အမှောင်ကျေးရွာ...။ အနက်ရောင်သိုင်းပညာနဲ့ ပတ်သတ်လာရင် သိုင်းလောကထဲက ထိပ်ဆုံးသိုင်းပညာတွေထက်တောင် ပိုပြီး အဆင့်မြင့်တဲ့ သိုင်းကျမ်းတွေ ရှိတဲ့နေရာ...။ အဲဒီနေရာက သိုင်းကျမ်းလေးတစ်ခု ရရင် သိုင်းလောကမှာ ဘုရင်လုပ်လို့ရပြီလို့ ဆိုစမှတ်ပြုကြတဲ့နေရာ...။ ဘယ်သူမှမရောက်ဖူးကြဘဲ ဒဏ္ဍာရီဆန်ဆန် နာမည်ကျော်ကြားလှတဲ့ အမှောင်ကျေးရွာ...။ ဓားစံအိမ်...။ ဝင်္ကပါတောအုပ် သို့မဟုတ် ပြန်လမ်းမဲ့တောအုပ်ထဲမှာ ရှိပြီး ဘယ်သူမှ ရောက်အောင်မသွားနိုင်ကြတဲ့ နေရာတစ်ခု...။ ဓားစံအိမ်က ဓားသမားတွေက သိုင်းလောကထဲက ဓားသမားတွေထက် အဆများစွာ အစွမ်းထက်ပြီး အနှစ်နှစ်ဆယ်၊ နှစ်ဆယ့်ငါးနှစ်ကြာရင် သိုင်းလောကထဲကို ဓားစံအိမ်ကလူတွေ ဆင်းလာလေ့ရှိတယ်ဆိုတဲ့ ကောလဟာလ...။ သိုင်းလောကထဲက ထိပ်ဆုံးဓားသမားတွေက ဓားစံအိမ်ကသာမန်သိုင်းသမားတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူးဆိုပြီး နာမည်ကြီးတဲ့နေရာ...။ သိုင်းလောကရဲ့ ထိပ်ဆုံးမှာရှိပေမယ့် ဇာတ်မြုပ်နေကြတော့တဲ့ ပြိုင်ဘက်ကင်း သိုင်းပညာရှင်ကြီးတွေ...။ သိုင်းလောကကို လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်တဲ့ အစွမ်းရှိကြပေမဲ့ သိုင်းလောက အရေးကိစ္စတွေကို ဝင်ပါလေ့မရှိဘဲပုန်းကွယ်နေတဲ့ ပြိုင်ဘက်ကင်းအင်အားစုကြီးများ...။ သိုင်းလောကထဲက အစွမ်းထက် သိုင်းသမားများစွာ ပါဝင်တဲ့အပြင် ဂိုဏ်းကြီးခြောက်ဂိုဏ်းထက်တောင် အင်အားတောင့်တင်းပြီး ညီညွတ်တရားမျှတမှုဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲထားတဲ့ နဂါးစိမ်းဂိုဏ်းကြီး...။ အနက်ရောင်သိုင်းလောကရဲ့ အရှင်သခင်ဖြစ်ပြီး သိုင်းလောကတစ်ခုလုံးကို အုပ်စိုးနိုင်တဲ့အထိ အင်အားတောင့်တင်းတဲ့ ခရမ်းရောင်သွေးလဂိုဏ်း...။ သိုင်းပညာအထွတ်အထိပ်အဆင့် ရှိပြီး ခရမ်းရောင်သွေးလဂိုဏ်းရဲ့ အရှင်သခင်ဖြစ်တဲ့ နှင်းငွေ့မိစ္ဆာသခင်...။ သိုင်းလောကထဲကို အကြောင်းပြချက်တစ်ခုကြောင့် ရောက်လာတဲ့ လူငယ်ဓားသမားလေးတစ်ယောက်...။ တစ်နေ့မှာ နှင်းငွေ့မိစ္ဆာသခင်ကို အကြောင်းပြုပြီး ဓားစံအိမ်နဲ့ အမှောင်ကျေးရွာတို့ ထိပ်တိုက်တွေ့လုနီးနီး ဖြစ်လာတဲ့အချိန်မှာတော့...။

