← Chapters

လက်နက်ဖက် ပြောင်းတော့

Vol. 20 Ch. 296

လက်နက်ဖက် ပြောင်းတော့

Vol. 20 Ch. 296

အန်ကျောက်ဆေးဝါး။ 

ယုခီခီ ရုံးခန်းထဲထိုင်လျက် လင်းချွမ်နှင့် ပြောဆိုပြီးနောက် လူးကပ်စ်အား ဖုန်းခေါ်လိုက်သည်။ 

တီ တီ တီ…

“လူးကပ်စ် ကျွန်မ ဒီည နိုင်ငံထဲက ထွက်လာပြီနော်။ စီစဉ်ပေးထားဦး”

ဖုန်းဝင်သည်နှင့် သူတန်းပြောလိုက်၏။  

“ကိုကိုး အောင်မြင်သွားပြီလား”

လူးကပ်စ် ပြန်မေးလိုက်လေသည်။ 

ယုခီခီ ရယ်မောလျက်

“ဒီအတိုင်း နည်းနည်းဖိအား သုံးလိုက်ရုံပါ”

“လုပ်ငန်းက ဒီညစမှာလား”

“ဟုတ်ပါတယ်။ ဒီည အကုန် ထောင်ချောက်ဆင်ထားပြီးသားပါ”

ယုခီခီ အေးစက်စွာ ပြောလိုက်၏။ 

“ကောင်းပြီ ကိုကိုး။ ဒါနဲ့ ငါ သတင်းကောင်း ပြောစရာ ရှိတယ်”

လူးကပ်စ် ပြုံး၍ ပြောသည်။ 

“ဘာသတင်းလဲ”

ယုခီခီ အံ့ဩစွာ ပြန်မေးလိုက်၏။ 

“အထက်က မင်းကို ဆာနီယာ လက်နက်ကုမ္ပဏီနဲ့ ဆက်သွယ်ဖို့ စီစဉ်ပေးထားတယ်။ အဓိကကတော့ သူတို့ရဲ့ နောက်ဆုံးပေါ် ဒုံးကျည်လောင်ချာကြောင့်ပေါ့။ တချို့နေရာတွေမှာ ဒီလို လက်နက်တွေ လိုတယ်လေ။ ငါတို့ မော်ဂန်အတွက်လည်း အရေးကြီးတယ်”

လူးကပ်စ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ 

ယုခီခီ မျက်မှောင်ကြုတ်၍ 

“ရုံးချုပ်က ကျွန်မကို မူးယစ်ဆေးအမှုကနေ ထွက်ပြီး လက်နက်ရောင်းဝယ်ရေးဘက် ပြောင်းစေချင်တာလား”

သူ ဆာနီယာသည် အရှေ့တောင်အာရှ၌ နာမည်ကြီး လက်နက်ကုမ္ပဏီဖြစ်မှန်း သိထားပါသည်။ 

ထိုကုမ္ပဏီမှာ အာရှ-ပစိဖိတ်ရှိ  နိုင်ငံအတော်များများနှင့် သဘောတူညီချက်များ ရယူထားပြီး လက်နက်များကို လွတ်လပ်စွာ ပြုလုပ် ရောင်းဝယ် ဖောက်ကားလျက် ရှိလေသည်။ 

လူးကပ်စ်ပြောသည့် ထိုအထူးနေရာများမှာ စစ်ရေးအရ အန္တရာယ်ရှိနေကြပြီး လက်နက် ထောက်ပံ့ရေး များစွာလိုအပ်ပါသည်။ 

ထို့ကြောင့် လက်နက်ရရှိရေးနှင့် အရင်းအမြစ်များမှာ အရေးကြီးလှ၏။ 

မော်ဂန်အုပ်စုသည် ဆာနီယာကုမ္ပဏီမှ လက်နက်ကြီး အသစ် ထုတ်လုပ်လိုက်သည်ကို ကြားသည်နှင့် စစ်ရေးအတွက် ကြိုတင်ပြင်ဆင်ရတော့သည်။ 

လက်ရှိတွင် အခြားလုပ်ငန်းကြီးများမှလည်း လက်နက်ထုတ်လုပ်ရေးကို စိတ်ဝင်စားလာကြပြီး အချို့မှာ အသုံးပြုချင်နေကြ၏။ 

ထိုကဲ့သို့ လက်နက်ဈေးကွက် ကြီးကျယ်နေချိန်တွင် မော်ဂန်အုပ်စုလည်း အခွင့်အရေးကို လက်လွတ်မခံနိုင်ချေ။ 

ထို့ကြောင့် ရုံးချုပ်မှ ဆာနီယာကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ရေး ပြုလုပ်ရန် ယုခီခီအား ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ 

“ရုံးချုပ်က အဲ့လို လုပ်စေချင်တယ်တဲ့”

လူးကပ်စ် ပြန်ပြော၏။ 

“ကောင်းပါပြီ။ ဆာနီယာ လက်နက်ကုမ္ပဏီမှာ ကျွန်မ မိတ်ဆွေရှိတယ်လေ။ ညှိနှိုင်းရေးက အရေးမကြီးပါဘူး။ သူတို့ တိုးတက်လာတာနဲ့ ကျွန်မတို့လည်း ချက်ချင်း လုံခြုံရေးရမှာ အာမခံတယ်”

ယုခီခီ ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။ 

“ကောင်းပြီလေ”

လူးကပ်စ် စိတ်အေးသွားလေသည်။ 

သူ အရင်လည်း ယုခီခီကို အားကိုးနေကျ ဖြစ်၏။ 

ယုခီခီ မူးယစ်ဆေး ရောင်းဝယ်ရေး၌ ပါဝင်ပေးနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး တစ်ခါမှ မလွဲဖူးဘဲ ရလဒ်ကောင်းများလည်း ရရှိပါသည်။ ထို့ကြောင့် လက်နက်ကိစ္စအတွက်လည်း ယုံကြည်စွာ အပ်နှံခြင်း ဖြစ်၏။ 

နောက် (၂) နှစ်ခန့်ကြာလျှင် ရုံးချုပ်သို့ပင် ပြောင်းရွှေ့ခံရနိုင်လေသည်။ 

“ကဲ ညမှပဲ တွေ့ကြတာပေါ့”

ယုခီခီ ထိုသို့ပြော၍ ဖုန်းချလိုက်တော့၏။ 

ဟူး…

သူ သက်ပြင်းချ၍ ရင်ခုန်သံလည်း မြန်နေသည်။ 

မူးယစ်ဆေး ထုတ်လုပ်ရေးနှင့် လက်နက် ရောင်းဝယ်ရေးတို့မှာ သူ့အတွက် အနည်းငယ် ကွာခြားပါသည်။ 

သူ လင်းချွမ်အကြောင်းတွေးမိသောအခါတွင်လည်း စိတ်လှုပ်ရှားမိ၏။ လင်းချွမ်အပေါ် နည်းလမ်းများစွာဖြင့် အချိန်အတော်ကြာ စီစဉ်ခဲ့ပြီး နောက်ဆုံးတော့ ယနေ့ညတွင် အဖြေထွက်လာတော့မည်။ 

လင်းချွမ်ကို အရှိန်ပြင်းပြင်း ဆွဲချနိုင်တော့ပေမည်။ 

သူသာ မော်ဂန်အုပ်စုထဲ ဝင်လာခဲ့လျှင် အကောင်းဆုံး ပြုစုပေးမည် ဖြစ်လေသည်။ ယောက်ျားတစ်ယောက် ကျေနပ်စေရန် စီစဉ်ရသည်မှာ လွယ်ကူလွန်း၏။ 

ငွေကြေး၊ အာဏာ၊ မိန်းမ၊ လောင်းကစား။ 

ထိုထဲမှ လွတ်နိုင်သူ မရှိပေ။ 

ယုခီခီကိုယ်တိုင်လည်း လင်းချွမ်အတွက် ထိုအရာအားလုံး ပေးနိုင်မည်ဟု ယုံကြည်ချက် ရှိလေသည်။ 

သူ ရုံးခန်းထဲ ထိုင်နေရင်း ပြတင်းပေါက်ဘက် လှမ်းကြည့်လိုက်မိသည်။ 

နူးညံ့သော ရွှေရောင်နေခြည်မှာ အန်လင်းမြို့ပေါ် ဖြာကျနေပြီး အဆောက်အဦများ၊ မြစ်ရေပြင်များအထိ ညီမျှစွာ တောက်ပစေ၏။ 

ရှုခင်းမှာ အလွန်လှပသလောက် သူ စ်တ်အခြေအနေလည်း ကောင်းနေသည်။ 

ဤသို့ဖြင့် မကြာမီ သူ ဆုတောင်းသည့်အတိုင်း ညအချိန်သို့ ရောက်လာသည်။ 

…

လင်းချွမ် တက္ကစီပေါ်၌ တစ်ယောက်တည်း လိုက်ပါလာ၏။ 

ညလေမှာ အေးမြ၍ လင်းချွမ်တစ်ယောက် စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးအသွင် သပ်ရပ်စွာ ဝတ်စားထားလေသည်။ 

သို့သော် နူးညံ့ချောမောသော ရုပ်ရည်မှာ လူငယ်ဆန်ပြီး စက်ရုံထဲ ဝင်လာသည်နှင့် အန်ကျောက်မှ အမျိုးသမီးများ၏ စိတ်အာရုံများကို ဖမ်းစားထား၏။ 

“မင်္ဂလာပါ ဆရာ။ ဘာများ ကူညီပေးရမလဲရှင့်”

မိန်းမလှလေးတစ်ဦးမှ ပြုံး၍ ပြောလိုက်သည်။ 

လင်းချွမ်လည်း ပြုံးလျက် သူ့လိပ်စာကဒ် ထုတ်ပြကာ

“မင်္ဂလာပါ။ ကျွန်တော် ဒီက အထွေထွေမန်နေဂျာနဲ့ ချိန်းထားလို့ပါ”

မိန်းကလေးမှာ လိပ်စာကဒ်ကို သေချာကြည့်ပြီးနောက်

“ဪ ဒါရိုက်တာလင်း မင်္ဂလာပါ။ ဒီဘက် လိုက်ခဲ့ပေးပါနော်”

အမျိုးသမီးလေး မျက်လုံး တောက်ပသွားပြီး လင်းချွမ်အား ဓာတ်လှေကားဆီ ခေါ်သွား၏။ 

ထို့နောက် အပေါ်ထပ်ရုံးခန်းကိုလည်း အကြောင်းကြားလိုက်လေသည်။ 

“သူဌေးယုကို ဒါရိုက်တာလင်း ရောက်လာပြီလို့ အကြောင်းကြားပေးပါဦး”

ထို့နောက် လင်းချွမ်ကိုကြည့်၍

“ဒါရိုက်တာလင်း ကျွန်မတို့ကုမ္ပဏီကို ပထမဆုံး ရောက်ဖူးတာလား”

မိန်းကလေးမှ နူးညံ့စွာ မေးလိုက်သည်။ 

လင်းချွမ်လည်း ရင်းနှီးစွာ ပြန်ဖြေဆို နှုတ်ဆက်ရင်း စကားတပြောပြောနှင့် ရုံးခန်းဆီသို့ လျှောက်လာခဲ့ကြ၏။ 

အန်ကျောက်ဆေးဝါးအပြင်ဘက် လမ်းမီးတိုင်တစ်ခု အောက်တွင်မူ မသိမသာဖြင့် ကားတစ်စီး ရပ်ထားလေသည်။ 

All Chapters