← Chapters

ဖျောင်းဖျရမယ်

Vol. 20 Ch. 291

ဖျောင်းဖျရမယ်

Vol. 20 Ch. 291

အခန်းထဲတွင် တောက်ပသောအလင်းရောင်မှာ စူးရှ၍ အပြင်မှညအမှောင်ကိုပင် အံတုနေ၏။ 

လင်းချွမ်မှာတော့ ကွန်ပျူတာကိုကြည့်ရင်း မျက်မှောင်ကြုတ်လျက် ရင်တဒိတ်ဒိတ် ခုန်နေလေသည်။ 

ကျန်းရှင်းရှင်းအမေ လျှိုမုန့်သည် ဟွာရန်ကုမ္ပဏီ ဟန်မြစ်အပိုင်းမှ အထွေထွေ မန်နေဂျာဖြစ်၏။ 

သူ ဒီအကောင့်နဲ့ ပတ်သက်နေလား။ 

လင်းချွမ် ထိုမေးခွန်းအတွက် အဖြေကို သိထားပြီး ဖြစ်ပါသည်။ 

အချို့အခြေအနေမှာ အားလုံး နားလည်ထားပြီးမှ အတည်ပြုရန်သာ လိုခြင်းဖြစ်၏။ 

လင်းချွမ်အတွက် ထိုသို့အတည်ပြုရန်မှာ လက်ကောက်ဝတ်တစ်ချက် လှည့်ရုံဖြင့် သိနိုင်လေသည်။ 

သူ အကောင့်တုဖြင့် စတင်လိုက်၏။ 

သူ အန်ဂျလီနာကို အနှောင့်အယှက် ထပ်မပေးချင်သည့်အပြင် မျှော်လင့်ချက် ကြိုးမျှင်လေးကို အနည်းဆုံး ဆုပ်ကိုင်ထားချင်သေးသည်။ 

သို့သော် သူ့မျှော်လင့်ချက်မှာ အလျင်အမြန်ပင် ပျက်စီးသွားရ၏။ 

“ဟူး”

လင်းချွမ် သက်ပြင်းချ၍ ခုံအနောက်ကို မှီထိုင်ကာ ရင်ထဲ လေးလံသွားသည်။ 

ထို့နောက် အချိန်ခဏကြာအောင် စဉ်းစားပြီးမှ မတ်တပ်ထရပ်၍ ကွန်ပျူတာပိတ်ကာ သု့အခန်းဆီ ပြန်လာလိုက်သည်။ 

ထိုအချိန်အထိ ကျန်းရှင်းရှင်းလည်း မအိပ်ရသေးပေ။ 

အခန်းထဲမှ မီးရောင်မှာ လင်းထိန်နေပြီး ကျန်း ငုတ်တုတ်လေးထိုင်၍ ဒူးကိုပိုက်လျက် တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားနေသည်။ 

လင်းချွမ် ဝင်လာသည်ကို တွေ့သောအခါ မျက်လုံး အရောင်တောက်သွားပြီး

“သူဌေး အလုပ်တွေ ပြီးသွားပြီလား”

“ရှင်းရှင်း ဘာလို့ အခုထိ မအိပ်သေးတာလဲ”

လင်းချွမ် အံ့ဩစွာ မေးလိုကိသည်။ 

“ရှင့်ကိုစောင့်နေတာ။ အတူတူ အိပ်ချင်လို့လေ”

ကျန်းရှင်းရှင်း မျက်နှာလေးရဲလျက် ရှက်သလိုလေး ပြော၏။ 

လင်းချွမ်လည်း သူ့အမူအရာလေးကြောင့် ရင်ထဲထိကာ ရုတ်တရက် ပြန်မပြောနိုင် ဖြစ်နေသည်။ 

“ဘာဖြစ်လို့လဲ သူဌေး”

ကျန်း ခေါင်းမော့ကြည့်နေရာမှ လင်းချွမ်နားသို့ တိုးလာ၏။ 

လင်းချွမ် နေရခက်စွာ ရယ်မော၍ သူ့ဆံနွယ်လေးများအား သပ်ပေးကာ

“ဘာမှမဖြစ်ပါဘူး။ အခုလေးတင် အလုပ်ပြီးတာဆိုတော့ နည်းနည်း ခေါင်းကိုက်နေလို့ပါ”

“ဒါဆို ကျွန်မ နှိပ်ပေးမယ်လေ”

ကျန်း ချက်ချင်းထ၍ လင်းချွမ်အား ကုတင်ပေါ် ထိုင်စေလိုက်သည်။ ပြီးမှ သူ့ခေါင်းကို ညင်သာစွာ နှိပ်နယ်ပေးလေ၏။ 

သူ နည်းလမ်းတကျ နှိပ်နေခြင်း မဟုတ်သော်လည်း လင်းချွမ်အတွက် သက်သာစေပါသည်။ 

မကြာမီ လင်းချွမ် သူ့လက်လေးကို လှမ်းဖမ်း၍

“ကဲ အိပ်ကြရအောင်”

ကျန်းလည်း ပြုံးပြ၍

“ဟုတ်ကဲ့ပါ”

ထို့နောက် နှစ်ဦးသာ ဖက်၍ နွေးထွေးစွာ အိပ်ပျော်သွားကြတော့သည်။ 

နောက်တစ်နေ့။ 

နေမင်းကြီးမှာ ထုံးစံအတိုင်း ထွက်ပေါ်လာပြန်၏။ 

ဟန်မြစ်ကိုဖြတ်၍ တိုက်ခတ်လာသော လေညင်းမှာ မနက်ခင်းမြူနှင်းများကို ဖြတ်လာသောကြောင့် အေးမြသော်လည်း အနည်းငယ် စိုထိုင်းထိုင်း ဖြစ်နေသည်။ 

အရှေ့တောင်အာရှနှင့် ဟက်ကာလောကတွင် မနေ့ညက မော်ဂန်အုပ်စုနှင့် မစ္စတာလင်းတို့ကြား တိုက်ပွဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး သတင်း ဖြစ်နေသည်။ 

နိုင်ငံတကာဖိုရမ်- မြေအောက်ကမ္ဘာလည်း ပြန်ဖွင့်နိုင်လေပြီ။ 

ထို့ကြောင့် ယနေ့ ပို၍ အသက်ဝင်နေ၏။ 

[မနေ့ညက တိုက်ပွဲကြီး ဖြစ်သွားတယ်လို့ ကြားတယ်]

[အခြေအနေ ပြန်ပြောပြပေးမယ့် အစ်ကိုကြီး မရှိဘူးလား]

[ငါ လွတ်သွားတယ်ကွာ။ ဒါပေမဲ့ မစ္စတာလင်း မိုက်တာတော့ သိတယ်]

[အခုချိန် မော်ဂန်အုပ်စုကတော့ လုံးဝ ကျရှုံးသွားပြီ]

[မစ္စတာလင်းက ဒီအတိုင်း အွန်လိုင်းစာရေးဆရာ မဟုတ်ဘူးလား။ အနေအထိုင် ပိရိလိုက်တာ။ မော်ဂန်အုပ်စုကရော ဘာလို့ ရန်သွားစတာလဲ]

[…]

စောင့်ကြည့်ဝေဖန်သူများ ပျောက်ကွယ်သွားသည်ဟူ၍ ဤကမ္ဘာ၌ မရှိပေ။ အထူးသဖြင့် မော်ဂန်အုပ်စုကဲ့သို့ တရားမဝင် စီးပွါးရေးကြီး လုပ်နေသော ကုမ္ပဏီမှာ ထိုသို့ အထိနာသွား၍ ပိုဝမ်းသာနေကြ၏။ 

ထို့ကြောင့် နိုင်ငံတကာဖိုရမ်- မြေအောက်ကမ္ဘာနှင့် ကန့်သတ် live များအား ပိုစောင့်ကြည့်လာကြသည်။ 

ထိုအခါ လင်းချွမ်၏ ဟက်ကာလောကနှင့် ရေခဲနက်တို့အတွက်လည်း ကြော်ညာပြီးသား ဖြစ်သွား၏။ 

လူသတင်းလူချင်းဆောင်ခြင်းမှာ သိသာလှသည်။ 

ထိုဝတ္ထုများ မဖတ်ရသေးသူများမှာလည်း ချက်ချင်း အပိုင်းတိုင်းကို ဝယ်ကြပြီး အချို့ စိတ်အားထက်သန်သော ပရိသတ်များမှာ လက်ဆောင်ပင် ပို့ပေးကြ၏။ 

ဤသို့ဖြင့် လင်းချွမ် အောင်မြင်မှုလည်း သိသိသာသာ ပိုကြီးမားလာတော့သည်။ 

[စာအုပ်: ရေခဲနက်]

[လက်ရှိအခြေအနေ: ထုတ်ဝေပြီး]

[အောင်မြင်မှု စံနှုန်း: ၂၆၅၃၉/၅၀၀၀၀]

[စစ်ဆေးမှု တာဝန်: အောင်မြင်ပြီး]

အချိန် (၁၀) နာရီပင် မပြည့်သေးဘဲ subscription များစွာ တိုးတက်လာခဲ့သည်။ ထိုအခြေအနေမှာ လင်းချွမ်ကိုပင် အံ့အားသင့်စေလေသည်။ 

စာအုပ်မှာ အပိုင်း (၄၀၀) ကျော်အထိ ထွက်ထားပြီး ဤမျှ တိုးတက်မှုမှာ လျင်မြန်သည်ဟု ဆိုနိုင်ပါသည်။ 

ယခုလိုနှုန်းအတိုင်းသာ ဆက်သွားပါက မကြာမီ ရက်ပိုင်းအတွင်း စံနှုန်း ပြည့်သွားလောက်၏။ 

သို့သော် လင်းချွမ် ထိုကိစ္စအပေါ် အာရုံ သိပ်မရှိလှပေ။ 

သူ မနက်စောစော ထလာပြီး ကော်ဖီတစ်ခွက်ဖျော်ကာ ဝရံတာ၌ ရပ်နေသည်။ 

ထိုစဉ် ကျန်းလည်း နိုးလာပြီး သူ့ကို အနောက်မှ လှမ်းဖက်၍

“သူဌေး ကျွန်မကိစ္စကြောင့် မအိပ်လိုက်ရဘူးလား”

မြစိလေတဖြူးဖြူးမှာ လင်းချွမ်မျက်နှာကို အဆက်မပြတ် တိုက်ခတ်နေသည်။ 

လင်းချွမ် ဝရံတာရှိ စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ကျန်းကို လှည့်ကြည့်၍ ခပ်ဖွဖွပုတ်ကာ ချော့လိုက်သည်။ 

“ကို ကောင်းကောင်း ဖြေရှင်းနိုင်ပါတယ်”

သူ တစ်ညလုံး စဉ်းစားထားပြီး ဖြစ်၏။ 

လျှိုမုန့်သည် မော်ဂန်အုပ်စုမှဖြစ်ပြီး သူတို့နှင့် ဆန့်ကျင်ဘက်၌ ရှိနေသည်။ 

သူတို့နှင့် မသက်ဆိုင်သော ရန်သူဆိုလျှင်တော့ ချက်ချင်း အရေးယူလိုက်နိုင်သော်လည်း ကျန်း၏ အမေ ဖြစ်နေလေသည်။ 

ထို့ကြောင့် လင်းချွမ်အတွက် အနည်းငယ် အခက်တွေ့စေ၏။ 

သူ အတော်အတန် စဉ်းစားပြီးနောက် လျှိုမုန့်နှင့် တွေ့ကာ သူတို့ဘက်ဆွယ်၍ ပြစ်ဒဏ်လျော့နိုင်ဖို့ ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ 

သူ ကျန်းအတွက် ကြိုးစားကြည့်ရမည်။ 

လျှိုမုန့်မှ သူ့လမ်းသူ ဆက်လျှောက်လျှင်တော့ ချက်ချင်း ဖမ်းဆီးအရေးယူရန် ရဲဌာနကို ဆက်သွယ်ရတော့မည်။ 

“လျှိုမုန့်ကိစ္စလား”

ကျန်းမှာ သွက်လက်ထက်မြက်သူတစ်ဦးပီပီ အနည်းငယ် ရိပ်မိနေပါသည်။ 

လင်းချွမ် ကျန်းရှင်းရှင်း၏ ကြည်လင်တောက်ပသော မျက်ဝန်းလေးကိုကြည့်၍ မတတ်သာဘဲ ခေါင်းငြိမ့်ပြလိုက်၏။ 

“သူ ဘာအလုပ်လုပ်လဲ ပြောပြလို့ရလား”

လင်းချွမ် ခဏငြိမ်နေပြီးမှ 

“ရှင်းရှင်း မော်ဂန်အုပ်စုဆိုတာ ကြားဖူးလား”

ကျန်း ခေါင်းယမ်းပြလိုက်သည်။ 

“ဟင့်အင်း”

All Chapters