ဟိုဘက်က ဘယ်သူလဲ မသိတာလား
Vol. 20 Ch. 287
လက်ရှိတွင် သူ မော်ဂန်အုပ်စု အရှေ့တောင်အာရှ အပိုင်းနှင့် မူးယစ်ဆေးများအကြောင်းကို ကမ္ဘာ့ တရားမဝင် ရောင်းဝယ်ဖောက်ကားရေးအမှုအတွက် စုံစမ်းလျက် ရှိလေသည်။
ယခုလိုအမှုများမှာ အလွန်ရှုပ်ထွေး၍ စစ်ဆေးရန် ခက်ပါသည်။
“အာ… ဘာမှလည်း မထူးသေးဘူး”
ချင်းယွန်း ခုံကိုမှီချလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူနေလိုက်သည်။
ခဏကြာမှ။
ကွန်ပျူတာကို ပြန်၍ အာရုံစိုက်လိုက်၏။
“နိုင်ငံတကာဖိုရမ်- မြေအောက်ကမ္ဘာ”
သူ ထိုအပိုင်းကို စောင့်ကြည့်နေခဲ့သည်မှာ ကြာလေပြီ။ အထူးသဖြင့် ရေခဲနက်တွင် မူးယစ်ဆေးများအကြောင်း ပါဝင်၍ သူ့အတွက် လေ့လာစရာ ဖြစ်နေသည်။
တစ်ချိန်တည်းတွင် ထိုဖိုရမ်ကို အသုံးပြုသူလည်း များပြားလွန်း၏။
ထို့ကြောင့် သူရှာနေသော အချက်အလက်များ ပေါ်လာမည်ဟု ယုံကြည်ထားပါသည်။
သူ ကံကိုသာ ပုံအပ်ရင်း ထိုဖိုရမ်ကို ကြည့်နေခဲ့၏။
သို့သော် ဖိုရမ် ရုတ်တရက် ပိတ်သွား၍ အလွန် အံ့ဩသွားမိလေသည်။
“ဘာဖြစ်တာလဲ”
ချင်းယွန်း မျက်မှောင်ကြုတ်၍ ရေရွတ်မိသည်။
ဝက်ဘ်ဆိုဒ်မှာ ထူးခြားသည့် အခြေအနေ မရှိဘဲ ပိတ်သွားမည် မဟုတ်ပေ။
“ကန့်သတ် live ထဲ ဝင်ကြည့်မှပဲ”
ထို live မှာ ဟက်ကာများ၏ နည်းပညာ အခြေအနေ၊ အခက်အခဲများ ဆွေးနွေးရာနေရာ ဖြစ်၍ မြေအောက်ကမ္ဘာ ပိတ်သွားခြင်းအကြောင်းကို ချက်ချင်း သိနိုင်လောက်သည်။
ချင်းယွန်း ထိုချန်နယ်ကို အမြန်ရှာကာ ဝင်ကြည့်လိုက်သည်။
[မြေအောက်ကမ္ဘာ အတွေ့အကြုံ အစအဆုံး live]
[မြေအောက်ကမ္ဘာကို ထိပ်တန်း ဟက်ကာအဖွဲ့မှ တိုက်ခိုက်ခြင်း]
[မှန်ပါတယ်။ မြေအောက်ကမ္ဘာကို အရှေ့တောင်အာရှ ဟက်ကာအဖွဲ့က ရုတ်တရက် တိုက်ခိုက်လို့ လက်ရှိ ပိတ်သွားပါပြီ]
[…]
“တိုက်ခိုက်ခံရတာလား”
သူ မျက်မှောင်ကြုတ်လျက် live များထဲအထိ ဝင်ကြည့်လိုက်၏။
ထိုထဲတွင် မြေပုံပေါ်၌ တိုက်ခိုက်ခံရသော နယ်မြေများကို အရောင်မျိုးစုံဖြင့် တွေ့ရပြီး ညအမှောင်၌ ကြယ်ကြွေနေသည့်နှယ် ထင်ရသည်။
ညာဘက်အောက် ထောင့်နားတွင်တော့ ကြေညာသူမှ အသေးစိတ် ရှင်းပြနေသည်။
ထိုလူမှာ တွမ်ဟု အမည်ရသည့် ဟက်ကာတစ်ဦး ဖြစ်ပြီး မျက်နှာကို mask အနက် တပ်ဆင်ကာ မျက်လုံးပါမကျန် ဖုံးအုပ်ထားလေသည်။
“လွန်ခဲ့တဲ့ (၁) နာရီက နိုင်ငံတကာဖိုရမ်- မြေအောက်ကမ္ဘာဟာဆိုရင် ရုတ်တရက် တိုက်ခိုက်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ တိုက်ခိုက်သူများက အရှေ့တောင်အာရှက ဆိုတာပဲ သိရပါသေးတယ်…”
ထိုအချိန်တွင် ကြည့်ရှုသူများ တစ်စတစ်စ တိုးလာနေ၏။
[ကျွန်တော် ဟက်ကာလောကနဲ့ ရေခဲနက်ဝတ္ထုတွေကို တအားကြိုက်တာ။ မြေအောက်ကမ္ဘာ မရှိတော့ရင် အိမ်မရှိသလို ဖြစ်မှာပဲ]
[အရှေ့တောင်အာရှလား။ ဘယ်သူက မူရင်းဖိုရမ်ကို လာတိုက်ခိုက်နေတာလဲ]
[မြေအောက်ကမ္ဘာကို ကယ်တင်နိုင်မယ့်သူ မရှိတော့ဘူးလား]
[အခုမှ လေ့လာနေတုန်းကို ပိတ်သွားပြီတဲ့လား]
[ဒီလို လုပ်ရပ်ဆိုးနောက်မှာ ဘယ်သူရှိနေလဲ တကယ် သိချင်မိတယ်]
[အခြေအနေလေး ပြောကြပါဦး]
[…]
ချင်းယွန်း ကွန်းမန့်များဖတ်ရင်း ပိုစိတ်ဝင်စားလာသည်။
မည်သူမှတော့ အကြောင်းမရှိဘဲ တိုက်ခိုက်မည် မဟုတ်ပါ။
“မိတ်ဆွေတို့ ကျွန်တော် သတင်းဆိုး ပြောစရာ ရှိပါတယ်”
တွမ်၏အသံ ထွက်ပေါ်လာသည်။
[မြေအောက်ကမ္ဘာ ပြန်ဖွင့်ပြီလား]
[ဘယ်သူက တိုက်ခိုက်တာလဲ]
[ဘယ်သူ ပြဿနာရှာလဲ သိပြီလား]
[…]
ထိုထဲတွင် ရှိနေသူ အများစုမှာ ဟက်ကာများနှင့် ဟက်ကာ ဖြစ်ချင်သူများပင်။
ထို့ကြောင့် အလွန်စိတ်ဝင်စား အာရုံစိုက်နေကြ၏။
တွမ်မှ
“အခုပဲ လျှို့ဝှက်ချန်နယ်ကနေ တိုက်ခိုက်သူတွေရဲ့ အချက်အလက်ကို ရခဲ့တယ်”
ချင်းယွန်းလည်း မမှိတ်မသုန် စိုက်ကြည့်နေ၏။
တွမ်မှ
“အခု တိုက်ခိုက်သူကတော့ မော်ဂန်အုပ်စု အရှေ့တောင်အာရှ အပိုင်းကပါ”
ထိုအခါ ပို၍ ဆူညံပွက်လောရိုက်သွားတော့သည်။
[မော်ဂန်အုပ်စုနဲ့ဆိုရင်တော့ မြေအောက်ကမ္ဘာလည်း သွားပြီ]
[သူတို့က အရှေ့တောင်အာရှရဲ့ တရားမဝင် အဖွဲ့ကြီးလေ]
[ဟုတ်တယ်။ နိုင်ငံတကာရဲတွေတောင် ဘာမှ မလုပ်နိုင်ကြဘူး]
[မြေအောက်ကမ္ဘာထောင်တဲ့ မစ္စတာလင်းဆိုတာ အွန်လိုင်းစာရေးဆရာမလား။ သူက မော်ဂန်အုပ်စုနဲ့ ဘယ်လို ပတ်သက်နေတာလဲ]
[ဒီလို လုပ်ငန်းကြီးက စာရေးဆရာလေးကို တိုက်ခိုက်တာလား]
[ဒေါသထွက်လိုက်တာ။ ရာရာစစ]
[…]
အားလုံး မကျေမနပ် ပြောဆိုနေကြလေသည်။
ချင်းယွန်းလည်း ကွန်းမန့်များ ဖတ်ပြီးနောက် သက်ပြင်းချ၍ ရေရွတ်မိ၏။
“ဒီဖိုရမ်ကို အွန်လိုင်းစာရေးဆရာလေး ထောင်ထားတာ ဆိုရင်တော့ ပြန်ဖွင့်ဖို့ မဖြစ်နိုင်တော့ပါဘူး”
စောင့်ကြည့်နေသူအားလုံးလည်း ထိုသို့သာ တွေးမိကြသည်။
မော်ဂန်အုပ်စု၏ အရှိန်အဝါ အင်အားမှာ တော်ရုံ မယှဉ်နိုင်အောင် ကြီးမားလွန်း၏။
ထို့ကြောင့် နောက်ခံအင်အား မရှိပါက လက်လျှော့လိုက်ရသည်ချည်းသာ ဖြစ်လေသည်။
ချင်းယွန်းလည်း မကျေမနပ် ပြောဆိုနေမိသည်။
“တကယ်ပဲ ရိုင်းလိုက်တာ။ ငါ သက်သေ ရှာတွေ့လို့ကတော့”
ထိုအချိန်တွင် ဟက်ကာ တွမ်မှာတော့ ဆက်ရှင်းပြနေဆဲပင်။
“အားလုံးပဲ မော်ဂန်အုပ်စုက ဆက်တိုက်ခိုက်နေတုန်း ဆိုပေမဲ့ မစ္စတာလင်းက တောင့်ခံနေပါသေးတယ်”
သူ မြေပုံမှ အလင်းတန်းများကို ကြည့်ရင်း ကြေညာပေးနေသည်။
[အန္တရာယ်များတာကို မစ္စတာလင်းက သတ္တိရှိလိုက်တာ]
[မစ္စတာလင်း လက်မလျှော့သေးဘူး။ မော်ဂန်အုပ်စုကို ပြိုင်တိုက်နေတယ်]
[မစ္စတာလင်းက တစ်ဖက်အဖွဲ့ကို မသိတာများလား]
[ငါ မျက်ရည်တွေ ဝဲလာပြီ]
[…]
အားလုံး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။
ထိုစဉ် တွမ်၏ ဝမ်းသာအားရ အသံတစ်ခု ထွက်ပေါ်လာသည်။
“ကြည့်ပါဦး။ မစ္စတာလင်း ပြန်တိုက်ခိုက်နေပြီ။ သူ ပြန်တိုက်နေပြီ”
ချင်းယွန်း ကွန်ပျူတာကို မျက်တောင်မခတ်နိုင်ဘဲ စိုက်ကြည့်နေမိ၏။
ထို့နောက် တဖြည်းဖြည်း ပါးစပ်အဟောင်းသား ဖြစ်လာသည်။
မြေအောက်ကမ္ဘာမှ အပြာရောင်အလင်းများ ထွက်လာပြီး အရှေ့တောင်အာရှသို့ ခုန်သွား၏။
ပစ်မှတ်မှာ မော်ဂန်အုပ်စု ဖြစ်လေသည်။