ရှင်းလိုက်တော့
Vol. 20 Ch. 289
လူးကပ်စ် သူ့ရုံးခန်းထဲ ပြန်လာပြီးနောက် အန်လင်းမြို့ရှိ ကိုကိုး ခေါ် ယုခီခီအား ဖုန်းခေါ်လိုက်သည်။
“ကိုကိုး လင်းချွမ်ကို ရှင်းလိုက်တော့။ အခုချက်ချင်းနော်”
လူးကပ်စ်မှ ဖုန်းဝင်သွားသည်နှင့် ဒေါသတကြီး ပြောလေသည်။
“ဘာတွေပြောနေတာလဲ။ ရုတ်တရက်ကြီး”
ယုခီခီမှာ ဆေးဝါးစက်ရုံထဲ၌ လိုအပ်သည်များ စစ်ဆေးပြီး ရုံးခန်းထဲ ပြန်ရောက်ချိန် ထိုစကားကို ကြားရ၍ နားမလည်နိုင် ဖြစ်သွား၏။
“သူ့ကြောင့် မော်ဂန်အုပ်စု သိက္ခာကျနေပြီ”
လူးကပ်စ် အေးစက်စွာ ပြောသည်။
“အခု ဘာတွေဖြစ်နေလို့လဲ”
ယုခီခီ စိတ်မရှည်တော့ဘဲ ထပ်မေးလိုက်၏။
မော်ဂန်အုပ်စုတွင် သူ့ရာထူးမှာလည်း မနိမ့်လှပေ။
“ဟင်”
လူးကပ်စ်မှာ အချိန်အတော်ကြာအောင် ငြိမ်နေပြီးမှ
“ငါတို့ နိုင်ငံတကာဖိုရမ်- မြေအောက်ကမ္ဘာကို တိုက်ခိုက်လိုက်ပေမဲ့ လင်းချွမ်က ပြန်တိုက်ခိုက်လို့ ငါတို့ဆာဗာကျသွားပြီ”
“ဟင်”
ယုခီခီ မျက်မှောင်လေးကြုတ်လျက်
“လင်းချွမ်က သာမာန် အွန်လိုင်းစာရေးဆရာ မဟုတ်ဘူးလို့ ကျွန်မ သတိပေးခဲ့သားပဲ။ သူ့မှာ နည်းပညာကုမ္ပဏီ ထောင်ထားတာလည်း ရှိတယ်။ ဟက်ကာ အရည်အချင်းက တော်ရုံ ဟုတ်ပါ့မလား”
“မင်း အခု ဒါတွေလာပြောနေလည်း နောက်ကျသွားပြီ။ ကန့်သတ် live ထဲမှာ ငါတို့ ရှုံးနိမ့်ကြောင်း တစ်လောကလုံး သိကုန်ပြီကွ”
လူးကပ်စ် ဒေါသတကြီး ပြော၏။
“အချက်အလက်တွေတော့ မပေါက်ကြားသွားဘူးမလား”
ယုခီခီ စိုးရိမ်ကာ မေးလိုက်သည်။
“အင်း။ ဆာဗာမှာ အစတည်းက ကာကွယ်ရေး ပရိုဂရမ် သုံးထားတယ်”
လူးကပ်စ်မှ ဆက်၍
“အဲ့တာတွေ ပူမနေပါနဲ့။ အချက်အလက် ပေါက်ကြားရင်တောင် ဘာမှ ကြီးကြီးမားမား မဖြစ်ဘူး။ အလွန်ဆုံး ငါတို့ ကုမ္ပဏီအခွဲ နည်းနည်းပါးပါး ဆုံးရှုံးရုံပဲ”
မော်ဂန်အုပ်စု အသုံးပြုသည့် ဆာဗာများမှာ အချက်အလက် ပယ်ဖျက်ပြီး ဖြစ်ပါသည်။
တစ်ဖက်တွင်တော့ လုံခြုံသည့် ဖိုင်၌ ပြန်သိမ်းဆည်းထား၏။
“ဒါဆို တော်သေးတာပေါ့”
ယုခီခီ ထိုအခါမှ စိတ်အေးသွား၏။
“ဒီည သူ့ကို ရှင်းလိုက်”
လူးကပ်စ် ထပ်ပြောလေသည်။
“ရှင်က လုံးဝ ရှုံးနေပြီးပြီလေ။ လူးကပ်စ် ကျွန်မ ပြောမယ်။ စဉ်းစားကြည့်နော်။ သူ့ကိုသာ ကျွန်မတို့ဘက်က ပြန်ခေါ်ထားနိုင်ရင် အပြင်က ဝေဖန်ကဲ့ရဲ့တာတွေအားလုံး ချက်ချင်း ပျောက်သွားပြီ”
ယုခီခီ တည်ငြိမ်စွာ ပြော၏။
“မင်းက အခုထိ သူ့ကို ခန့်ချင်နေတုန်းလား”
လူးကပ်စ်အသံမှာ ကြက်သီးထစရာ ကောင်းလှသည်။
“အခု သူ့ကို ရှင်းပစ်ရင် ကျွန်မတို့ လုပ်မှန်း တစ်လောကလုံး သိရုံပဲ ရှိတယ်။ ဒါမှမဟုတ် သူ့ကို ခန့်လိုက်နိုင်ရင်ကျတော့ ဒီနယ်မြေရဲ့ အရှင်သခင်အဖြစ် ဆက်နေလို့ ရတယ်လေ”
ယုခီခီ သူ့စိတ်ကူးကို ပြောပြ၏။
“ကောင်းပြီလေ။ နောက်ဆုံးအနေနဲ့ အခွင့်အရေး ထပ်ပေးလိုက်မယ်။ သူ လက်မခံရင်တော့ ချက်ချင်း လုပ်ငန်းစနော်”
သူ တင်းကြပ်စွာ ထပ်သတိပေးလိုက်သည်။
“ကောင်းပါပြီ”
ယုခီခီလည်း ကျောချမ်းဖွယ် ပြုံး၍ ဖုန်းချလိုက်၏။
ယနေ့ည လင်းချွမ်မှ မော်ဂန်အုပ်စု ဟက်ကာများကို အနိုင်ရရှိထားသောကြောင့် ယုခီခီ သူ့ကို ပို၍ ပိုင်ဆိုင်ချင်လာမိသည်။
စိတ်ဝင်စားမှုလည်း ပိုမြင့်တက်လာ၏။
…
လင်းကျန်အိမ်ရာ၊ လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့ အခန်း။
ညအမှောင်မှာ အန်လင်းမြို့ကို လွှမ်းခြုံ၍ ပိန်းပိတ်အောင် မှောင်နေသည်မှာ အနက်ရောင် လိုက်ကာကြီး ကွယ်ထားသကဲ့သို့ လနှင့် ကြယ်များကိုပင် မတွေ့ရဖြစ်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံလည်း မှုန်မှိုင်းနေ၏။
ညခင်းလေပြည်မှာ ဖြည်းညင်းစွာ တိုက်ခိုက်နေပြီး အခန်းထဲအထိ အအေးဓာတ်ကို ပေးစွမ်းနေလေသည်။ ပြတင်းပေါက် လိုက်ကာစမှာတော့ တလှပ်လှပ် လွင့်ခါလျက် ရှိ၏။
လင်းချွမ် ကွန်ပျူတာကို ကြည့်နေစဉ် အန်ဂျလီနာထံမှ စာဝင်လာ၏။
“အိုင်ဒေါလ်က အရမ်းမိုက်တာပဲ”
လင်းချွမ်ပြုံး၍ မောက်ကျန်းလက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီးနောက် လျင်မြန်စွာ စာပြန်လိုက်သည်။
“သူတို့က ရန်သူကို အထင်သေးတာကိုး။ မဟုတ်ရင် အဲ့လောက် လွယ်မှာမဟုတ်ပါဘူး”
“သူတို့ အထင်သေးတော့ ပိုအဆင်ပြေပေမဲ့ ကျွန်မအမြင် သေချာ ပြင်ဆင်ထားကြလည်း ရှုံးမှာပါပဲ”
အန်ဂျလီမာ ရယ်မော၍ ပြောလိုက်သည်။
“သူတို့ အရည်အချင်းက မြောက်အမေရိကအဖွဲ့ထက်တော့ မနိမ့်ဘူး။ ပြင်ဆင်ထားကြရင် နောက် (၂) မိနစ်လောက်တော့ ထပ်တောင့်ခံနိုင်မှာပေါ့”
လင်းချွမ်မှ ပြောလိုက်၏။
သူပြောတာလည်း မှန်ပါသည်။
“အိုင်ဒေါလ် ရှင် သိလား။ အခု ကန့်သတ် live မှာ ရှင့်ပရိသတ်တွေ အများကြီး ရောက်နေပြီ။ မော်ဂန်အုပ်စုကို တိုက်ခိုက်ရဲတယ်ဆိုတော့ တော်ရုံသတ္တိ မဟုတ်ဘူးဆိုပြီးလေ”
အန်ဂျလီနာကိုယ်တိုင်လည်း ပရိသတ်တစ်ယောက် ဖြစ်နေ၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ် ပြည်ပထုတ်လုပ်ရေး အခြေအနေရော ဘယ်လိုဖြစ်သွားပြီလဲ”
“သူတို့ပစ်မှတ်က ရှင်းတယ်လေ။ ဝက်ဘ်ဆိုဒ်ကို ဖျက်ချင်တာ။ ဒါပေမဲ့ ကံကောင်းချင်တော့ ရှင့်ဝတ္ထုတွေရဲ့ အရင်းအမြစ်ကုဒ် ရှိထားတာနဲ့ အဆင်ပြေသွားပါပြီ”
အန်ဂျလီနာမှ ပြန်ဖြေလိုက်သည်။
လင်းချွမ် ဂရုတစိုက်ဖတ်ပြီးနောက်
“အဲ့တော့ ပြည်ပထုတ်လုပ်ရေးဝက်ဘ်ဆိုဒ်မှာ ကျွန်တော့်ဝတ္ထုတွေပဲ ရှိတယ်ပေါ့”
“အဲ့လိုပေါ့”
အန်ဂျလီနာမှ ဆက်ရှင်းပြလေသည်။
“ကျွန်မလည်း တခြားဝတ္ထုတွေအထိတော့ မမှတ်ထားဘူးလေ။ ဝက်ဘ်ဆိုဒ်ဘက်က ရှိသေးရင် ပြန်တင်မှာပေါ့”
လင်းချွမ် နေရခက်စွာဖြင့်
“အဲ့တာက အရေးတော့ မကြီးပါဘူး။ ဒါပေမဲ့ ပြန်တင်ဖို့က အလုပ်ရှုပ်လိမ့်မယ်”
မနက်ဖြန်မနက်တွင်တော့ အယ်ဒီတာများ၊ စာရေးဆရာများ မှင်တက်နေကြတော့မည်။
သို့သော် ဆာဗာလုံခြုံရေးအဖွဲ့မှ ထိုသို့ ပြန်ပြောလောက်ပါသည်။
“မနေ့ညက ရုတ်တရက် တိုက်ခိုက်မှုရှိလာပြီး နယ်ချဲ့လာပေမဲ့ သူရဲကောင်းတစ်ယောက်က ရုတ်တရက် ကူညီပေးလို့ ဆာဗာတွေ ဘေးကင်းသွားတာပါ။ အရမ်း ထူးဆန်းတာပဲ”