ငြင်းရမယ်
Vol. 20 Ch. 294
“ကျွန်မကို အသုံးချပြီး လင်းချွမ်ကို ထောင်ဖမ်းချင်တာလား”
ကျန်း နှုတ်ခမ်းလေးစူ၍ ပြောမိ၏။
ရှန်ချန်းချန်း ခေါင်းငြိမ့်လျက်
“အဲ့တာ ဖြစ်နိုင်တယ်။ အဲ့တော့ သူတို့ကို ပြန်ထောင်ချောက်ဆင်ကြမလား”
“ဘယ်လို လုပ်မလဲ”
ကျန်းမှ မေးလိုက်သည်။
ရှန်ချန်းချန်း ပြုံးလျက်
“အဲ့တာမတိုင်ခင် အကုန်လုံး တစ်ချက်တည်း ဖမ်းလိုက်မလား”
ဟူတာချန်း ခဏစဉ်းစားပြီးနောက် လင်းချွမ်ကို ကြည့်ကာ
“လင်းချွမ်ရော ဘယ်လို သဘောရလဲ”
“သူတို့ကို ပြန်အကွက်ချတာ ကောင်းပါတယ်”
လင်းချွမ် ပြုံးလျက်
“ဒါပေမဲ့ အခု လျှိုမုန့်ဖိတ်တာကို ငြင်းရဦးမယ်”
“ဘာလို့လဲ”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်သွားသည်။
“လက်ရှိ ရှင်းရှင်းနဲ့ လျှိုမုန့်တို့ ဆက်ဆံရေးအရ ငြင်းရလိမ့်မယ်”
လင်းချွမ်မှ ရှင်းပြ၏။
“နောက်ပြီး ဒီအချိန်ဖိတ်တယ်ဆိုတာ သေချာပေါက် ထောင်ချောက်ဆင်တာပဲလေ။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင် မော်ဂန်အုပ်စုကနေ ကျွန်တော်နဲ့ ရှင်းရှင်းတို့ ဘာသိထားလဲ စစ်ဆေးချင်တာလည်း ဖြစ်မယ်”
“စစ်ဆေးတာလား”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်သွားပုံ ပေါ်လေသည်။
“ဟုတ်တယ်။ ကျွန်တော် မနေ့ညက မော်ဂန်အုပ်စု ဟက်ကာတွေနဲ့ တိုက်ခိုက်တယ်လေ။ အဲ့တော့ ဘာအရေးကြီး အချက်အလက်များ ပါသွားလဲ သိချင်မှာပဲ။ ဒီည တွေ့ဆုံပွဲကိုသာ လက်ခံလိုက်ရင် သူတို့ သံသယတွေ ပိုတက်လာမှာ”
ကျန်း လင်းချွမ်ပြောသည်များကို နားထောင်ရင်း မူးဝေလာ၏။
ရှန်ချန်းချန်းလည်း မျက်မှောင်ကြုတ်ကာ နားထောင်နေသည်။
ဟူတာချန်းသာ နားလည်သွားပြီး
“ဟုတ်တယ်။ လင်းချွမ် မော်ဂန်အုပ်စုနဲ့ တိုက်ပွဲပြီးတော့ ဘာအချက်အလက်မှ မရဘူးထင်ထားတာ။ ကျွန်တော်တို့ လက်ခံလို့ မဖြစ်ဘူး”
ရှန်ချန်းချန်း ထိုအခါမှ သဘောပေါက်သွားပြီး
“ကျွန်မ အရမ်းလောသွားမိတာပဲ”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“နောက်တစ်ချက်က သူ ဒီည ချိန်းတဲ့အချိန်က ကျွန်တော်တို့ စစ်ဆေးနေတုန်း ဖြစ်နေမှာ။ ဒီည စလှုပ်ရှားလို့ မဖြစ်သေးဘူး။ အဲ့တော့ အခုငြင်းထားပြီး အခြေအနေ ထိန်းချုပ်ရမယ်”
“ဒါဆို ကျွန်မ အခု ဘယ်လိုပြန်ဖြေလိုက်ရမလဲ”
ကျန်းရှင်းရှင်းမှာ ထိုသို့ စစ်ဆေးရေးကိစ္စများကို မရင်းနှီးသောကြောင့် လင်းချွမ်ကိုသာ ယုံကြည်ထားလိုက်သည်။
လင်းချွမ် ရှန်ချင်းချင်းနှင့် ဟူတာချန်းကို တစ်ချက်ကြည့်၍ ထောက်ခံပုံပေါ်သောကြောင့်
“ရှင်းရှင်း ဒီအတိုင်း နေတော်တော်မကောင်းလို့ အပြင်မထွက်ချင်ဘူးလို့။ နောက်မှ ဆက်သွယ်လိုက်မယ်ပေါ့”
“ဟုတ်ကဲ့ပါ”
ကျန်းရှင်းရှင်း လင်းချွမ်ပြောသည့်အတိုင်း ပြန်ဖြေလိုက်သည်။
မကြာမီ လျှိုမုန့်ထံမှ စာပြန်လာ၏။
“ကောင်းပါပြီ။ မေမေ ဒီရက်ပိုင်း ပြန်ဆက်သွယ်လိုက်မယ်နော်။ သမီးနဲ့ အေးဆေး စကားပြောချင်လို့”
“ကျွန်မ တွေ့ချင်လာတဲ့အခါ ပြောပါမယ်”
လင်းချွမ် ခိုင်းသည့်အတိုင်း သူ စာထပ်ပြန်လိုက်သည်။
“ဟုတ်ပါပြီ။ သမီးစာကို မျှော်နေမယ်နော်”
“အဲ့လိုဆို ရပြီလား”
ကျန်းရှင်းရှင်း ဖုန်းပိတ်ကာ ပြန်မေး၏။
“ရပါပြီ”
တီ တီ တီ…
ထိုစဉ် ဟူတာချန်း ဖုန်းမြည်လာ၏။
ဒါရိုက်တာကျန်းထံမှ ဖြစ်လေသည်။
ဟူတာချန်း ဖုန်းကိုင်လိုက်သောအခါ
“အဖွဲ့မှူးဟူရေ ကျွန်တော် လင်းချွမ်နဲ့ စကား နည်းနည်း ပြောချင်လို့”
“ဟုတ်ကဲ့ဗျ”
ဟူတာချန်း လင်းချွမ်အား ဖုန်းပေးလိုက်၏။
“လင်းချွမ် ဒါရိုက်တာကျန်းဆီက”
လင်းချွမ် ဖုန်းကိုင်၍
“ဒါရိုက်တာကျန်း မင်္ဂလာပါ”
“လင်းချွမ်ရယ် အရမ်း မစိမ်းကားပါနဲ့။ အခုပဲ အထက်ကို တင်ပြလိုက်ပြီး အကြီးအကဲကျုံနဲ့ ဆွေးနွေးလိုက်ပြီ။ ဒီအမှုမှာ မင်းက နားအလည်ဆုံးဆိုတော့ မင်းအင်အားလည်း လိုတယ်ကွာ”
လင်းချွမ် မှင်တက်လျက် ခဏအကြာမှ
“ဒါရိုက်တာကျန်း ကျွန်တော် ကူညီနိုင်တာ အကုန်လုံး ကူညီပေးပါ့မယ်”
တစ်ဖက်ရန်သူမှာ မော်ဂန်အုပ်စုဖြစ်နေ၍ သူ တစ်ယောက်တည်း တိုက်ခိုက်ရန် ခက်ခဲသော်လည်း ရဲအဖွဲ့နှင့် ပူးပေါင်းပါက ပစ်မှတ်ကို အကျိုးရှိရှိ သက်ရောက်ပေမည်။
“ကောင်းပါပြီ။ အင်တာပိုနဲ့လည်း သေချာ ချိတ်ဆက်ထားပါတယ်”
ကျန်းပြောင် သူ့ဆောင်ရွက်ချက်များကို ပြန်ပြောပြနေ၏။
ထို့နောက် ဟွာရန်ကို စစုံစမ်းလေသည်။
လျှိုမုန့် ကျန်းရှင်းရှင်းအား စာပို့ထားသည်ကို ကြည့်၍ သူ့တည်နေရာကို စစ်ဆေးနိုင်သည်။
သူ ယွန်းထျန်း၊ လင်းကန်မှ အစ်ကိုပိုင်ကို ကယ်တင်ချိန်ကလို နည်းလမ်းမျိုး ပြန်သုံးရခြင်းဖြစ်သည်။
ဆိုက်ဘာလုပ်ငန်းများနှင့် ပတ်သက်နေသောကြောင့် ရှချင်းချင်းလည်း ပါဝင်လာ၏။
ရုတ်တရက် ရှချင်းချင်းမှ လျှိုမုန့်တည်နေရာကို ခြေရာခံမိကာ မျက်မှောင်ကြုတ်၍
“လင်းချွမ် ဒီကို လာကြည့်ပါဦး”
“ဘာလို့လဲ”
“သူ အခု အန်ကျောက်ဆေးဝါးစက်ရုံမှာ ရှိနေတယ်”
“မမခီခီလား”
ကျန်းရှင်းရှင်း ဘေးမှ အံ့ဩသွားမိ၏။
သူ အန်ကျောက်စက်ရုံနှင့် အလွန် ရင်းနှီးနေပါသည်။
ယခု လျှိုမုန့်နှင့် ယုခီခီတို့ အတူရှိနေခြင်းမှာ ဆက်သွယ်မှု ရှိနေ၍ ဖြစ်လေသည်။
“ကျွန်တော် နားထောင်ကြည့်မယ်”
လင်းချွမ် ကျွမ်းကျင်စွာဖြင့် ကုဒ်အချို့ ရေးဆွဲလိုက်သည်။
မကြာမီ ကွန်ပျူတာမှ လျှိုမုန့်အသံကို ကြားရလေသည်။
“မိန်းကလေးယု သူ ငြင်းလိုက်ပါတယ်။ ဘယ်လို ဆက်လုပ်ကြမလဲ”
“သူသာ တကယ် လက်ခံရင် အခုပဲ သွားရတော့မှာကို”
ထိုအသံမှာ ယုခီခီ ဖြစ်လေသည်။
“ဘာလို့လဲ”
လျှိုမုန့် အံ့ဩစွာ မေး၏။
ယုခီခီ ယုံကြည်ချက်အပြည့်ဖြင့်
“ပုံမှန်အားဖြင့်တော့ သူ ရှင့်ကို တွေ့ချင်မှာ မဟုတ်ဘူးလေ။ မနေ့ကတင် လင်းချွမ် မော်ဂန်ဟက်ကာတွေနဲ့ တိုက်ခိုက်ထားတာ။ ရှင်နဲ့ တွေ့ဖို့လုပ်တာကမှ သံသယဝင်စရာ ကောင်းသေးတယ်”
လင်းချွမ်အတွေးများ မှန်နေလေသည်။
“အဲ့တော့ ဒီည တွေ့ဖို့ဆိုတာ စစ်ဆေးတာပေါ့”
လျှိုမုန့်အသံ ထွက်လာ၏။
ယုခီခီမှ
“အခုတော့ ကျွန်မတို့အကြောင်း မပေါက်ကြားသေးတာ သေချာတယ်။ ရက်ပိုင်းလောက် စောင့်ကြည့်ပြီးမှ လှုပ်ရှားတာပေါ့”
“ကောင်းပါပြီ။ ပစ္စည်းတွေကရော အရင်အစီအစဉ်အတိုင်း ပို့မှာလား”
“ဟုတ်တယ်”
“…”
လင်းချွမ် နားထောင်ရင်း အကြည့်များ စူးရှလာ၏။
ယုခီခီမှာ ထိုကိစ္စကြီး၏ အဓိကအရေးပါသော ပုဂ္ဂိုလ် ဖြစ်နေလေသည်။