက်ချက် ရှိနေပုံ ရသည်။
သို့သော် ယုခီခီမှာတော့ လင်းချွမ်အရည်အချင်းကို သတိထားမိပုံ မပေါ်ချေ။
ထို့ကြောင့် ယုခီခီ မည်သည့်ရည်ရွယ်ချက်ဖြင့် ဆွဲထည့်နေသည်ဖြစ်စေ သူ မပတ်သက်ချင်ပေ။
ကျန်း၏အမေ ဟွာရန်ကုမ္ပဏီ အထွေထွေမန်နေဂျာ လျှိုမုန့်ကိစ္စလည်း ရှိသေး၏။
သတိထားနေသည်က အကောင်းဆုံး ဖြစ်၏။
…
တစ်ဖက်တွင် ယုခီခီလည်း အန်ကျောက်ဆေးဝါး ကုမ္ပဏီသို့ ပြန်ရောက်လာသည်။
ထိုစဉ် ထူးဆန်းသော ဖုန်းတစ်ခု ဝင်လာ၏။
“ကိုကိုး ငါတို့ မူးယစ်ဆေးအသစ်ရဲ့ ဖော်မြူလာတွေ ပျံ့ကုန်ပြီ။ ဘယ်လိုလုပ်လိုက်တာလဲ”