← Chapters

(၁၀) ဘီလီယံ

Vol. 20 Ch. 298

(၁၀) ဘီလီယံ

Vol. 20 Ch. 298

လင်းချွမ် အတင်းမငြင်းတော့ဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ 

သူတို့ကြားတွင် စားပွဲတစ်လုံး ရှိနေ၏။ 

“မင်းပြောတာ မှန်ပါတယ်”

ယုခီခီလည်း ပြုံး၍ မတ်တပ်ထရပ်ကာ သူ့ရုံးစားပွဲအံဆွဲထံမှ ကဒ်တစ်ခုထုတ်ပြီး လင်းချွမ် ကော်ဖီခွက်ဘေး ချပေးလိုက်သည်။ 

လင်းချွမ် ရုတ်တရက် မျက်မှောင်ကြုတ်လျက်

“ခီခီ ဒါက ဘာလဲ”

“နိုင်ငံခြားဘဏ်မှာ ရှင့်အတွက် (၁၀) ဘီလီယံ ပြင်ပေးထားတာလေ”

ယုခီခီ လင်းချွမ်ကိုကြည့်၍ နူးညံ့စွာ ပြောလိုက်၏။ 

လင်းချွမ် ရုတ်တရက် ဒိတ်ခနဲ ရင်ခုန်သွားမိသည်။ 

(၁၀) ဘီလီယံလား။ 

ထိုပမာဏမှာ တော်ရုံလူ မြင်ဖူးမည် မဟုတ်ပေ။ 

အွန်လိုင်းစာရေးဆရာလောကတွင်လည်း တစ်လဝင်ငွေမှာ အများဆုံး သိန်းဂဏန်းသာ ရှိ၏။ 

ထို့ကြောင့် အလွန်နာမည်ကြီးလာပြီး လတိုင်းပုံမှန် သိန်းဂဏန်းရ၍ အခြားကုန်ကျစရိတ်များ မရှိလျှင်ပင် ဘဏ်အကောင့်ထဲ (၁၀) ဘီလီယံရှိရန်မှာ နှစ်ပေါင်း (၈၃၃) နှစ် ကြာမြင့်မည် ဖြစ်သည်။ 

ပြောရလျှင် ရှောင်းရှီ ဒုတိယခေတ် (၁၁၉၁) ခုနှစ်မှ ယနေ့တိုင် ရှာဖွေရလိမ့်မည်။ 

အွန်လိုင်းဝတ္ထုရေးရုံဖြင့်တော့ သေလျှင်ပင် (၁၀) ဘီလီယံ ရနိုင်မည်မဟုတ်ချေ။ 

မော်ဂန်အုပ်စုမှာ ပိုက်ဆံမည်သို့ သုံးရမည်အား ကောင်းကောင်း နားလည်၏။ 

အန်ကျောက်ဆေးဝါးစက်ရုံ အပြင်ဘက်တွင် ရပ်ထားသော ကားထဲမှသူအားလုံး ထိုစကားကို နားထောင်ရင်း မှင်တက်သွားကြသည်။ 

ထိုမြှူဆွယ်မှုမှာ အမှန်ပင် ထိတ်လန့် ယိမ်းယိုင်ချင်စရာ ဖြစ်၏။ 

“လင်းချွမ်က သစ္စာရှိတယ်၊ ရိုးသားတယ်၊ မှန်ကန်တယ်။ ပြည်သူကို အကျိုးပြုဖို့ပဲ တွေးတဲ့သူ။ သူ့ကို ယုံ…”

ကျန်းပြောင်မှ ရုတ်တရက်ပြောလိုက်သော်လည်း သူ့စကားမဆုံးမီ လင်းချွမ်၏အသံ ထွက်ပေါ်လာသည်။ 

“ကျွန်တော့်အတွက်လား။ (၁၀) ဘီလီယံက”

လင်းချွမ်လည်း ထိတ်လန့်အံ့ဩနေပုံ ရ၏။ 

“ဟင်…”

ကားထဲမှလူများ အချင်းချင်း လှည့်ကြည့်မိကြသည်။ 

“ဒါပေါ့”

ယုခီခီ ပြုံး၍ ခေါင်းငြိမ့်ပြလေ၏။ 

“(၁၀) ဘီလီယံ အင်း… ဒီလောက်ဆို ဘဝကို ပင်ပင်ပန်းပန်း ဖြတ်သန်းစရာ မလိုတော့ဘူးပဲ”

လင်းချွမ် သက်ပြင်းချ၍ ပြောလိုက်သည်။ 

“ရှင်သာ လိုချင်ရင် ဒီထက်တောင် ပိုရနိုင်သေးတယ်”

ယုခီခီ မျက်လုံးလေးတစ်ဖက် မှိတ်ပြရင်း ပြောလေသည်။ 

လင်းချွမ် ခဏစဉ်းစားပြီးမှ ယုခီခီကိုကြည့်၍

“ဆေးဝါးထုတ်လုပ်ရေးက အဲ့လောက်တောင် ဝင်ငွေ ကောင်းတာလား”

“ဒါပေါ့။ ဆေးထုတ်လုပ်တာက တကယ် အမြတ်ကျန်တဲ့ လုပ်ငန်းပဲ”

ယုခီခီ ရယ်မော၍ ပြောလိုက်သည်။ 

လင်းချွမ်မှ

“ခီခီ ကျွန်တော် သိသလောက်တော့ အန်ကျောက်ဆေးဝါး ကုမ္ပဏီတစ်ခုလုံးတောင် (၁၀) ဘီလီယံ မတန်ဘူးနော်”

“ဒါက အပြင်ပန်းပြထားတဲ့ စီးပွါးရေးပါ”

ယုခီခီ ရယ်လျက် ရှင်းပြ၏။ 

“အန်ကျောက်မှာ နောက်ကွယ်က စီးပွါးရေး ရှိသေးတာလား”

လင်းချွမ် အံ့ဩသလို ပြန်မေးလိုက်သည်။ 

“ဒါပေါ့။ ရှင်သာ ပူးပေါင်းရင် (၁၀) ဘီလီယံ မပြောနဲ့။ (၁၀၀) ဘီလီယံလည်း အေးဆေးရနိုင်တယ်။ အာဏာ၊ ဂုဏ်၊ မိန်းမလှ ရှင်ကြိုက်တာ စိတ်တိုင်းကျ လုပ်လို့ရတယ်”

ယုခီခီ စိတ်အားတက်ကြွစွာ ပြောလေသည်။ 

နိုင်ငံရေးသမားများနှင့်ပင် ယှဉ်နိုင်လောက်သည်ဟု လင်းချွမ် တွေးမိ၏။ 

သို့သော် သူ ရယ်မောလျက်

“သူဌေးယုလည်း သိရဲ့သားနဲ့။ ပိုက်ဆံများများ ရှာတာက ဥပဒေနဲ့မလွတ်တာ ဖြစ်တတ်တယ်လေ”

“မစမ်းကြည့်ရသေးဘဲ ရှင်က ဘယ်လိုသိတာလဲ”

“ထားပါတော့ ထားပါတော့”

လင်းချွမ် လက်ယမ်းလျက်

“မင်းမှန်တာ တစ်ခုတော့ ရှိတယ်။ စိတ်မဝင်စားပေမဲ့ တချို့အရာတွေက မရှိလို့ မဖြစ်ဘူးဆိုတာလေ။ ဥပမာ အသိစိတ်ပေါ့”

ခီခီ မျက်မှောင်ကြုတ်သွားပြီး

“ရှင်က ငြင်းချင်တာလား”

“ဘယ်လို ထင်လို့လဲ”

လင်းချွမ် ခပ်ပြုံးပြုံး ပြန်မေးလေသည်။ 

ယုခီခီမှာတော့ အကြည့်များ အေးစက်လျက် မည်သည့်အချိန်တည်းက ကိုင်ထားမှန်း မသိသော ဝေါ်ကီ တော်ကီမှ လှမ်းပြောလိုက်သည်။ 

“ဝင်ခဲ့”

သူ့အမူအရာမှာ ရေမြွေပေါက်လေးမှ နဂါးဘုရင်မ အသွင်သို့ ချက်ချင်းပြောင်းသွားလေသည်။ 

ထိုစဉ် ရုံးခန်းတံခါး ပွင့်သွားပြီး ဗလကြီး အချို့ ဝင်လာ၏။ 

လင်းချွမ် ဆိုဖာတွင်မှီကာ အမြန် ရေတွက်လိုက်သည်။ 

အားလုံး (၆) ယောက် ဖြစ်၏။ 

ထိုဗလကြီးများမှာ အရပ်ရှည်ရှည်၊ သန်မာကြပြီး လက်တွေ ကြွက်သားများပြည့်လျက် အကြောပြိုင်းပြိုင်း ထနေသည်။ 

ထိုထဲတစ်ယောက် တစ်ချက်ထိုးရုံဖြင့် သာမာန်လူမှာ လွင့်ထွက်သွားနိုင်လေသည်။ 

“ကဲ အခု သေချာလေး ပြန်စဉ်းစားကြည့်ဦးမလား”

ခီခီမှ ယုံကြည်ချက်အပြည့်ဖြင့် မေးလိုက်သည်။ 

လင်းချွမ်မှာ ခီခီနှင့် ဗလကြီးများကို ဝေ့ဝဲကြည့်၍ တည်ငြိမ်စွာဖြင့်

“ခီခီ ဆေးလိပ်ရှိလား”

“ဆေးလိပ်က ဘာလုပ်ဖို့လဲ”

ယုခီခီ မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။ 

“ဒီလိုအခြေအနေမှာ ဆရာကြီးတွေက ဆေးလိပ်သောက်ရင်း ပေါက်ကွဲမှုကို စောင့်ကြတယ်လေ”

လင်းချွမ် စနောက်သလို ပြောလိုက်၏။ 

“ဆရာလင်း ဒါ ရှင့်ဝတ္ထုထဲက လောက မဟုတ်ဘူးနော်။ အခု ရှင့်မှာ ရွေးချယ်စရာ (၂) ခုပဲ ရှိတယ်”

“ဘာတွေလဲ”

“တစ်ခုက ကျွန်မနဲ့အတူ ထွက်သွားဖို့။ နောက်တစ်ခုက ဒီလောကထဲကနေ ပျောက်ကွယ်သွားဖို့”

ခီခီ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ 

“ခင်ဗျားရုံးခန်းထဲက နာရီက မှန်လား”

လင်းချွမ် နံရံပေါ်မှနာရီကိုကြည့်ကာ မေးပြန်၏။ 

ခီခီ မျက်မှောင်ကြုတ်လျက်

“မှန်တယ်လေ”

လင်းချွမ် ကိုယ်ကိုရှေ့သို့ကိုင်း၍ ပြုံးကာ

“ခီခီ ကျွန်တော် ကိုယ်ခွဲနည်းသိတယ်လို့ပြောရင် ယုံလား”

“ရှင် အရူးကွက်လာနင်းမနေနဲ့”

“ခီခီ ကျွန်တော် နောက်ထပ် (၅) စက္ကန့်အကြာကို ခန့်မှန်းပြမယ်။ ခင်ဗျားဆီ ဖုန်းတစ်ခု ဝင်လာလိမ့်မယ်။ ၅၊ ၄၊ ၃…”

လင်းချွမ် ရုတ်တရက် နံပါတ်စဉ်များ ရေတွက်နေ၏။ 

“ဘာတွေ လုပ်နေတာလဲ”

ခီခီ စိတ်ထဲ ရှုပ်ထွေးလာပြီး အမြင်များ ဝေဝါးလာသည်။ 

“၂၊ ၁”

လင်းချွမ် ရေတွက်မှု ဆုံးသည်နှင့် အမှန်တကယ် ဖုန်းဝင်လာ၏။ 

တီ တီ တီ…

ခေါ်ဆိုသူမှာ လူးကပ်စ် ဖြစ်လေသည်။ 

ခီခီ ရင်တဒိတ်ဒိတ်ဖြင့် ဖုန်းအမြန်ကိုင်လိုက်၏။ 

“ပြဿနာတက်ပြီ။ ချက်ချင်း ရှောင်တော့”

လူးကပ်စ် အလောတကြီး ပြောလိုက်ပြီး ခီခီ လန့်ဖျပ်ကာ လင်းချွမ်အား လှည့်ကြည့်မိလိုက်လေသည်။ 

All Chapters