ရှာတွေ့ပြီ
Vol. 19 Ch. 284
ညမှာ တဖြည်းဖြည်း ပိုနက်လာ၏။
အန်လင်းမြစ်မှ တိုက်ခတ်လာသောလေညင်းသည် ပန်းရနံ့များကိုပါ သယ်ဆောင်လာလေသည်။
လင်းကျန်အိမ်ရာ၊ (၁၃) ထပ်၌ မီးများ လင်းထိန်နေ၏။
“ရှင်းရှင်း မောက်ကျန်းလက်ဖက်ရည်လေး ဖျော်ပေးပါလား”
လင်းချွမ် အခန်းအပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
ယနေ့ညမှာ အပြင်းထန်ဆုံး တိုက်ပွဲကို ရင်ဆိုင်ရတော့မည်။ ထို့ကြောင့် စိတ်ကြည်လင် လန်းဆန်းစေရန် လက်ဖက်ရည် မှာလိုက်ခြင််း ဖြစ်၏။
“ဟုတ် အခု လာပေးမယ်နော်”
ကျန်းရှင်းရှင်းမှာ ညအိပ်ဝတ်စုံလေး ဝတ်လျက် လင်းချွမ်အတွက် မောက်ကျန်းလက်ဖက်ရည် ဖျော်ကာ ဂရုတစိုက် ယူလာပြီး စားပွဲပေါ် တင်ပေးထားလိုက်သည်။
မနက်ပိုင်းက လင်းချွမ်တစ်ယောက် ကုမ္ပဏီကိစ္စ ပြုလုပ်ရပြီး နေ့လယ်ပိုင်းတွင် အန်လင်းရဲစခန်း အမှုအတွက် ဓာတ်ခွဲခန်း သွားရသည်။
ထို့နောက် ယုခီခီနှင့် ညစာစားရန် ညနေပိုင်း၌ တန်းလာရပြန်၏။
ယခု ကျန်းရှင်းရှင်း အခန်းထဲ ဝင်လာသောအခါ လင်းချွမ်တစ်ယောက် ကွန်ပျူတာရှေ့၌ ကုဒ်များ ရေးဆွဲရင်း အလုပ်ရှုပ်နေပြန်သည်။
“သူဌေး ကျွန်မ နှိပ်ပေးမယ်နော်”
လင်းချွမ် လက်ဖက်ရည်ရနံ့လေး ရှူရှိုက်ပြီးနောက် ကျန်းရှင်းရှင်း လက်ကလေးကိုကိုင်ကာ
“ရပါတယ် ရှင်းရှင်းရယ်။ ဒါပေမဲ့ ဒီညတော့ ကို အရေးကြီးအလုပ်ရှိနေလို့ နားနှင့်နော်”
“ဟုတ်ကဲ့ပါရှင်”
ကျန်း နှုတ်ခမ်းလေးစူ၍ ပြောလိုက်၏။
ထို့နောက် သူ အခန်းထဲက ထွက်သွားမှ လင်းချွမ် ကွန်ပျူတာအား ပြန်၍ အာရုံစိုက်လေသည်။
တစ်ဖက်တွင် အန်ဂျလီနာမှ သူ့ကို နိုင်ငံတကာဖိုရမ် လုပ်ပိုင်ခွင့်များ လွှဲထားပြီးလေပြီ။
ထိုနိုင်ငံတကာဖိုရမ်မှာ တစ်ကမ္ဘာလုံးအတွက် ဖွင့်ထား၍ အကာအကွယ်မရှိထားလျှင် တိုက်ခိုက်မှု များစွာ ခံရနိုင်ပါသည်။
သို့သော် အန်ဂျလီနာမှ ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ထား၏။
ဖိုင်တစ်ခုချင်းကို ခွဲထားသောကြောင့် မြေအောက်ကမ္ဘာ တိုက်ခိုက်ခံရလျှင်လည်း အခြား ဝက်ဘ်ဆိုဒ်များကို မထိခိုက်ပေ။
လင်းချွမ်တစ်ယောက် လုပ်ပိုင်ခွင့် ရပြီးသည်နှင့် စတင် လှုပ်ရှားတော့သည်။
သူ ကွန်ပျူတာကိုသာ စူးစိုက်ကြည့်ရင်း အာရုံထားနေ၏။
လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြန်တိုက်ခိုက်ရန် ပြင်ရင်း တစ်ဖက်မှ ရည်ရွယ်ချက်ကို နားလည်သလို ရှိလာသည်။
ယခု သူ ကြုံနေရသော အခြေအနေမှာ သာမာန်ထက် ပိုရှုပ်ထွေးလေ၏။
ထိုသို့ တစ်ဖက်မှ အကောင့်များစွာဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သောအခါ သေချာပေါက် ကွန်ယက် ပျက်တတ်ပါသည်။
အရည်အသွေးမြင့် ဟက်ကာများမှာ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ တဖြည်းဖြည်း အားနည်းအောင် ပြုလုပ်နေ၏။
သို့သော် နည်းပညာကုမ္ပဏီပိုင်ရှင် လင်းချွမ်မှာတော့ တည်ငြိမ်လျက် ရှိလေသည်။
သူ ကုဒ်များများ ရေးဆွဲရန်ပင် မလိုပေ။
အခြေခံ ခုခံကာကွယ်ရေးအတွက် အရင် ပြုလုပ်နေသည်။
တစ်ဖက်မှ တိုက်ခိုက်သူများအား ရုတ်တရက် မသိနိုင်ဘဲ ဆက်တိုက်ရင်း အကောင့် စုံစမ်းရန် ဖြစ်လေသည်။
“အိုင်ဒေါလ် ဒီပုံအတိုင်းဆို ဝက်ဘ်ဆိုဒ် ပျက်တော့မယ်နော်”
အန်ဂျလီနာ စိုးရိမ်တကြီး စာပို့လာ၏။
လင်းချွမ် ရယ်မော၍ ချက်ချင်း ပြန်ပြောလိုက်သည်။
“ကျွန်တော် ကာကွယ်ရေးအတွက် တမင် ပိတ်လိုက်တာ”
“တော်သေးတာပေါ့”
“သူတို့ကတော့ မသိဘဲ ဆက်တိုက်ခိုက်နေတုန်းပဲ”
လင်းချွမ် မောက်ကျန်းလက်ဖက်ရည်လေး သောက်ကာ ပြော၏။
“ဒါဆို ကျွန်မ စပြီး စုံစမ်းပြီနော်”
မြောက်ပိုင်းနယ်။
စတူဒီယိုခန်းထဲတွင် အန်ဂျလီနာ ချက်ချင်း လုပ်ငန်း စလေ၏။
သူ တိုက်ခိုက်ရေးမြေပုံကိုကြည့်ကာ သေချာ စုံစမ်းနေသည်။
ထိုနည်းလမ်းမှာ တစ်ကမ္ဘာလုံးမှ နည်းပညာ တိုက်ခိုက်မှုများကို တွေ့ရလေသည်။
အန်ဂျလီနာမှာ မြောက်ပိုင်းဟက်ကာအဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အလျောက် ထိုနည်းလမ်းကို ကောင်းစွာ နားလည်၏။
သူ တစ်ချက်တည်း အောင်မြင်ရန် ကြိုးစားနေသည်။
နာရီဝက်ခန့် ကြာသောအခါ။
ဝက်ဘ်ဆိုဒ်ပေါင်းစုံ မွှေနှောက်ပြီးနောက် အကောင့်အချို့ ရလာလေသည်။
အရှေ့တောင်အာရှဘက်မှ ဖြစ်လေ၏။
“မော်ဂန်အုပ်စုက ထိပ်တန်းဟက်ကာတွေပဲ”
အန်ဂျလီနာမှ စာပို့လိုက်သည်။
“မော်ဂန်အုပ်စုလား”
လင်းချွမ် မျက်မှောင်ကြုတ်သွားမိ၏။
သူ ထိုနာမည်ကို တရားမဝင် ဝက်ဘ်ဆိုဒ်၌ မကြာခဏ ကြားဖူးသော်လည်း မည်သည့်အလုပ်နှင့် ပတ်သက်သည်ကို နားမလည်ပေ။
အန်ဂျလီနာမှ
“မော်ဂန်အုပ်စုဆိုတာ တရားမဝင်လုပ်ငန်းကြီးတွေ လုပ်နေတဲ့ နာမည်ကြီးလေ။ မူးယစ်ဆေး၊ လက်နက်၊ ငွေကြေးခဝါချတာတွေနဲ့ ဟက်ကာ၊ လုပ်ကြံသူ၊ ရှင်းလင်းရေး အားလုံးအစုံရှိတယ်”
လင်းချွမ် သူ့စာကိုဖတ်ရင်း အံ့ဩနေမိသည်။
ဒါက တကယ့် လုပ်ငန်းကြီးပဲ။