ငါတို့ဆေး မဟုတ်လား
Vol. 19 Ch. 282
အန်ကျောက်ဆေးဝါး၊ အထွေထွေမန်နေဂျာရုံးခန်း။
ညဉ့်နက်နေသော်လည်း ယုခီခီ အိမ်မပြန်သေးဘဲ ကုမ္ပဏီသို့ ထွက်လာခဲ့သည်။
ထို့နောက် ညနေကအဖြစ်ကို ပြန်တွေးနေမိသည်။
“ဒီလူက တကယ် စိတ်ဓာတ်ခိုင်တာပဲ”
သူ ယခုတစ်လော ကျန်းရှင်းရှင်းနှင့်တွေ့ကာ စကားလမ်းကြောင်းပေးရင်း လင်းချွမ်အကြိုက်လိုက်ရန် ကြိုးစားခဲ့၏။
နှစ်ယောက်သား ဆေးပညာတိုးတက်ရေး အကြောင်း၊
ဝတ္ထုရေးနည်း အကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေး အကြောင်းများအပြင် အရေးကြီး လျှို့ဝှက်ချင်အချို့ပါ ပြောဖြစ်ခဲ့၍ အချင်းချင်း ခပ်မြန်မြန်ပင် ရင်းနှီးလာခဲ့သည်။
ဤသို့ဖြင့် ကျန်း၏ယုံကြည်မှုကို အပြည့်အဝ ရလာပြီး လင်းချွမ်ကိုလည်း အန်ကျောက်အပေါ် အကောင်းမြင်စေရန် သိမ်းသွင်းကြည့်လေသည်။
လင်းချွမ်သာ အန်ကျောက်ဆေးဝါး၌ ရှိလျှင် ဒါမှမဟုတ် သူ ထိန်းချုပ်နေသည့် ကုမ္ပဏီတစ်ခုခု၌ ရှိလျှင် အညစ်အကြေးတောထဲ ဆွဲချ၍ လုံးဝ ပြန်မတက်နိုင်အောင် ပြုလုပ်ရမည်။ ထိုအခါ တဖြည်းဖြည်း သူ့လူ ဖြစ်လာပေမည်။
ယုခီခီ ယနေ့ည သိလိုက်ရသည်မှာ လင်းချွမ်ကို သူ လွယ်လွယ် မထိန်းချုပ်နိုင်ပေ။
ကျန်းရှင်းရှင်းနှင့် ရင်းနှီးသော မိတ်ဆွေ ဖြစ်နေ၍ ဖြစ်နိုင်သလို စီးပွါးမိတ်ဖက်ဖြစ်ပြီး၍လည်း ဖြစ်နိုင်သည်။
လင်းချွမ် သူ့ကုမ္ပဏီများထံ ခေါ်ယူရန်မှာ မဖြစ်နိုင်သေးချေ။
ဟူး…
ယုခီခီ ကော်ဖီသောက်ရင်း မေးလေးထောက်လျက် သက်ပြင်းချမိ၏။
သူ လင်းချွမ်ကို သိမ်းသွင်းရန်သာ တွေးနေလေသည်။
“အင်အား သုံးကြည့်ရမလား”
သူ တစ်ယောက်တည်း ရေရွတ်မိ၏။
ညမှာ တဖြည်းဖြည်း နက်လာပြီး လရောင်သည် ပြတင်းပေါက်မှ ဖြိုးဖျစွာ ကျရောက်နေသည်။
လေညင်းတိုက်ခတ်တိုင်း သစ်ပင်ကြီးများ အချင်းချင်း ပွတ်တိုက်သံမှာလည်း တိတ်ဆိတ်မှုကို ဖြိုခွင်းနေလေ၏။
တီ တီ တီ…
ထိုစဉ် ဖုန်းမြည်လာပြီး သူ့အတွေးစများ ပြတ်သွား၏။
ယုခီခီ ဖုန်းနံပါတ်ကိုကြည့်၍ စိတ်ပျက်သွားပုံဖြင့် ကိုင်ကာ အင်္ဂလိပ်လို ပြောလိုက်သည်။
“ဘာကိစ္စလဲ”
ဖုန်းထဲမှအသံသည် အေးစက်မာကျော၍ မကောင်းသည့် အငွေ့အသက် ပါလာ၏။
“ကိုကိုး ငါတို့ မူးယစ်ဆေးအသစ်ရဲ့ ဖော်မြူလာတွေ ပျံ့အောင် ဘယ်လိုလုပ်လိုက်တာလဲ”
ယုခီခီ မျက်မှောင်ကြုတ်ကာ
“ဘာကိုပြောတာလဲ လူးကပ်စ်”
မူးယစ်ဆေးသစ်မှာ မော်ဂန်အုပ်စု အာရှ ပစိဖိတ်ဒေသ၏ ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်ပြီး နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်၍ ယခုနှစ်မှ ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် ထုတ်ပြီးသည်နှင့် ဝယ်ယူမှု မြင့်တက်လျက် ရှိသည်။
သို့သော် ယခုတော့ မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ဒေသ ခေါင်းဆောင် လူးကပ်စ်မှ ယုခီခီအား ဖော်မြူလာ ပေါက်ကြားမှုဖြင့် စွပ်စွဲနေ၏။
မော်ဂန်အုပ်စုတွင် ထိုအခြေအနေမှာ သေလောက်သည့် အပြစ်ပင်။
“ငါပြောတာ နားမလည်လို့လား”
သူအသံမှာ အေးစက်၍ စိတ်မရှည်ဟန် ပေါ်သည်။
“ကျွန်မ အခုပဲ ဟန်မြစ်အပိုင်းမှာ ဆေးထုတ်လုပ်ရေး စက်ရုံ တိုးချဲ့ဖို့ကိစ္စအတွက် ကြိုးပမ်းနေတာ။ အဲ့လိုဆို အာရှ-ပစိဖိတ်ဈေးကွက်ရဲ့ သုံးပုံတစ်ပုံလောက်တော့ မှီမှာပဲ။ ကျွန်မက ဘာလို့ ဖော်မြူလာ ပေါက်ကြားအောင် လုပ်ရမှာလဲ”
ယုခီခီလည်း ကိုယ်လေးမတ်သွားကာ ခပ်ဆတ်ဆတ် ပြန်ဖြေလိုက်သည်။
“နိုင်ငံတကာဖိုရမ်ကို ဝင်ကြည့်လိုက်ဦး”
လူးကပ်စ် နှာခေါင်းရှုံ့ကာ ပြော၏။
ယုခီခီလည်း မျက်မှောင်ကြုတ်သွားကာ ကွန်ပျူတာ ချက်ချင်းဖွင့်၍ ကီးဘုတ်ပေါ်၌ လက်ချောင်းလေးများ လှုပ်ရှားသွားသည်။
မကြာမီ နိုင်ငံတကာဖိုရမ်ကို တွေ့ရလေသည်။
“အဲ့မှာ မြေအောက်လောကဆိုတဲ့ ဖိုင်ရှိတယ်။ ဒီထဲမှာ ငါတို့ရဲ့ ဆေးအသစ်အကြောင်း ပါဝင်ပစ္စည်းတွေရော၊ ထုတ်လုပ်နည်းတွေပါ အကုန်ရေးထားတာ”
လူးကပ်စ် မကျေမနပ် ပြောလေသည်။
ယုခီခီလည်း သူပြောသည့်အတိုင်း တစ်ဆင့်ချင်း ဝင်ကြည့်၏။
ထိုအခါ နိုင်ငံတကာဖိုရမ်မှတစ်ဆင့် မြေအောက်လောကကို တွေ့ရသည်။
ထိုထဲ ဝင်လိုက်သောအခါ နောက်ထပ် ဖိုင် (၂) ခု ထပ်ရှိနေသည်။
[ဟက်ကာလောက]
[ရေခဲနက်]
ယုခီခီ ကြည့်နေရင်း မှင်တက်ကာ ငြိမ်ကျသွားသည်။
ရေခဲနက်ကို ရုတ်တရက် မသိသော်လည်း ဟက်ကာလောကကိုတော့ မသိဘဲ မနေပေ။
လင်းချွမ်ဝတ္ထုပဲ။
“ရေခဲနက်ဆိုတာ လင်းချွမ်ရဲ့ ဝတ္ထုအသစ်လား”
သူ ထိုဖိုင်ထဲ ဝင်ကြည့်လိုက်သည်။
ထိုအခါ ထိုဖိုင်နှင့် ပတ်သက်သော အချက်အလက်များ ပေါ်လာတော့သည်။
[အချက်အလက် အကျဉ်းချုပ်မှာ ရေခဲနက် ဝတ္ထုမှ ရယူပါသည်]
[စာရေးဆရာ အာဘော်: ရေခဲနက်သည် ဝတ္ထုတစ်ပုဒ်သာ ဖြစ်ပြီး စာရေးဆရာသည် ထိုနယ်ပယ်နှင့် ပတ်သက်ခြင်း မရှိပါ”
[မူးယစ်ဆေး ကြော်ငြာရောင်းချခြင်းများကို တားမြစ်ထား၍ တွေ့ရှိက အရေးယူခံရမည်]
ကောမန့်များမှာလည်း စိတ်ဝင်စားစရာ ကောင်းလှ၏။
[ကြမ်းလိုက်တာ။ ငါတော့ မစ္စတာလင်းဝတ္ထုဖတ်ပြီး ဆေးပြတ်သွားတာပဲ]
[ဒီထဲမှာ တေးထုတ်ပုံတွေ ပြုလုပ်နည်းတွေပါ ပါတာပဲ]
[…]
နွေညလေအေးမှာ ပြတင်းပေါက်မှတစ်ဆင့် ခပ်ကြမ်းကြမ်း တိုက်ခတ်လာသည်။
ယုခီခီမှာတော့ ဘာမှဂရုမစိုက်နိုင်ဘဲ ကွန်ပျူတာထဲမှ အချက်အလက်များကိုသာ စိုက်ကြည့်နေ၏။
ထို့နောက် ဖိုင်များ တစ်ခုချင်း ထပ်ဝင်ကြည့်လေသည်။
‘သာမာန်ဆေးများ’၊ ‘ဆေးနံပါတ် (၁)၊ ဆေးနံပါတ် (၂)၊ ဆေးနံပါတ် (၃)’
“အဲ့ထဲက ဆေးနံပါတ် (၃) ကို ကြည့်လိုက်။ အဲ့တာ ငါတို့ထုတ်ထားတဲ့ မူးယစ်ဆေးအသစ် မဟုတ်ဘူးလား”
လူးကပ်စ်မှ ဒေါသဖြင့် ပြောလိုက်လေသည်။