အကောင့်တုများ
Vol. 20 Ch. 290
ထို့နောက် လင်းချွမ် ကွန်ပျူတာကိုသာ ပြန်ကြည့်နေမိသည်။
ကွန်ပျုတာမျက်နှာပြင်မှ window တစ်ခုတွင် သူ့အောင်မြင်မှုဆုလာဘ် ရှိနေလေသည်။
ဖိုင်တစ်ခု။
သူ မော်ဂန်အုပ်စုဆာဗာမှ ရထားသည့် အချက်အလက်ဖိုင်ပင်။
ဆာဗာမှာ ကိုယ်ပိုင်ကာကွယ်ရေး ပရိုဂရမ် ရှိနေ၍ သူ ပုံမှန်နည်းလမ်းဖြင့် hack ပါက ထိုအချက်အလက်များ ခိုးယူနိုင်မည် မဟုတ်ပေ။
သို့သော် လင်းချွမ်တစ်ယောက် သူကိုယ်တိုင် ဆာဗာ အသုံးပြုသူအဖြစ် ထိုးဖောက်ဝင်ရောက်ခဲ့သောကြောင့် ကာကွယ်ရေး ပရိုဂရမ်အား လှည့်စားနိုင်ခဲ့လေသည်။
ထို့နောက် အချိန်တိုအတွင်း၌ လင်းချွမ် အချက်အလက်များ ရရှိသွားတော့သည်။
သူ ဆက်တိုက် တိုက်ခိုက်နေရင်းကြားမှ ထိုသို့ အကာအကွယ်ကြားထဲ ထိုးဖောက်ကာ ဆာဗာထဲ ဝင်သွားနိုင်ခြင်း ဖြစ်လေသည်။
လင်းချွမ် ဖိုင်ကို ဖွင့်ကြည့်လိုက်၏။
ဖိုင်မှာ အရမ်းမကြီးဘဲ ဆိုဒ်အသေးချုံ့ထားသည်။
မော်ဂန်အုပ်စု၏ ဟက်ကာအဖွဲ့မှာ ကျွမ်းကျင်ပညာရှင်ဆန်၍ တင်းကြပ်သော အကာအကွယ်နှင့်အတူ နောက်ကြောင်းများ ရှင်းထားပြီးဖြစ်မှန်း လင်းချွမ် ခန့်မှန်းမိပါသည်။
“ဘာတွေ ရှိနေလဲ ကြည့်ရအောင်”
လင်းချွမ် ရေရွတ်ရင်း အရမ်းမျှော်လင့်မထားဘဲ ခပ်အေးအေး ဖွင့်ကြည့်လိုက်၏။
အကြောင်းအရာမှာ ရုတ်တရက် ကြည့်ရုံဖြင့် မထင်ရှားပေ။
လင်းချွမ် စာကြောင်းတစ်ခုချင်း၊ အပိုဒ်တစ်ခုချင်း ဖတ်ကြည့်ရာ ကြီးကျယ်သော ကုဒ်ဟူ၍ မတွေ့ရချေ။
“ဟင် မော်ဂန်အုပ်စုရဲ့ ဟက်ကာတွေက ဒီအကောင့် နည်းနည်းနဲ့ပဲ အဆက်အသွယ် လုပ်နေတာလား”
လင်းချွမ် ဖိုင်ထဲတွင် အကောင့်အချို့ ထပ်တွေ့ရလေသည်။
သို့သော် အကောင့်အတုများဖြစ်ပြီး အစစ်ကို ခြေရာခံရန် အလွန်ခက်ခဲပါသည်။ ပြောရလျှင် အချိန် အနည်းငယ်နှင့် မဖြစ်နိုင်ချေ။
ထိုအကောင့်တုများမှာ လက်ရှိတွင်လည်း အသုံးမပြုဘဲ စွန့်ပစ်ထားသောကြောင့် ကွန်ယက်လှိုင်းပင် ဖမ်းမမိနိုင် ဖြစ်နေ၏။
ထို့ကြောင့် ရှာဖွေစုံစမ်းရန် အတော်လေး မဖြစ်နိုင်ပေ။
သို့သော် ဖိုင်ထဲ၌ ထိုအကောင့်တုများမှလွဲ၍ အခြား တန်ဖိုးကြီးအရာ မပါဝင်။
လင်းချွမ်ကတော့ လက်မလွှတ်နိုင်သေး ဖြစ်နေသည်။
ထို့နောက် ဖိုင်ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်ရင်း ရေရွတ်လိုက်မိသည်။
“ဒီဖိုင်အရတော့ မော်ဂန်အုပ်စု ဟက်ကာတွေက တစ်ပတ်တစ်ခါကို ရှင်းလင်းရေး လုပ်နေပုံပဲ။ ပြောရရင် ဒီအချိန်အတွင်း အကောင့်တုတွေကနေ မှတ်တမ်းတချို့ စစ်ထုတ်နိုင်ရင် အကောင့်အစစ်အထိ ရှာနိုင်လောက်တယ်”
လင်းချွမ် တတွတ်တွတ် ရွတ်ရင်း လုပ်ငန်းစရန် စီစဉ်နေသည်။
ထို့နောက် အန်ဂျလီနာအား ဆက်သွယ်လိုက်၏။
“အန်ဂျလီနာ ကျွန်တော် အကူအညီတောင်းစရာလေး ရှိလို့”
“ဂုဏ်ယူစရာပဲ။ ပြောလေ”
တစ်ဖက်မှ အန်ဂျလီနာသည် လင်းချွမ်စာကို တွေ့သည်နှင့် အလွန်ပျော်ရွှင်လျက် တက်ကြွစွာ ပြန်ဖြေလိုက်သည်။
နောက်ထပ် တိုက်ပွဲ ရှိလာပြီလား။
“ဒီအကောင့်တုတွေကို နည်းနည်းလောက် စုံစမ်းပေးပါလား။ ကျွန်တော် နည်းလမ်း ပြောပြမယ်”
လင်းချွမ် အကောင့် (၃) ခု ပို့ပေးလိုက်ကာ ပြော၏။
“အိုခေ”
အန်ဂျလီနာလည်း ချက်ချင်းပင် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်လေသည်။
ထို့နောက် လိုအပ်သည်များရှင်းပြကာ လုပ်ငန်းစကြတော့သည်။
နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီ…
သုံးနာရီနီးပါး ကြာပြီးနောက်။
နောက်ဆုံးတော့ လင်းချွမ် သူ့စုံစမ်းမှု ပြီးဆုံးသွားလေ၏။
သူ ရှာထားသည့်အကောင့်များမှာ ဥရောပဘက်ကို ညွှန်ပြနေလေသည်။
သူ့အတွက်တော့ သိပ်မသက်ဆိုင်လှချေ။
လင်းချွမ် မော်ဂန်အုပ်စု၏ အန်လင်းဘက်အပိုင်းကို စိတ်ဝင်စားနေ၏။
ယခုအချိန်တွင် သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ထိုနေရာဖြစ်လေသည်။
“အိုင်ဒေါလ် ကျွန်မလည်း စစ်ဆေးပြီးပြီ။ ဖိုင် ပို့ပေးလိုက်မယ်နော်”
မကြာမီ အန်ဂျလီနာ၏စာ ရောက်လာ၏။
“ကျေးဇူးပါပဲ”
လင်းချွမ် ကျေးဇူးတင်စကား ပြောလိုက်သည်။
“မလိုပါဘူးရှင်”
အန်ဂျလီနာလည်း ကျေနပ်စွာပြုံး၍ ပြန်ပြော၏။
လင်းချွမ် စိတ်ထဲတွင် လေးလံနေဆဲပင်။
သူ အန်ဂျလီနာပို့သည့်ဖိုင်ကို ချက်ချင်း ဖွင့်ကြည့်လိုက်လေသည်။
ထိုထဲမှ အကောင့်တု (၂) ခုမှာ အရှေ့တောင်အာရှမှ ဖြစ်ပြီး ကျန် (၁) ခုမှာ ဟန်မြစ်အပိုင်းမှ ဖြစ်၏။
လင်းချွမ် ရုတ်တရက် မျက်မှောင်ကြုတ်မိသွားသည်။
သူ ဟန်မြစ်အပိုင်းအကောင့်ကို အာရုံစိုက်ကြည့်ရင်း အခြားပတ်သက်သည့် အချက်အလက်များကိုပါ ဖတ်ကြည့်လိုက်၏။
ဟွာရန်ကုမ္ပဏီ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး ဟန်မြစ်အပိုင်း အတွင်းကွန်ယက်အကောင့်။
“ဟွာရန်”
လင်းချွမ် ခပ်တိုးတိုး ရေရွတ်ပြီးနောက် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။
သူအကြောက်ဆုံး အခြေအနေ ဖြစ်လာတော့မည်။