← Chapters

ရှင်က ပုံမှန်ယောက်ျား မဟုတ်ဘူးပဲ

Vol. 20 Ch. 297

ရှင်က ပုံမှန်ယောက်ျား မဟုတ်ဘူးပဲ

Vol. 20 Ch. 297

ကားထဲ၌ လူအချို့ ထိုင်နေကြလေသည်။ 

ကျန်းပြောင်၊ ဟူတာချန်း၊ ရှန်ချန်းချန်း၊ ရှချင်းချင်း၊ ယုရှန်နှင့် အခြားရဲဝန်ထမ်းများ ဖြစ်၏။ 

ထို့အပြင် ကျန်းရှင်းရှင်းလည်း ပါဝင်လေသည်။ 

“လင်းယုန် လုပ်ငန်းစပြီ”

ရှချင်းချင်း ပေါင်ပေါ်တွင် လက်ပ်တော့ တင်လျက် မျက်နှာပြင်ထဲမှ ရွေ့လျားနေသော အစက်လေးကို ကြည့်နေသည်။ 

ထိုအစက်မှာ လင်းချွမ် ဖြစ်ပြီး လင်းယုန်သည် လင်းချွမ်၏ အမည်ဝှက်ဖြစ်သည်။ 

“ပစ်မှတ် (၂) ရော”

ကျန်းပြောင်မှ မေး၏။ 

ရှချင်းချင်းမှာ လင်းချွမ် စီစဉ်ပေးခဲ့သည့် နည်းပညာပိုင်းကို ကျွမ်းကျင်စွာ ကိုင်တွယ်ရင်း လျှိုမုန့်အား အမြန်ရှာလိုက်၏။ 

“ပစ်မှတ် (၂) က တည်နေရာကို (၁၀) မိနစ်အတွင်း ရောက်ပါမယ်”

ရှချင်းချင်း စူးရှစွာကြည့်၍ ပြောလိုက်သည်။ 

ကျန်းပြောင် ခေါင်းငြိမ့်ပြလျက်

“ဆက်စောင့်ကြည့်နေ။ အထူးသဖြင့် လင်းယုန် လုံခြုံရေးပေါ့”

အားလုံး ခေါင်းငြိမ့်ပြလိုက်ကြသည်။ 

ယခုလုပ်ငန်းစဉ်အတွက် အန်လင်းရဲစခန်းမှ လူအင်အား များစွာဖြင့် ပါဝင်ကာ အသင့်အနေအထား ရှိနေကြသည်။ 

ကျန်းပြောင်ကိုယ်တိုင်လည်း ပါဝင်၍ လုပ်ငန်းကို အနီးကပ် ညွှန်ကြားနေလေ၏။ 

ရှချင်းချင်းလည်း ချက်ချင်းပင် လင်းချွမ်ထံသို့ မျက်နှာပြင် ပြန်ပြောင်းထားကာ ဂရုစိုက်နေလိုက်သည်။ 

ထိုအချိန်တွင် လင်းချွမ်မှာ အထွေထွေမန်နေဂျာရုံးခန်းထဲ ရောက်နေပြီ ဖြစ်၏။ 

အမျိုးသမီးဝန်ထမ်းလေးမှာ ဂရုတစိုက် တံခါးခေါက်လိုက်ပြီး

“သူဌေးယု ဒါရိုက်တာလင်း ရောက်လာပါပြီ”

မကြာမီ အထဲမှ ခြေသံခပ်သွက်သွက်ကို ကြားရပြီး တံခါး ပွင့်လာ၏။ 

ဂျောက်!

ယုခီခီမှာ မီးခိုးရောင် အနောက်တိုင်းဝတ်စုံနှင့် အနက်ရောင်ရှူးဖိနပ်ကို ဝတ်ဆင်ထားပြီး ဆံနွယ်များကို အပေါ်တွင် စုချည်ထားလေသည်။ နားမှ ပုလဲနားကပ်များကြောင့်လည်း ကျော့ရှင်း လှပသော အသွင်အပြင်ကို ပိုသိသာစေ၏။ 

သူ လင်းချွမ်ကိုတွေ့သောအခါ မျက်လုံးအရောင်များ တောက်သွားပြီး 

“ဒါရိုက်တာလင်း နောက်ဆုံးတော့ ရောက်လာပြီပဲ”

“စောင့်ရတာ ကြာသွားရင် အားနာပါတယ်”

လင်းချွမ်ပြုံး၍ နှုတ်ဆက်၏။ 

“အထဲဝင်ခဲ့ပါရှင်”

ယုခီခီ လင်းချွမ်အား လက်ဖြင့် ညွှန်ရင်း  ပြောလိုက်သည်။ 

လင်းချွမ်လည်း ရုံးခန်းကို တစ်ချက် လေ့လာ၍ အနက်ရောင် လည်သာဆိုဖာပေါ် ထိုင်လိုက်၏။ 

“တစ်ခုခု သောက်ဦးမလား”

ယုခီခီ နွေးထွေးစွာ မေး၏။ 

လင်းချွမ် လက်ယမ်းပြ၍

“ကျွန်တော်တို့က ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ပြီးသားပဲကို။ အဲ့လို သက်သက်ကြီး ဧည့်ခံစရာ မလိုပါဘူးဗျာ”

ယုခီခီလည်း ပြုံးလျက်

“မိတ်ဆွေတွေဆိုရင်လည်း ရှင်းရှင်း ခေါ်သလို ခီခီပဲခေါ်ပါ”

လင်းချွမ် ရယ်မောကာ

“ဒါဆိုလည်း ကြိုးစားကြည့်ပါမယ်”

“ရှင့်စတိုင်လ် မဟုတ်လိုက်တာ”

ယုခီခီ စနောက်လိုက်၏။ 

“ဟင်”

လင်းချွမ် မျက်ခုံးပင့်၍ ပြုံးကာ

“ကျွန်တော့်စတိုလ်က ဘာမို့လို့လဲ”

“ရှင်းရှင်းပြောတာတော့ ရှင်က အရမ်း အစအနောက်သန်ပြီး ပျော်တတ်တာတဲ့”

“ဒီကောင်မလေးကတော့ ကွယ်ရာမှာ အတင်းတုပ်ထားတာပဲ”

လင်းချွမ် ရယ်မော၍ ပြန်ပြောလိုက်သည်။ 

ယုခီခီမှ လက်ဖက်ရည် ငှဲ့ပေးလိုက်ရင်း

“ဒါနဲ့ ရှင်းရှင်းက ဘာလို့ မလိုက်လာတာလဲ”

“သူ ညဘက်တွေ အိပ်တာ နောက်ကျလို့လေ။ အခုတစ်လော ထူးဆန်းတယ်”

လင်းချွမ် ခပ်ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ 

“နောက်တစ်ခါမှ အတူ တွေ့ကြတာပေါ့”

ယုခီခီ ရယ်မောလျက် စကားလမ်းကြောင်း ပြောင်းလိုက်၏။ 

“ဆရာလင်း ကျွန်မ တစ်နေကုန် ရေခဲနက်ကို ဖတ်ပြီး သင်ယူနေတာ”

“ရေခဲနက်က အပျော်ဖတ်ဖို့ စိတ်ကူးယဉ်ဝတ္ထုပဲလေ။ ဘာသင်စရာ ရှိလို့လဲ”

“မဟုတ်သေးဘူး”

ယုခီခီ ပြုံး၍ ငြင်းလိုက်ပြီး

“အဲ့ထဲက အချက်အလက်တွေက အရမ်း အသုံးဝင်တာ။ မသိတဲ့သူတွေဆို ရှင့်ကို တကယ့် မူးယစ်ရာဇာလို့ ထင်လောက်တယ်”

“မဖြစ်နိုင်တာဗျာ”

“ဆရာလင်း တကယ်ပြောတာ။ ပြည်ပကလူတွေ ရှင့်ကို အဲ့လိုပဲ ယုံလောက်တယ်”

လင်းချွမ် လက်ယမ်းပြ၍

“ဝတ္ထုကို အတည်ယူလို့ မရဘူးလေ”

ယုခီခီ လက်မလျှော့ဘဲ ဆက်စစ်ဆေးလေသည်။ 

“ကျွန်မတွေ့တာတော့ နိုင်ငံတကာဖိုရမ်ထဲမှာလည်း ရှင့်ကို အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းနေကြတာတွေ ရှိတယ်နော်။ ဘယ်လိုလဲ”

“အဲ့တာ အကုန်လုံး နိုင်ငံတကာက ရဲတွေ အယောင်ဆောင်ပြီး ပြောနေတာလေ။ ယုံတဲ့သူက ရူးနေလို့ပေါ့”

လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။ 

“ဒါဆို တကယ် အစစ် ကမ်းလှမ်းတာကိုရော”

ယုခီခီ စကားစကြည့်သည်။ 

“တကယ်အစစ်လား”

လင်းချွမ် မျက်မှောင်ကြုတ်၍ စဉ်းစားနေ၏။ 

သူ ခိုးနားထောင်၍ သိထားပြီးသလောက် ယုခီခီ သူ့ကို အလုပ်ခန့်ချင်နေလေသည်။ 

ထို့ကြောင့် ယခု တိုက်ပွဲစမှန်း သိလိုက်၏။ 

“ဒီအတိုင်း စိတ်ကူးယဉ်ရုံပဲလေ။ မိတ်ဆွေအချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”

ယုခီခီ ထပ်ပြော၏။ 

လင်းချွမ် သူ့ကိုကြည့်လျက်

“ကျွန်တော်က သာမာန် အွန်လိုင်းစာရေးဆရာပါ။ ဒီဝတ္ထုလေး ရေးရုံနဲ့ ဘယ်လုပ်ငန်းကြီးက တကယ် စိတ်ဝင်စားမှာလဲ။ သူတို့စိတ်ဝင်စားရင်တောင် ကျွန်တော်ကတော့ မလုပ်နိုင်ဘူး။ အန္တရာယ်များတယ်ဗျ”

“အန္တရာယ် မများရင်ရော”

ယုခီခီ ထပ်မေးလိုက်သည်။ 

“အဲ့လို အဖွဲ့အစည်းတွေက နေ့တိုင်း ရိုက်နှက် သတ်ဖြတ်နေကြတာလေ။ အန္တရာယ်မများဘဲ နေမလား”

“ကျွန်မ ကြားတာတော့ တချို့အဖွဲ့အစည်းတွေက တော်တော် လုံခြုံရေးကောင်းပြီး ချမ်းသာတယ်၊ အာဏာရှိတယ်၊ မိန်းမပေါတယ်တဲ့။ သူတို့အတွက်က ကလေးတစ်ယောက် သကြားလုံး စားသလိုပဲ”

ယုခီခီ ထပ်ဆွဲဆောင်လိုက်၏။ 

သို့သော် လင်းချွမ် ခေါင်းယမ်းလျက်

“ကျွန်တော် အဲ့လိုမျိုးတွေ စိတ်မဝင်စားပါဘူးဗျာ”

“ဆရာလင်းက ပုံမှန် ယောက်ျား မဟုတ်ဘူးပဲ”

ယုခီခီ အံ့ဩစွာ မှတ်ချက်ပြုမိ၏။ 

“တချို့အရာတွေကျတော့ မရှိလို့ မဖြစ်ဘူးလေ”

“ဘာကို ဆိုလိုတာလဲဗျ”

လင်းချွမ် စိတ်ဝင်တစား ပြန်မေးလိုက်သည်။ 

“ဆရာလင်း ကျွန်မကတော့ အများကြီး တွေးနေရတာ မကြိုက်ဘူး။ ကြုံဖူးတဲ့ အတွေ့အကြုံနဲ့ပဲ ဆုံးဖြတ်တာပဲ”

All Chapters