တိုက်ပွဲကျခြင်း
Vol. 20 Ch. 288
ကန့်သတ် live ပလက်ဖောင်း။
တွမ်သာမက အခြား live များတွင်လည်း အခြေအနေကို ဝိုင်းအာရုံစိုက်နေကြသည်။
အထူးသဖြင့် မော်ဂန်အုပ်စုမှန်း သိပြီးနောက် စိတ်ဝင်စားမှုများ ပိုမြင့်တက်လာပြီး live ထဲတွင် လူအပြည့် ဖြစ်နေ၏။
အပြာရောင်အလင်းတန်း၏ တိုက်ခိုက်မှုမှာ အလွန် လျင်မြန်ပြီး (၂) စက္ကန့်မျှအတွင်း ပစ်မှတ်ဧရိယာသို့ ရောက်ရှိသွားသည်။
ဝှစ်!
အားလုံး ငြိမ်သွားပြီဟု ထင်ထားချိန်၌ မြေအောက်ကမ္ဘာမှ အလင်းရောင်သည် ရုတ်တရက် အရောင်မျိုးစုံ ဖြာထွက် ကျရောက်လာတော့၏။
ပိုမြန်၍ ပိုစိပ်လာသည်။
တစ်ချိန်တည်းတွင် မြေပုံ၌ မော်ဂန်အုပ်စု အရှေ့တောင်အာရှအပိုင်းတွင် မီးများ တောက်လောင်လာသည်။
ဒါပဲ။
အလင်းရောင်များ အဆက်မပြတ် ပစ်လွှတ်နေသည်ကို တွေ့ရပြီး မော်ဂန်အုပ်စုလည်း မီးတဟုန်းဟုန်း ဖြစ်နေသည်။
Live လွှင့်နေသည့် တွမ်ဆိုသူလည်း ပါးစပ်အဟောင်းသားဖြင့် ကြည့်နေရင်း အံ့ဩလွန်း၍ ဆဲမိမလိုပင် ဖြစ်သွားသည်။
ကွန်းမန့်ထဲမှ ပရိသတ်များလည်း ထိုအခြေအနေမျိုး တွေ့ရမည်ဟု မထင်ထားပေ။
[တကယ် ပြင်းထန်တာပဲ။ မော်ဂန်အုပ်စုကိုတောင် ပြန်တိုက်ခိုက်ရဲတယ်]
[ချီးပဲ။ ကြောက်စရာကြီး]
[မစ္စတာလင်းက ခုခံရုံ မဟုတ်တော့ဘူး။ မော်ဂန်အုပ်စုကို စစ်ကြေညာလိုက်တာပဲ]
[အခုကစပြီး မစ္စတာလင်း ပရိသတ် ဖြစ်သွားပြီ]
[ကြည့်ပါဦး။ မော်ဂန်ဘက်က မြေအောက်ကမ္ဘာကို ဆက်မထိတော့ဘူး]
[မစ္စတာလင်း ထိုးစစ်ဆင်တာ အောင်မြင်သွားပြီလား]
[တစ်ယောက်တည်းဆိုပေမဲ့ သူရဲကောင်းပဲ။ ယုံတောင် မယုံနိုင်ဘူး]
[မော်ဂန်ဆာဗာတွေ ကျသွားပြီလား]
[…]
ချီးကျူးစကားများ ကွန်းမန့်ထဲ၌ ပြည့်နှက်သွား၏။
ထို live ကို စောင့်ကြည့်နေသော အင်တာပိုအေးဂျင့် ချင်းယွန်းလည်း အသက်ပင် မရှူနိုင်အောင် အံ့ဩနေမိသည်။ မော်ဂန်အုပ်စု အရှေ့တောင်အာရှ အပိုင်းမှာ အမှောင်ထုထဲ ကျရောက်နေလေပြီ။
“တကယ်ပါပဲ။ မစ္စတာလင်းက မော်ဂန်အုပ်စုကို ဖျက်ဆီးလိုက်တာလား”
သူ အံ့ဩစွာ ရေရွတ်မိ၏။
“မော်ဂန်ဆာဗာကနေ အချက်အလက်တွေ ယူနိုင်ရင်…”
…
မော်ဂန်အုပ်စု၊ အရှေ့တောင်အာရှအပိုင်း။
ပိန်းပိတ်အောင် မှောင်နေသော ညလယ်တွင် မီးခိုးရောင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦးမှာ ဒေါသတကြီး ဖြစ်နေသည်။
“ချီးပဲ။ မင်းတို့ ဘာသောက်သုံးကျလဲ။ ငါ့မှာတော့ မင်းတို့အပေါ် ပိုက်ဆံတွေ အများကြီး သုံးထားလိုက်ရတာ။ အခုတော့ ဘာထူးလဲ။ အွန်လိုင်းစာရေးဆရာလေးတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး။ ဆန်ကုန်မြေလေးတွေ”
မော်ဂန်အုပ်စုမှ လူးကပ်စ်မှာ ဟက်ကာအဖွဲ့အား ဒေါသတကြီး ပြောဆိုနေသည်။
သူ့ရှေ့တွင်တော့ ဟက်ကာခေါင်းဆောင်မှ မျက်နှာထား တင်းတင်းဖြင့်
“လူးကပ်စ် တစ်ဖက်လူက အဲ့လောက် အရည်အချင်း ရှိမှန်းသိရင် ကျွန်တော်တို့လည်း လက်မခံပါဘူး။ ခင်ဗျားပြောတော့ ပစ်မှတ်က သာမာန် အွန်လိုင်း စာရေးဆရာဆို”
လူးကပ်စ် စိတ်မထိန်းနိုင်ဘဲ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်အား ပစ်ပေါက်လိုက်သည်။
ခွက်မှာ စတီးနှင့် ပြုလုပ်ထား၍ ကွဲကြေခြင်းတော့ မရှိပေ။
သို့သော် ဟက်ကာခေါင်းဆောင်၏ ခြေမကို ထိမိ၍ အလွန်နာကျင်သွားလေသည်။
“လူးကပ်စ် ဒါက အပြစ်ပေးနေတာဆိုရင် ကောင်းကောင်း လက်ခံလိုက်ပါမယ်”
“ချီးပဲ”
လူးကပ်စ်မှာ စိတ်တိုလွန်း၍ ထပ်ကျိန်ဆဲမိပြန်သည်။
“ကောင်းပြီ။ ပြောပါဦး။ ဒီကိစ္စကြောင့် ဘယ်လောက်တောင် အရှုံးပေါ်သွားပြီလဲ”
ဟက်ကာခေါင်းဆောင်မှ ခဏစဉ်းစား၍
“ကျွန်တော်တို့ မစ္စတာလင်းကို တိုက်ခိုက်ဖို့ လုပ်ထားတဲ့ ဆာဗာကွန်ယက်က သုံးမရတော့ပါဘူး။ အဓိကဆာဗာက ကုဒ်အနုနဲ့ ရေးထားပေမဲ့ ခုခံရေး ပရိုဂရမ်ကို အချိန်မီ စလိုက်နိုင်လို့ မစ္စတာလင်း ဝင်ထိန်းချုပ်လို့တော့ ရမှာ မဟုတ်ဘူး”
“အချက်အလက်တွေ အချက်အလက်တွေကရော”
လူးကပ်စ် အံကြိတ်ကာ ထပ်မေးလေသည်။
“အချက်အလက်လား”
ဟက်ကာမှာ မျက်နှာတစ်ချက် ပျက်သွားပြီးမှ
“အချက်အလက်တွေက ခုခံရေးစတာနဲ့ ဖျက်ဆီးလိုက်ပါပြီ။ ဒါပေမဲ့ အရံထားတာတွေ ရှိပါသေးတယ်”
“ပေါက်ကြားသွားတာတော့ မရှိဘူးမလား”
ဟက်ကာ ခေါင်းယမ်းပြ၍
“လုံးဝ မရှိပါဘူး။ ကျွန်တော်တို့ ကာကွယ်ရေးနဲ့ဆိုရင် သူ ချက်ချင်း ဝင်ခိုးဖို့ လုံးဝ မဖြစ်နိုင်ဘူး”
လူးကပ်စ် ထိုအခါမှ သက်ပြင်းချလိုက်ပြီး
“သူ့ကို ဆက်သွယ်ဖို့လုပ်။ ရရင် ပြောလိုက်။ သူ ဆက်ပြီး ရန်သူအဖြစ် နေနေမယ်ဆိုရင် ရလဒ်က တစ်ခုပဲ ရှိတယ်လို့။ အဲ့တာ သေခြင်းပဲ”
သူ နောက်ဆုံးစကားကို အေးစက်စွာ ပြောလိုက်၏။
လူးကပ်စ်တစ်ယောက် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည်။
ထိုအခြေအနေကြောင့် မော်ဂန်အုပ်စု ဂုဏ်သိက္ခာကိုလည်း ထိခိုက်နိုင်သည်။
နတ်ဘုရားများ၊ တော်ဝင်မိသားစုများမှာ သိက္ခာကို အရေးအကြီးဆုံးအဖြစ် ထိန်းသိမ်းကြ၏။
မော်ဂန်အုပ်စုသည် ဤမျှ မကြီးကျယ်သော်လည်း လင်းချွမ်ကို ရှုံးရခြင်းမှာတော့ ရှက်စရာ ကောင်းလှသည်။
ငါတို့နယ်ထဲလာပြီး ဖျံကျသွားတာပဲ။
ရယ်ရတယ်။
ဟက်ကာခေါင်းဆောင် ချက်ချင်း ခေါင်းငြိမ့်ပြကာ ကွန်ပျူတာရှေ့ ပြန်ထိုင်၍ လင်းချွမ်အား ဆက်သွယ်ရန် ကြိုးစားရတော့သည်။
သို့သော် (၅) မိနစ်မျှ ကြာသောအခါ ဆက်သွယ်ရေး ချန်နယ်လည်း ဖြတ်တောက်ခံလိုက်ရလေသည်။
“ဘာဖြစ်တာလဲ”
လူးကပ်စ် မျက်မှောင်ကြုတ်သွား၏။
ဟက်ကာခေါင်းဆောင် တုန်လှုပ်စွာဖြင့်
“မစ္စတာလင်းက ဆက်သွယ်ရေးချန်နယ်ကို ဝင်သုံးဖို့ ကျွန်တော်တို့ထဲက ကွန်ယက်ကို နယ်ချဲ့လာပါတယ်”
“ဒီကောင်ကတော့ တကယ် သေချင်နေပြီပဲ”
လူးကပ်စ်မျက်နှာ အလွန်ပျက်နေပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေ၏။
ဟက်ကာခေါင်းဆောင်လည်း ဇက်လေးပုကာ ဘာမှ ပြန်မပြောနိုင်ပေ။
တိုက်ပွဲကျထားသော ဟက်ကာများအားလုံး ငြိမ်သက်လျက် လူးကပ်စ် ဒေါသကို ထပ်မဆွမိစေရန် ကြိုးစားနေထိုင်နေကြသည်။
လူးကပ်စ်မှာ ဟက်ကာများကို ဝေ့ဝဲကြည့်၍ အထင်သေးရှုံ့ချသလို အမူအရာ ပြုပြီးနောက် အခန်းထဲမှ စိတ်ဆိုးမာန်ဆိုး ထွက်သွားလေတော့သည်။