ခွဲခွာခြင်းတောင်ကြားလမ်း
Vol. 1 Ch. 1
" ဂျိန်း ဂျလိန်း "
မိုးကောင်းကင်တစ်ခွင်လုံးတိမ်မည်းများကအုံ့ဆိုင်းနေကြသည် ။ လပြည့်ညဖြစ်သော်လည်းလမင်း၏အလင်းရောင်မှာသနားစရာကောင်းလောက်အောင်ပင်ကောင်းကင်တစ်ခွင်ရှိတိမ်မည်းများ၏ဖုံးအုပ်ခြင်းကိုခံနေရသည်။
ညတွင်ကျက်စားလေ့ရှိသော တိရစ္ဆာန်များ၏အသံသည်ပင် တိတ်ဆိတ်၍နေသည်။ ည၏ကောင်းကင်သည် လျှပ်ရောင်တလက်လက်ဖြင့် မကြာမီမိုးရွာတော့မည်ကဲ့သို့ တဂျိန်းဂျိန်းညာသံပေးကာ လူအပေါင်းအားခြောက်လှန့်နေကြသည် ။
ရှည်လျားသောတောင်ကြားလမ်းသည်မည်းမှောင်၍နေသည် ။ ဘေးတစ်ဖက်တစ်ချက်မှချောက်ကမ်းပါးများသည်လည်း မြင့်မားမတ်စောက်လှသည် ။ တောင်ကြားလမ်းမှာ ရှည်လျားလွန်းသဖြင့်မည်သည့်အချိန်မှလမ်းဆုံးမည်ကို ခန့်မှန်း၍မရပေ ။ ထိုတောင်ကြားလမ်းမှာ တိတ်ဆိတ်မှောင်မည်းနေကာ မရဏလမ်းကဲ့သို့ ကြောက်မတ်ဖွယ်ကောင်းလှသည် ။ သို့သော် ထိုလမ်းလေးထဲတွင် သက်ရှိလူသားတစ်ဦးရှိ၍နေသည် ။
" ဝှစ် ဝှစ် "
လူရိပ်တစ်ရိပ်မှာ မီးခိုးတန်းကဲ့သို့လျှင်မြန်စွာပြေး၍နေသည် ။ သူ၏မျက်လုံးများကအမှောင်ထဲတွင်ထွင်းဖောက်မြင်ရသည့်ဟန်ဖြင့် ဖြောင့်တန်းစွာပြေး၍နေသည် ။
ထိုလူရိပ်မှာ ပြေးနေရင်းမှ နောက်ကျောမလုံဟန်ဖြင့် တစ်ချက်တစ်ချက် သူ၏နောက်သို့လှည့်ကြည့်၍နေသည် ။ သူ၏ကိုယ်ဖော့ပညာမှာ ကောင်းမွန်လှသဖြင့် အရိပ်တစ်ရိပ်နှယ် ခြေတစ်ချက်ဆောင့်တိုင်း အတော်ဝေးဝေးသို့ရောက်၍သွားသည် ။
" ဂျိန်း "
လျှပ်စီးတစ်ချက်အလက်တွင် ထိုလူရိပ်၏မျက်နှာကိုရှင်းလင်းစွာမြင်လိုက်ရသည် ။ ထိုလူရိပ်မှာ အသက်အားဖြင့်များစွာမကြီးသေးဘဲ နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်သာဖြစ်သည် ။
သို့သော် သူ၏မျက်နှာကား ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ စသည့်အမူအယာတို့ဖြင့် ပြည့်နှက်၍နေသည် ။
မိုးများဆက်တိုက်ထစ်ချုန်း၍နေကာ လျှပ်ရောင်တဝင်းဝင်းဖြစ်နေသော်လည်း ထိုလူငယ်မှာ အနည်းငယ်မျှပင်တုန်လှုပ်ခြင်းမရှိပေ ။
သူ၏ရင်ထဲမှအပူမီးသည်ကား ပြင်ပအခြေအနေထက်ဆယ်ဆမျှပြင်းထန်၍နေသည် ။ သူအသက်ရှင်မည်က ရာခိုင်နှုန်းအနည်းငယ်သာရှိသော်လည်း သူကာကွယ်ပေးချင်သူများရှိသေးသည့်အတွက် သူထွက်ပြေးခဲ့ခြင်းပင် ။
ရုတ်တရက် လူငယ်မှာ သူ၏ပြေးလွှားနေခြင်းအားရပ်တန့်လိုက်သည် ။ ထို့နောက် သူ၏မျက်နှာထက်တွင် ဝမ်းနည်းကြေကွဲသည့်အရိပ်အယောင်များပေါ်ထွက်လာသည် ။
သူသက်ပြင်းတစ်ချက်ချကာ နောက်သို့လှည့်လိုက်သည်။
" ဝေဝေ ငါ့နောက်ကိုလိုက်ဖမ်းမယ့်သူက မင်းဖြစ်နေလိမ့်မယ်လို့ငါမမျှော်လင့်ခဲ့ဘူး "
လူငယ်မှ စိတ်ပျက်အားလျော့စွာပြောလိုက်သည်။ သူ၏စကားဆုံးသည်နှင့် လှပသောပုံရိပ်တစ်ခုမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြတ်ခနဲပေါ်၍လာသည်။
" အစ်ကိုလီ ဘာကြောင့်လဲ ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲ "
မိန်းကလေးတစ်ယောက်၏ ချိုအေးသောအသံလေးပေါ်ထွက်၍လာသည် ။ သို့သော် ထိုလေသံမှာအနည်းငယ်ဝမ်းနည်းနေဟန်ရသည် ။
ထိုအသံပိုင်ရှင်မှာလူငယ်၏နောက်မှမိန်းကလေးဖြစ်သည် ။ အမှောင်ထဲတွင် သူမ၏ပုံရိပ်ကို မထင်မရှားမြင်နေရသော်လည်း လွန်စွာလှပချောမောသူဖြစ်ကြောင်းကို သေချာပေါက်ပြောနိုင်ပေသည် ။
သူမ၏စကားကြောင့်လူငယ်မှာခေါင်းငိုက်စိုက်ကျ၍သွားသည်။ ထို့နောက် တိုးဖျော့စွာပြောလိုက်သည် ။
" အစ်ကို့ရဲ့စိတ်ကိုညီမလည်းသိတာပဲ မလုပ်နဲ့ဆိုလေ လုပ်ချင်လေ။ အခုအစ်ကို့ရဲ့အပြစ်တွေညီမအပေါ်ပါမသက်ရောက်အောင် အစ်ကိုထွက်ပြေးလာခဲ့တာ အနည်းဆုံးတော့ အစ်ကို့ကိုပြန်ဖမ်းမိရင်တောင် ညီမနဲ့မပတ်သက်တော့ဘူး ဒါပေမယ့် အစ်ကို့ကိုလိုက်ဖမ်းတဲ့သူက ညီမဖြစ်နေမယ်လို့တော့ မျှော်လင့်မထားမိဘူး "
လူငယ်မှနာကျင်စွာပြောလိုက်သည်။ သူ၏စိတ်ထဲတွင်လည်း ဖော်မပြနိုင်သောခံစားမှုတစ်ခု ဖြတ်ပြေး၍သွားသည် ။
" အစ်ကိုဒီလိုလုပ်လိုက်တော့ရော ကိစ္စတွေအားလုံးအဆင်ပြေသွားမယ်ထင်လို့လား ။ သေချာတာကတော့ ညီမတို့နှစ်ယောက် တစ်သက်လုံးပြန်တွေ့နိုင်မှာမဟုတ်တော့ဘူး "
ယခုတစ်ခေါက်တွင် မိန်းကလေး၏အသံမှာ ပို၍ကျယ်လောင်လာသည်။ သူမ၏အသံတွင် ရှိုက်သံအချို့ပါကပ်ညိ၍လာသည် ။ ဖြစ်နိုင်သည်က သူမဝမ်းနည်းစွာဖြင့် အသံတိတ်ငိုကြွေးနေခြင်းဖြစ်ရမည်။
လူငယ်မှာ စကားတစ်ခွန်းမှပြန်၍မပြောပေ ။ သူ၏ဦးခေါင်းကိုငုံ့၍ထားကာ မျက်ရည်အချို့ကျ၍နေသည် ။ ထို့နောက်မိန်းမပျိုအား ကြေကွဲစွာကြည့်လိုက်ပြန်သည် ။
လျှပ်စီးတစ်ချက်လက်၍လာသည် ။ လျှပ်ရောင်အောက်တွင် အဖြူရောင်ဝတ်စုံနှင့်လှပသောပုံရိပ်လေးအား ရှင်းလင်းစွာမြင်လိုက်ရသည် ။ လွန်စွာလှပသောသူမ၏မျက်နှာထက်တွင် မျက်ရည်များကတသွင်သွင်စီးကျ၍နေသည် ။
" ရွှမ်း "
မိန်းမပျိုမှာ သူမ၏ဓားအားဆွဲထုတ်လိုက်သည် ။သူမ၏မျက်လုံးများက စူးရှ၍လာသည် ။ လူငယ်မှာ အသက်ကင်းမဲ့နေသူတစ်ယောက်ကဲ့သို့ ငြိမ်သက်စွာရပ်၍နေသည် ။ သူ၏မျက်လုံးများက မိန်းမပျို့အား တည်ငြိမ်စွာကြည့်၍နေသည် ။ ထို့အတူပင် သူ၏ရင်ထဲတွင်လည်း ဆုံးဖြတ်ပြီးဖြစ်သည် ။ သူ့အသက်အားအခြားလူများကသတ်ခြင်းထက် ချစ်ရသူ၏ဓားအောက်တွင်သေရခြင်းကပို၍ကောင်းပေသည်။ ထို့နောက် သူ၏မျက်လုံးများအားမှိတ်လိုက်သည်။
" အကြီးအကဲတို့ ထွက်လာခဲ့ကြပါ "
မိန်းကလေး၏အသံမှာ လူငယ်မျှော်လင့်ထားသည်နှင့်ဆန့်ကျင်စွာပင် ပေါ်ထွက်၍လာသည် ။ လူငယ်မှာ ခန္တာကိုယ်တစ်ချက်တုန်ယင်သွားကာ သူ၏မျက်လုံးများအားဖွင့်ကြည့်လိုက်သည် ။
လက်ရှိအခြေအနေမှာ လွန်စွာပြောင်းလဲ၍သွားသည် ။ လူငယ်မှာ အံ့ဩတုန်လှုပ်လှသဖြင့် မျက်လုံးများပင်အနည်းငယ်ပြူးကျယ်၍နေသည် ။ အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးမှာ သူမ၏လည်တိုင်ကျော့ကျော့လေးပေါ်တွင် သူမ၏လက်ထဲမှဓားသွားအားတင်၍ထားသည်။ မည်သည့်အတွက်ကြောင့် သူ့အားမသတ်ဘဲ သူမဘာသာပြန်၍သတ်ရန်ကြံနေသည်ကို လူငယ်မှာ နားမလည်နိုင်တော့ပေ။ သို့သော် မကြာမီပင်သူ၏စိတ်ထဲမှပဟေဠိများအားလုံးရှင်းလင်း၍သွားသည် ။
ဆယ်ယောက်ထက်မနည်းသောလူရိပ်များမှာ ချောက်ကမ်းပါးထပ်မှကျဆင်းလာကြသည်။ သို့သော် သူတို့ကား မြင့်မားမတ်သောက်လှသော ချောက်ကမ်းပါးနှစ်ဘက်ဆီမှဆင်းလာသည်ပင် အသံတစိုးတစိမျှပင်မထွက်စေဘဲ မြေပြင်ပေါ်သို့ ညင်သာစွာကျလာကြသည်။ သူတို့၏ကိုယ်ဖော့ပညာမှာ စကားလုံးဖြင့်ဖော်ပြ၍မရနိုင်အောင်ပင်ကြောက်မတ်ဖွယ်ကောင်းလှသည် ။
သူတို့အားလုံးမှာ အနက်ရောင်ဝတ်ရုံရှည်ကြီးများအားခြုံ၍ထားကြကာ သက်လက်ပိုင်းအရွယ်နှင့် အသက်ခြောက်ဆယ်ကျော်အရွယ်များဖြစ်ကြသည် ။ လူငယ်မှာ ထိုသူများကိုမြင်သည်နှင့် သူ၏ခန္တာကိုယ်ပြင်းထန်စွာတုန်ယင်သွားသည် ။
" မရဏဝတ်ရုံ "
လူငယ်မှာ သူ၏စိတ်ထဲတွင်အသံအကျယ်ကြီးအော်ဟစ်လိုက်မိသည် ။သို့သော် ထိုအသံမှာ ပြင်ပသို့ထွက်မလာပေ ။ သူ၏စိတ်ထဲတွင်သာအော်လိုက်မိခြင်းဖြစ်သည်။
ထိုမျက်နှာများအားလုံးကိုသူသိသည် ။ အတိအကျပြောရလျှင် သာမန်သိကျွမ်းသည်ထက်ပိုကာ လွန်စွာရင်းနှီးသည် ။ ပုံမှန်အားဖြင့် ကြင်နာနွေးထွေးသောမျက်နှာများသည် ယခုအခါတွင်ကြောက်မတ်ဖွယ်ကောင်းလောက်အောင်အေးစက်တင်းမာနေကြသည်။ ထို့အပြင် ထိုဝတ်ရုံအားဝတ်လာခြင်းကမည်သည့်အဓိပ္ပာယ်ရသနည်းဆိုသည်ကို လူငယ်သိသည် ။ ထိုသူတို့၏မျက်နှာတွင်အမူအယာမရှိဘဲ သူတို့အားလုံး မိန်းကလေးအားကြည့်နေကြသည်။
ထိုလူများအားမြင်သောအခါ လူငယ်၏စိတ်ထဲတွင်အေးစိမ့်၍သွားသည် ။ ထိုလူများအားလုံးမဆိုထားနှင့် ထိုအထဲမှလူတစ်ယောက်ပင်လျှင် သူ့အားသိုင်းကွက်သုံးကွက်အတွင်းသတ်ပစ်နိုင်သည် ။ ထိုအပြင် ထိုသူများလိုက်ပါလာခြင်းကိုသူလုံးဝမရိပ်မိပေ။ သူ့အားယခုအချိန်အထိမသတ်ဖြတ်သေးသည်မှာ မိန်းကလေးကြောင့်ဖြစ်မှန်းသူကောင်းစွာသဘောပေါက်လိုက်သည်။
" အစ်ကိုလီ ရှင်ပြေးတော့ "
မိန်းကလေးမှ တည်ငြိမ်စွာပြောလိုက်သည်။ သူမ၏မျက်လုံးများကမူ အနက်ရောင်ဝတ်ရုံများခြုံထားကြသည့်လူများကို မျက်တောင်မခတ်တမ်းကြည့်၍နေသည်။
လူငယ်မှာ တည်ငြိမ်စွာရပ်မနေနိုင်တော့ပေ။ သူ၏ခန္တာကိုယ်မှာစိတ်လှုပ်ရှားမှုကြောင့်တုန်ယင်လာကာ ပြေးရန်ကိုပင်သတိမရတော့ပေ။ ယခုပချိန်တွင် မိန်းကလေးမှာ သူမ၏အသက်နှင့်ချိန်းခြောက်၍ သူ့အားလွတ်မြောက်စေရန်ပြုမူပေးနေသည် ။ သူမည်သည့်မျက်နှာနှင့်ထွက်ပြေးရမည်နည်း ။ သူမိန်းမပျိုအားကြေကွဲစွာကြည့်လိုက်မိသည် ။
မိန်းကလေးကလည်း လူငယ်အားတစ်ချက်ကြည့်လိုက်သည် ။ သူမ၏မျက်လုံးများက ဟိုးယခင်ကကဲ့သို့ကြင်လင်တောက်ပကာ နွေးထွေးနေဆဲပင် ။ လူငယ်လည်း ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည် ။
သူနောက်သို့ပြန်လှည့်ကာ လျှင်မြန်စွာပြေးသွားလိုက်သည်။ ပြေးလွှားနေရင်း သူ၏မျက်လုံးထဲမှ မျက်ရည်များစီးကျနေကာ အတွေးပေါင်းစုံဖြင့်ရှုပ်ယှက်ခတ်နေသည်။
သူထွက်ပြေးရပေမည် ။ သူမ၏ကြိုးပမ်းအားထုတ်မှုအလဟဿမဖြစ်စေရန် သူလွတ်မြောက်မှဖြစ်မည် ။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နှင့် အားမလိုအားမရစိတ်များနှင့်ပြည့်နှက်၍လာသည် ။ သူသာထိုတားမြစ်သိုင်းကျမ်းကို ခိုးယူမလေ့ကျင့်ခဲ့လျှင် ယခင်ကလို သူမနှင့်အေးချမ်းစွာနေနိုင်ပေမည် ။ထိုအပြင် လောကသို့ထွက်ပြေးခြင်းပြုရလိမ့်မည်မဟုတ်ပေ။
ထို့နောက် သူ၏စိတ်ထဲတွင်အင်အားကိုလွန်စွာဆာလောင်မွတ်သိပ်လာသည် ။ သူ၏လက်ရှိသိုင်းပညာထက် ဆယ်ဆကျော်သာစေဦး သူမအကယ်တင်နိုင်မည်မဟုတ်ပေ ။ ထို့ကြောင့် သူ သိုင်းပညာနှင့်အင်အားလိုအပ်သည် ။ တစ်နေ့နေ့တွင် သူအားလုံးတုန်လှုပ်သွားစေရမည့်တည်ရှိမှုများဖြင့်သူမအားပြန်၍ခေါ်ဆောင်ရပေမည် ။ မိုးကောင်းကင်အားတိုင်တည်၍ သူသစ္စာကျိန်ဆိုလိုက်သည် ။
မိန်းကလေးမှာ လူငယ်ထွက်သွားသည့်ဘက်သို့ မျက်စေ့တဆုံးကြည့်နေသောကြောင့် သူမ၏ဘေးမှဝတ်ရုံနက်များအား တခဏမျှသတိလွတ်၍သွားသည် ။ ဝတ်ရုံနက်တစ်ယောက်မှာ ထိုအခြေအနေအားအခွင့်ကောင်းယူကာလှုပ်ရှားလိုက်သည် ။
" ဝှီး "
" ဖက် "
မိန်းမပျို၏လည်တိုင်တွင် တင်၍သောဓားမှာ အသက်ရှိနေသည့်ပမာ ပျံထွက်သွားကာ ထိုဝတ်ရုံနက်၏လက်ထဲသို့ရောက်၍သွားသည် ။ ထိုလူမှ ဆန်းကြယ်သောသိုင်းတစ်မျိုးမျိူကို သုံးလိုက်ပုံရသည် ။ မိန်းမပျိုလည်း ချက်ခြင်းပင် မျက်နှာအကြီးအကျယ်ပျက်၍သွားသည် ။ သို့သော် သူမလှုပ်ရှား၍မရတော့ပေ။ အခြားဝတ်ရုံနက်တစ်ယောက်မှာ သူမ၏နောက်သို့ရောက်နေသည် ။ ထိုတစ်ယောက်မှ သူမအားမည်သည့်အချိန်ကအကြောပိတ်လိုက်မှန်းမသိလိုက်ပေ ။
ဝတ်ရုံနက်သုံးယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လူငယ်၏နောက်သို့လိုက်ရန်ပြင်လိုက်သည် ။ သို့သော် သူတို့လိုက်မသွားဖြစ်ကြပေ။ အကြောင်းမှာ ရုတ်ချည်းထွက်ပေါ်လာသောအသံတစ်ခုကြောင့်ဖြစ်သည် ။
" မလိုက်နဲ့တော့ သူသွားပါစေ ။ "
အေးစက်ကာအတက်အကျမရှိသောအသံမှာ အရပ်ရှစ်မျက်နှာမှ ထွက်ပေါ်၍လာသည် ။ ထိုအသံပိုင်ရှင်မှာ မည်သည့်နေရာကပြောနေမှန်းသူတို့မသိကြပေ ။ သို့သော် အသံပိုင်ရှင်အားသူတို့သိသည် ။
" ဟုတ်ကဲ့သခင်ကြီး "
ဝတ်ရုံနက်များမှာ သူတို့၏ဦးခေါင်းအားငုံ့လိုက်ကြကာ သံပြိုင်ပြောလိုက်သည်။ မိန်းမပျိုမှာလည်း ထိုအသံကြောင့် လွန်စွာအံ့အားသက့်၍သွားသည်။ လူငယ်အားထိုသို့လွှတ်ပေးလိုက်မည်ဟု သူမ မမျှော်လင့်ထားမိပေ။
ဝတ်ရုံနက်တစ်ယောက်မှာ သူမအားပခုံးပေါ်တွင်ထမ်းလိုက်သည် ။ ထို့နောက် လျှပ်တစ်ချက်လက်သွားသောအခါ သူတို့ရပ်နေရာအသီးသီးတွင်တစ်ယောက်မှမရှိတော့ပေ ။ သူတို့လူစုမှာ လေထဲတွင်ပျောက်ကွယ်သွားသကဲ့သို့ဖြစ်သည် ။
----------------------------------------
တောအုပ်အတွင်းတွင်သစ်ပင်ကြီးများက အုံ့မှိုင်း၍နေသည် ။ အချို့နေရာများတွင်နွံအိုင်ကြီးများ ၊ သားရဲတိရစ္ဆာန်များ စသည့်အမျိုးမျိုးသောအန္တရာယ်များကလည်း ရှိနေကြသေးသည် ။ အရေးအကြီးဆုံးအချက်ကား ထိုတောအုပ်အတွင်းတွင် သဘာဝအတိုင်းတည်ရှိနေသောဝင်္ကပါတစ်ခုရှိနေပြီး လူတစ်စုမှအပကျန်သူများမှာ တောအတွင်းပိုင်းထဲသို့မဝင်ဝံ့ကြပေ ။ သို့သော် ယခင်နှစ်များ စွန့်စားလိုသောသိုငိးသမားများနှင့် ၊ မိမိကိုယ်ကိုယုံကြည်မှုပြည့်ဝနေကြသူများမှာ တောအုပ်အတွင်းဝင်ရောက်သွားခဲ့ကြသည် ။ သို့သော် ထိုလူမျအလုံးပြန်၍ထွက်မလာနိုင်ကြပေ ။ သူတို့ထံမှလည်းတောအုပ်၏အကြောင်းအားမသိရှိကြရပေ ။ လူသေများကစကားပြောဆိုနိုင်ခြင်းမရှိသည်မဟုတ်လား ။ ထို့ကြောင့်ပင် ထိုတောအုပ်၏မူရင်းအမည်ပျောက်ကာ အတော်များများက ပြန်လမ်းမဲ့တောအုပ်ဟုခေါ်ဆိုကြသည် ။
တောအုပ်၏အတွင်းဘက်ပိုင်းသည်ကောလဟာလများကဲ့သို့ အမှန်ပင်မှိုင်းညို့၍နေသည် ။ ထို့အပြင် စိမ်းစိုအုံ့မှိုင်းနေသောသစ်ပင်ကြီးများလည်းလွန်စွာပေါများကာ အချို့သက်တမ်းရင့်သစ်ပင်ကြီးများဆိုလျှင် နေပြောက်ပင်တိုးမပေါက်ပေ ။ သို့သော် ထိုကဲ့သို့ကြောက်မတ်ဖွယ်ကောင်းလှသော ပြန်လမ်းမဲ့တောအုပ်တစ်ခုထဲတွင် သာယာလှပသောနေရာတစ်ခုအမှန်ပင်ရှိနေသည် ။