လင်းချွမ်ကို ဘာစိုးရိမ်စရာ ရှိလဲ
Vol. 20 Ch. 292
“မော်ဂန်အုပ်စုဆိုတာ တရားမဝင်လုပ်ငန်းလောကမှာ လက်ဝါးကြီးအုပ်ထားတဲ့သူပေါ့။ မူးယစ်ဆေး၊ လက်နက်၊ လူကုန်ကူးတာနဲ့ ငွေကြေး ခဝါချတာတွေအထိ ပါတယ်”
လင်းချွမ် ရှင်းပြသည်ကို ကျန်း ငြိမ်သက်စွာ နားထောင်နေ၏။
လင်းချွမ်မှ ဆက်၍
“မနေ့ညက မော်ဂန်အုပ်စုဟက်ကာတွေကနေ ကို ထောင်ထားတဲ့ နိုင်ငံတကာဖိုရမ်- မြေအောက်ကမ္ဘာကို တိုက်ခိုက်လာကြတယ်။ ဘာလို့လဲဆိုတော့ ကို့ဝတ္ထုအသစ်ထဲမှာပါတဲ့ မူးယစ်ဆေးတစ်မျိုးက သူတို့ရဲ့ဆေးအသစ်နဲ့ တူနေတော့ လျှို့ဝှက်ချက် ပေါက်ကြားပြီဆိုပြီးတော့ပေါ့”
“ရှင် မနေ့ာက အလုပ်ရှုပ်နေတာ အဲ့တာကြောင့်လား။ သူတို့ မအောင််မြင်သွားဘူးမလား”
ကျန်း စိုးရိမ်တကြီး မေးလိုက်သည်။
“မအောင်မြင်ပါဘူး။ ကို သူတို့ဆာဗာကို ပြန်တိုက်ခိုက်လိုက်တယ်”
ထိုအခါ ကျန်းမျက်နှာလေး ပြုံးရွှင်သွားပြီး
“ငါ့သူဌေးက တော်လိုက်တာ”
လင်းချွမ် သူ့ခေါင်းလေးကို ပုတ်လျက်
“ကို သူတို့ဆာဗာထဲအထိ ဝင်ပြီး အချက်အလက်တွေတောင် ယူပြီးသွားပြီ”
“အဲ့တာ အခက်တွေ့စရာ ရှိနေတာလား”
ကျန်း မျက်မှောင်လေးကြုတ်၍ မေး၏
“ဟုတ်တယ်”
လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။
“လျှိုမုန့်လား”
လင်းချွမ် ပြန်မဖြေမိပေ။
ကျန်းမှ ဆက်၍
“သူ ပြန်လာတည်းက သတင်းကောင်းနဲ့မဟုတ်မှန်း သိပါတယ်”
လင်းချွမ် သက်ပြင်းချ၍
“ဟွာရန်နဲ့ မော်ဂန်အုပ်စုက အဆက်အသွယ် မှတ်တမ်းတွေတော့ ရထားပြီ။ နည်းနည်း ထပ်ရှာလိုက်ရင် အရောင်းအဝယ်စာရင်းတွေအထိ ရှာနိုင်မှာပါ”
“ရှင် လျှိုမုန့်ကို သွားတွေ့ပြီး ဖျောင်းဖျမလို့လား”
“ဘယ်လိုလုပ် သိတာလဲ”
လင်းချွမ် အံ့ဩကာ ပြန်မေးလိုက်သည်။
“ရှင့်အကြောင်း မသိဘဲနေမလား”
ကျန်း စိတ်ဆိုးသလိုလေးဖြင့်
“သူဌေး တစ်ယောက်တည်းတော့ မသွားရဘူးနော်။ အရမ်းအန္တရာယ်များတယ်”
“အဲ့တာက…”
လင်းချွမ် ရုတ်တရက် ပြောစရာမရှိ ဖြစ်နေသည်။
ထိုစဉ် ကျန်း ဖုန်းထုတ်၍ တစ်ယောက်ယောက်ကို ဆက်လိုက်၏။
“မမချန်းချန်း”
“ရှင်းရှင်း အစောကြီး နိုးနေတာလား”
“မမချန်းချန်း ကျွန်မ အမှုတစ်ခု တိုင်ချင်လို့”
“ဟင် ဘယ်လိုအမှုလဲ”
သူ့စကားကြောင့် ရှန်ချန်းချန်း လန့်သွားလေသည်။
“ဟွာရန်ကုမ္ပဏီက မော်ဂန်အုပ်စုနဲ့ပေါင်းပြီး တရားမဝင် အရောင်းအဝယ်တွေ လုပ်နေပါတယ်။ အဲ့ထဲမှာ ဟွာရန်က အထွေထွေမန်နေဂျာ လျှိုမုန့်လည်း ပါနေပါတယ်”
ရှန်ချန်းချန်း ရုတ်တရက် မှင်တက်နေပြီးမှ
“ရှင်းရှင်း ဒီကိစ္စက သေချာအတည်ပြုမှ ဖြစ်မယ်”
“ကျွန်မကိုယ်တိုင် သက်သေလိုက်ပေးနိုင်ပါတယ်။ ပူးပေါင်းပါ့မယ်”
ထို့နောက် လင်းချွမ်ကို တစ်ချက် လှမ်းကြည့်၍
“ကျွန်မသူဌေးလည်း အတူတူ ပူးပေါင်းပါလိမ့်မယ်”
“ကောင်းပါပြီ။ အစ်မ အခု လာခဲ့မယ်နော်”
ထို့နောက် ဖုန်းချလိုက်ပြီးသောအခါ လင်းချွမ် သက်ပြင်းချလျက်
“ရှင်းရှင်း မင်း…”
“ဘာလို့လဲ”
လင်းချွမ် ပြောစရာမရှိ ဖြစ်နေသည်။
ကျန်း လင်းချွမ်ကို ဖက်ထားလိုက်ပြီး
“သူဌေး မော်ဂန်အုပ်စုက တရားခံတွေလား”
လင်းချွမ် ခေါင်းငြိမ့်ပြလိုက်၏။
“အဲ့တာဆို လျှိုမုနိ့ကလည်း ဒီတရားမဝင် အလုပ်တွေမှာ ပတ်သက်နေမှာမလား”
“အင်း”
“အဲ့တာကို ဘာတွေ တွေဝေနေတာလဲ”
“မင်းကို စိတ်ပူလို့…”
“ကျွန်မကို စိတ်ပူစရာမရှိပါဘူး။ ဘယ်ဟာက အမှန်၊ အမှားလဲ သိပါတယ်”
ကျန်းစကားကြောင့် လင်းချွမ် ပိုစိတ်မကောင်း ဖြစ်ကာ ခပ်တင်းတင်းလေးဖက်၍
“မင်းအတွက် ခက်ခဲမှာပဲ”
ကျန်း ခေါင်းယမ်းလျက်
“လျှိုမုန့် အမြင်မှန်ရသွားရင်တော့ ကောင်းပေမဲ့ သေသွားခဲ့ရင်လည်း အမွှေးတိုင်ထွန်း ဆုတောင်းပေးရုံပဲ တတ်နိုင်တယ်”
“အခွင့်အရေးရရင် ကို ပြောကြည့်ပါဦးမယ်”
ကျန်း ပြုံးရွှင်လျက်
“ဟုတ်ကဲ့ပါ”
လင်းချွမ် သူ့ကိုကြည့်ကာ သက်ပြင်းချ၍
“ရှင်းရှင်း လတ်တလောတော့ မော်ဂန်အုပ်စုက ကို့ကို ပစ်မှတ်ထားနေမှာဆိုတော့ မင်းလည်း တစ်ယောက်တည်း သိပ်မသွားနဲ့”
“ပြောစကား နားထောင်ပါမယ်ရှင်”
မကြာမီ။
ရှန်ချန်းချန်းနှင့် အခြားရဲဝန်ထမ်းတစ်ဦး ရောက်လာပြီး လင်းချွမ်တို့ကိုခေါ်ကာ ရဲစခန်းသို့ သွားလေသည်။
ထို့နောက် စခန်းရောက်သောအခါ လင်းချွမ် အစအဆုံး ရှင်းပြလိုက်၏။
သူတစ်ယောက်တည်း မော်ဂန်အုပ်စုကို ရင်ဆိုင်ရန်မှာ ခက်ခဲမှန်း သူ နားလည်ပါသည်။
…
အန်ကျောက်ဆေးဝါး စက်ရုံ။
မြေအောက်ထပ်တွင် ယုခီခီ သူ့တပည့်များအား ဆေးအသစ်များ ထုတ်ပိုး တင်သွင်းရန် ညွှန်ကြားနေသည်။
ထိုစဉ် အသားရောင်တရုတ်ရိုးရာဝတ်စုံပေါ်တွင် ဓာတ်ခွဲခန်းကုတ်အဖြူ ထပ်ဝတ်ထားပြီး မိတ်ကပ်အပြည့်၊ ဒေါက်ဖိနပ်နှင့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ရောက်လာသည်။
လျှိုမုန့် ဖြစ်၏။
“မိန်းကလေးယု ကျွန်မကို ရှာတယ်ဆို”
လျှိုမုန့် ပြုံး၍ ပြောလိုက်သည်။
ယုခီခီ ပြန်ပြုံးပြ၍
“မန်နေဂျာလျှိုကို ဒီရာထူးပေးထားတာ လင်းချွမ်ကို ဖြုတ်ချဖို့တင် မကဘူး။ ဒီပစ္စည်းတွေ ပြဿနာ ကင်းကင်း တင်ပို့ဖို့လည်း ပါတယ်နော်”
“မစိုးရိမ်ပါနဲ့ မိန်းကလေးယုရယ် ကျွန်မ ဒီအလုပ်တွေ လုပ်နေကျပါ။ ဘာပြဿနာမှ မရှိဘူးလို့ အာမခံပါတယ်”
“ပြည်ပတင်ပို့တာတွေက ပုံမှန်ပြည်တွင်းမှာ ရောင်းသလို မတူဘူးနော်”
“ကျွန်မ ဒီဘက်ရောက်တည်းက အဓိကခေါင်းဆောင်တွေနဲ့တွေ့ပြီး အားလုံး ရှင်းလင်းကြောင်း ပြောထားပြီးပါပြီ”
လျှိုမုန့် ရယ်မော၍ ပြောလိုက်၏။
“အဲ့တာဆိုလည်း ပြီးတာပါပဲ”
ယုခီခီ ခေါင်းငြိမ့်ပြ၍ ထပ်မေးလိုက်သည်။
“လင်းချွမ်နဲ့ ပတ်သက်တာ ဘာထူးသေးလဲ”
ထိုအသံကြားသည်နှင့် လျှိုမုန့်မျက်နှာ ပျက်သွားပြီး ခေါင်းယမ်းကာ
“ဘာမှတော့ မထူးသေးပါဘူး”
“ရှင့်သမီး ကျန်းရှင်းရှင်းကရော”
ယုခီခီ ထပ်မေးလိုက်သည်။
“သူလည်း မထူးသေးပါဘူး”
လျှိုမုန့် ခေါင်းထပ်ယမ်း၏။
“အခုထိလား”
ယုခီခီ မျက်မှောင်ကြုတ်မိလေသည်။
လျှိုမုန့် ချက်ချင်း ပြန်ရှင်းပြ၏။
“မိန်းကလေးယု ကျွန်မလည်း သူနဲ့ခွဲနေတာ ဆယ်စုနှစ်တစ်ခုလောက် ရှိနေပြီလေ။ သွေးတွေလည်း ကျဲကုန်ပြီ။ ဟိုတစ်ခါက ကော်ဖီဆိုင်မှာလည်း တွေ့တဲ့အတိုင်းပဲ။ ကျွန်မကို ဂရုတောင်မစိုက်ဘူးလေ”
သူပြောပြီးနောက် သက်ပြင်းချမိ၏။
ယုခီခီမျက်လုံးများ အေးစက်၍
“ကျွန်မနဲ့ လိုက်ခဲ့”
လျှိုမုန့် ခေါင်းငြိမ့်၍ အနောက်မှ လိုက်သွား၏။
ယုခီခီမှ
“အခုထိ လင်းချွမ်နှင့် ဘာမှမတိုးတက်ဘူးဆိုတော့ ဘာဆက်လုပ်မယ် တွေးလဲ”
လျှိုမုန့် ခဏစဉ်းစား၍
“ဒီလင်းချွမ်က အွန်လိုင်းစာရေးဆရာလေ။ မိန်းကလေးယု ဘာတွေ အဲ့လောက် စိုးရိမ်နေတာလဲ”
“အဲ့မေးခွန်းကို ရှင့်သမီးကိုပဲ သွားမေးလိုက်ပါ”
လျှိုမုန့် တိတ်ဆိတ်နေပြီးမှ
“လင်းချွမ်ကို ပူးပေါင်းဖို့ လုပ်ကြည့်ရမလား”
“သူ မပူးပေါင်းရင် လမ်းတစ်ခုပဲ ရှိတယ်။ အဲ့တာ သေခြင်းပဲ”
ယုခီခီ အေးစက်စွာ ပြောလိုက်၏။
သူ့စကားကြောင့် လျှိုမုန့် အံ့ဩသွားလေသည်။
“ရှင်မကိုင်တွယ်နိုင်ရင်လည်း ဒီည ရှင့်သမီးနဲ့ တွေ့ဖို့ စီစဉ်လိုက်”
ယုခီခီ စိုက်ကြည့်ကာ ပြောလိုက်သည်။
လျှိုမုန့် တုန်လှုပ်လျက်
“ကျန်းရှင်းရှင်းကို ဓားစာခံလုပ်ရမှာလား”
“ဘယ်လိုထင်လို့လဲ”
“ကျွန်မ ဘာမှတတ်နိုင်တာ မရှိပါဘူး”
“မလိုပါဘူး။ ကျွန်မ အားလုံး စီစဉ်လိုက်မယ်”
ယုခီခီမှ ပြောလိုက်သည်။