← Chapters

ရှာတွေ့ပြီ

Vol. 19 Ch. 272

ရှာတွေ့ပြီ

Vol. 19 Ch. 272

ညမှာ တဖြည်းဖြည်း မှောင်မိုက်လာပြီး အခန်းထဲတွင် မီးရောင်လင်းလျက် ပြတင်းပေါက်မှ လေနုအေးများ တိုက်ခတ်ကာ သစ်ရွက်လေးများ တဖျတ်ဖျတ် လှုပ်ခတ်နေ၏။ 

ရှချင်းချင်း မျက်မှောင်ကြုတ်နေမိသည်။ 

ထို့နောက် လက်ပ်တော့၌ မျက်နှာပြင်များ ထပ်ခွဲကာ အလုပ်ရှုပ်နေတော့သည်။ 

ဘယ်ဘက်၌ နိုင်ငံတကာဖိုရမ်မှ ဆေးနံပါတ် (၃) နှင့် ညာဘက်တွင် ဆေးအမျိုးအစားအသစ်အကြောင်း ဖွင့်ထား၏။ 

ထို့နောက် အာရုံစိုက်၍ ကြည့်နေရင်း ရုတ်တရက် အသက်ရှူသံ မြန်လာကာ မျက်ဝန်းများ တုန်လှုပ်လျက် အလွန်အံ့ဩနေပုံ ပေါ်လာသည်။ 

ထိုအချိန်တွင် ရှချင်းချင်း လှဲနေရာမှ ရုတ်တရက် ထထိုင်မိ၏။ 

ထို့နောက် လက်ပ်တော့မျက်နှာပြင်အား ငေးစိုက်ကြည့်နေသည်။ 

ထိုအခါ ရှချင်းချင်း အသက်ရှူသံ ပိုမြန်လာပြီး ရင်ထဲ တလှပ်လှပ် ဖြစ်နေသည်။ 

ဆေး (၂) မျိုး၏ စွဲလန်းမှုပုံစံနှင့် အမျိုးအစားများမှာ ၉၀ % ထပ်တူညီလေသည်။ 

“ရေခဲနက်ရဲ့ နံပါတ် (၃) က ငါတို့ရှာနေတဲ့ အမျိုးအစားအသစ်များလား”

ရှချင်းချင်း ရေရွတ်လိုက်မိသည်။ 

၉၀ % တူညီသည်ဟု ဆိုရခြင်းမှာ ကျန် ၁၀% ပါဝင်ပစ္စည်းများကို မသိထား၍ ဖြစ်လေသည်။ 

ထို့ကြောင့် ဆိုက်ဘာရဲတစ်ယောက်အနေဖြင့် ၉၀ % ထပ်တူညီရုံဖြင့် တိုက်ဆိုင်မှုမဟုတ်ကြောင်း နားလည်ပါသည်။ 

ဆေးနံပါတ် (၃) မှာ အမျိုးအစားအသစ် ဖြစ်မည်ဟု သေချာသလောက် ဖြစ်လေ၏။ 

နှစ်ရက်တိုင်တိုင် စစ်ဆေးစုံစမ်းခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ရာမှ ဝတ္ထုတစ်ပုဒ် ဖတ်ရင်း မထင်မှတ်စွာဖြင့် အမှန်တရားနှင့် နီးစပ်လာခဲ့သည်။ 

ရှာနေချိန်တွင် မကြုံရဘဲ မထင်ထားချိန်မှ ရုတ်တရက် ပေါ်လာ၏။ 

ဟူး…

ရှချင်းချင်း သက်ပြင်းချ၍ စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ 

ထို့နောက် ဖုန်းထုတ်ကာ ချက်ချင်း ဖုန်းဆက်လိုက်တော့သည်။ 

လင်းချွမ်မဟုတ်ဘဲ ယုရှန်ဖြစ်လေ၏။ 

လင်းချွမ်ဝတ္ထု ‘ရေခဲနက်’ ထဲမှ ဆေးနံပါတ် (၃) အသေးစိတ် အချက်အလက်များမှာ ဆေးအမျိုးအစားအသစ်နှင့် တူနေသောကြောင့် ယုရှန်နှင့် ဆွေးနွေးရန် လိုအပ်ပါသည်။ 

တီ တီ တီ—-

တစ်ဖက်မှ ယုရှန်မှ ဖုန်းကိုင်လိုက်သည်။ 

“ရဲမေရှ ဘာကိစ္စလဲ”

ရှချင်းချင်း သက်ပြင်းချ၍

“အဖွဲ့မှူး ကျွန်မ ဆေးအမျိုးအစားအသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာတွေ့ပါပြီ”

ယုရှန် ထိုစကားကြောင့် အံ့ဩသွားပြီး 

“အဲ့လောက်တောင် မြန်မြန် ရှာတွေ့တာလား”

ရှချင်းချင်း လက်ပ်တော့မျက်နှာပြင်ကို ငေးကြည့်ရင်း

“ဒီအတိုင်း မတော်တဆ တွေ့သွားတာပါ။ ဒါပေမဲ့ မှန်မယ်လို့တော့ အာမ,မခံနိုင်သေးဘူး”

“ဒီလောက်ခက်တဲ့အမှုကို ဒီလိုစရှာနိုင်တယ်ဆိုတာနဲ့တင် တော်နေပါပြီ။ စစ်မှန်မှုကတော့ ဓာတ်ခွဲခန်းကို တာဝန်ပေးရမှာပေါ့”

ယုရှန် ဝမ်းသာစွာ ပြောလိုက်၏။ 

“ကောင်းပါပြီ။ ကျွန်မ မနက်ဖြန်ကျရင် ဓာတ်ခွဲခန်းကို ပစ္စည်းတွေပို့ပြီး စစ်ခိုင်းလိုက်ပါမယ်”

“ဒါနဲ့ အချက်အလက်တွေကို ဘယ်က တွေ့ခဲ့တာလဲ”

ရှချင်းချင်း နေရခက်စွာ ပြုံး၍

“အဖွဲ့မှူး မယုံနိုင်လောက်ဘူးဆိုပေမဲ့ ကျွန်မ ဝတ္ထုထဲကနေ တွေ့တာပါ”

“ဟင်”

ယုရှန် မှင်တက်လျက်

“ဝတ္ထုထဲကနေလား”

ယုရှန် တစ်ခါမှ မတွေးဖူးသော အဖြေဖြစ်၍ အလွန် အံ့ဩသွားမိသည်။ 

ဝတ္ထုထဲက အချက်အလက်က ယုံရလို့လား။ 

ဘယ်သူက ဝတ္ထုကို အတည်ကြီး တွေးလို့လဲ။ တခြားလူတွေသိရင် ရယ်စရာ ဖြစ်နေမှာပဲ။ 

“အာ အဖွဲ့မှူး ကျွန်မလည်း ထူးဆန်းတယ်လို့တော့ ထင်ခဲ့ပေမဲ့ သေချာဖတ်ကြည့်ရင်် အသေးစိတ်အချက်အလက်တွေက အကုန် တူနေတာ။ အဲ့တာကြောင့် ချက်ချင်း တင်ပြတာပါ”

ရှချင်းချင်း ရှင်းပြလိုက်၏။ 

“အင်းပါ”

ယုရှန် သက်ပြင်းချ၍

“အဲ့တော့ ပြောချင်တာက ငါတို့ရှာနေတဲ့ ဆေးအမျိုးအစားအသစ်နဲ့ တူတယ်ပေါ့လေ”

“ဟုတ်ပါတယ်”

“ဝတ္ထုတစ်ပုဒ်က အဲ့လောက် တိုက်ဆိုင်နိုင်လို့လား”

ယုရှန်ကတော့ မယုံနိုင်သေးပေ။ 

“ဘာပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းနဲ့ ပြုလုပ်နည်းတွေအထိ တူနေတာ။ အဓိကအချက်တွေ မပါတာလွဲရင်ပေါ့။ အဲ့တာလည်း ဓာတ်ခွဲခန်းကို ပို့လိုက်ရင် အဲ့လောက် မခက်ခဲတော့ပါဘူး”

“ဝတ္ထုထဲမှာ အဲ့လောက်အသေးစိတ်တွေရော ရေးထားတာလား”

ရှချင်းချင်း ပြုံး၍

“အဖွဲ့မှူး လင်းချွမ်ရဲ့ဝတ္ထုကိုသာ ဖတ်ကြည့်လိုက်ပါ။ သူ့အရေးအသားက တကယ် အံ့ဩစရာ ကောင်းတယ်”

“ရေးတဲ့သူက လင်းချွမ်လား”

ယုရှန် အံ့ဩသွားမိသည်။ 

လင်းချွမ်ဟူသောအမည်မှာ အလွန်ရင်းနှီးပြီးသား ဖြစ်လေသည်။ 

အန်လင်းရဲစခန်း၏ အဖွဲ့ခေါင်းဆောင်တိုင်း လင်းချွမ်နှင့် ပတ်သက်ဖူးပြီး အထူးသဖြင့် ကျန်းပြောင်မှာ အမာခံပရိသတ် ဖြစ်လေ၏။ 

ထို့ကြောင့် လင်းချွမ် ဝတ္ထုများကို မကြာခဏ ညွှန်းပေးလေ့ ရှိလေသည်။ 

ယုရှန် ထိုအကြောင်း ကြားသော်လည်း မယုံနိုင်သေးသောကြောင့် ဓာတ်ခွဲခန်းအဖြေရမှ ဆုံးဖြတ်ရန် တွေးလိုက်သည်။ 

“ဟုတ်ပါတယ်။ လင်းချွမ် ပြည်ပမှာပဲ ရောင်းတဲ့ ဝတ္ထုလေ။ ကျွန်မလည်း ဒီညမှ ဖတ်မိတာ”

ရှချင်းချင်း ပြန်ရှင်းပြ၏။ 

“ကောင်းပြီလေ။ မနက်ဖြန် ပစ္စည်းတွေယူပြီး ဓာတ်ခွဲခန်း အတူတူ သွားကြတာပေါ့”

ယုရှန် ပြန်ပြောလိုက်လေသည်။ 

All Chapters