အခန်း (၂၉၂)
Vol. 3 Ch. 292
“ ဝုန်း..... ဝုန်း..... “
ဟဲလောင်မိသားစုခေါင်းဆောင်၏လက်သီးနှင့် စီးတုချန်ဟဲ၏လက်သီးမှာ ပြင်းထန်လှသည့်အရှိန်အဟုန်များဖြင့်နှင်းငွေ့မိစ္ဆာသခင်၏နံဘေးသို့ပြိုင်တူတိုးဝင်လာသည် ။
တစ်ချိန်တည်းမှာပင် ချန်ချင်းဂိုဏ်းချုပ်၏ဓားသည်လည်း နှင်းငွေ့မိစ္ဆာသခင်၏နောက်မှအသံတိတ်တိုးဝင်လာသည် ။
ထိုလေးယောက်မှာ လေးပွင့်ဆိုင်နေရာယူထားကာ ကောင်းယွဲ့ဂိုဏ်းချုပ်ကိုတိုက်ခိုက်လိုက်သည်နှင့် ကျန်သုံးယောက်မှ အလျှင်အမြန်နေရာယူတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
သူတို့၏တိုက်ခိုက်မှုကိုမြင်သည်နှင့် ထိုပူးပေါင်းတိုက်ခိုက်မှုကိုကျွမ်းကျင်အောင်လေ့ကျင့်ထားသည်ဟု သိရှိနိုင်သည်။
ဤသည်မှာ ခေါင်းဆောင်လေးယောက်နှင်းငွေ့မိစ္ဆာသခင်ကိုတိုက်ခိုက်ရန်များစွာစိုးရိမ်မှုမရှိသည့်အကြောင်းပင်ဖြစ်သည် ။
“ ပူးပေါင်းတိုက်ကွက်လား ဟားဟား “
နှင်းငွေ့မိစ္ဆာသခင်လည်း သူ့ထံသို့ပြိုင်တူတိုးဝင်လာသည့်အားကောင်းသည့်တိုက်ခိုက်မှုသုံးခုကြောင့် အနည်းငယ်အံ့အားသင့်သွားသော်လာ်း ချက်ခြင်းပင်ရယ်မောကာ လက်သီးနှစ်လုံးကိုဘေးနှစ်ဖက်သို့ပစ်လွှတ်လိုက်သည် ။
“ ဝုန်း.... ဝုန်း.... “
စီးတုမိသားစုခေါင်းဆောင်၏ထွင်းဖောက်လက်သီးနှင့် ဟဲလောင်မိသားစုခေါင်းဆောင်၏မိုးကြိုးလက်သီးမှာ နှင်းငွေ့မိစ္ဆာသခင်၏ လက်သီးနှစ်လုံးကြောင့် နောက်ဘက်သို့ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရသည် ။
သူတို့နှစ်ဦးစလုံးတူညီစွာပင် နှင်းငွေ့မိစ္ဆာသခင်၏ အေးစိမ့်သည့်အားလှိုင်းကြောင့် အတွင်းအားလှည့်ပတ်ကာ တိုက်ထုတ်လိုက်ရပြန်သည်။
“ ရွှပ် “
လွန်စွာလျှင်မြန်သည်ဟုနာမည်ကျော်သည့် ချန်ချင်းဂိုဏ်းချုပ်၏အရိပ်မဲ့ဓားမှာ လေထုကိုသာပိုင်းဖြတ်သွားကာ နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာ ဘယ်ဘက်ဘေးမှဖြတ်ကျော်သွားသည်။
ခေါင်းဆောင်လေးယောက်မှာ အကောင်းဆုံးပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း နှင်းငွေ့မိစ္ဆာသခင်မှာ သူတို့ထဲမှသုံးယောက်ကိုနောက်ဆုတ်သွားစေကာ ကျန်တစ်ယောက်၏တိုက်ခိုက်မှုကိုရှောင်တိမ်းသွားနိုင်သည်။
ထိုစဉ် ဟဲလောင်မိသားစုခေါင်းဆောင်၏ဘက်မှရှောင်တိမ်းလာသည့်နှင်းငွေ့မိစ္ဆာသခင်မှာ အန္တရာယ်အငွေ့အသက်ကိုစတင်ခံစားလိုက်ရသည်။
အစိမ်းရောင်တောက်ပနေသည့် ဓားတစ်လက်မှာအင်အားပြင်းထန်စွာဖြင့်ရောက်ရှိလာကာ ပတ်ဝန်ကျင်တစ်ခွင်အားကောင်းသည့်အငွေ့အသက်များထွက်ပေါ်လာသည်။
“ နဂါးသတ်ဓားကွက် “
အစိမ်းရောင်တောက်ပနေသည့်နဂါးစိမ်းဓားမှာလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်နှင်းငွေ့မိစ္ဆာသခင်၏လည်ပင်းကိုပိုင်းဖြတ်လိုက်သည် ။
ထိုဓားကွက်မှာ လျှင်မြန်ရုံသာမက ဩဇာကြီးမားကာ လွန်စွာအင်အားကောင်းနေသည်။
‘ အရင်တုန်းက သူကပညာလျိုထားတာပဲ ‘
နှင်းငွေ့စ္ဆာသခင်မှတွေးလိုက်မိသည်။
နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်တွင်သူတို့သိုင်းကွက်အနည်းငယ်တိုက်ခိုက်ဖူးသော်လည်း ယခုထိုလူ၏တိုက်ကွက်များမှာ ထိုစဉ်ကထက်နှစ်ဆခန့်အားကောင်းနေသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ ဓားဆန္ဒကိုပိုင်ဆိုင်ထားသည့်ဝါဆန်းဂိုဏ်းချုပ်ကြီး၏ဓားကိုခုခံနိုင်သော်လည်းယခုဓားကွက်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသည် ။
အကယ်၍ ဘုံနန်းသုံးဆင့်မိစ္ဆာသိုင်း၏ဒုတိယအဆင့်ကိုထုတ်ဖော်၍အတွင်းအားထပ်မံတိုးပွားလာလျှင် ကောင်းစွာရင်ဆိုင်နိုင်မည်ဖြစ်သော်လည်းထိုသိုင်းပညာကိုကြာရှည်အသုံးပြုခြင်းက သူ၏ခန္တာကိုယ်ကိုဝန်ပိစေသည်။
ထို့ကြောင့် နှင်းငွေ့မိစ္ဆာသခင်လည်း ထိုဓားကွက်ကိုရှောင်တိမ်းရန်ဆုံးဖြတ်လိုက်သည်။
“ လေနတ်ဆိုး၏မိစ္ဆာခြေလှမ်း “
နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာပျောက်ကွယ်သွားကာ နဂါးစိမ်းဓားသည်လည်း သူ၏လည်တိုင်ဘေးမှတစ်လက်မခန့်လွဲချော်သွားသည်။
သို့တိုင် ပွတ်ကာသီကာဖြတ်ကျော်သွားသည့် အေးစိမ့်သည့်အငွေ့အသက်ကိုခံစားမိလိုက်သည်။
အဖြူရောင်ဝတ်စုံနှင့်လူမှာ ဝူတန်းဂိုဏ်းချူပ်ကြီး၏အဆင့်သို့ရောက်နေပြီဖြစ်ကာ အခြားသိုင်းဝိဇ္ဇာများ၏အကူအညီကြောင့် နှင်းငွေ့မိစ္ဆာသခင်ကိုကောင်းကောင်းကြီးအန္တရာယ်ပေးနိုင်သည် ။
နှင်းငွေ့မိစ္ဆာသခင်မှာ နဂါးသတ်ဓားကွက်ကိုရှောင်တိမ်းပြီးသည်နှင့် တောက်ပသည့်ဝါးစိမ်းတုတ်တစ်ချောင်းမှာ လေပေါ်မှကျဆင်းလာသည်။
“ ဝှစ် ဝှစ် “
တုတ်အရိပ်များစွာမှာ နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်ရှိသွေးကြောများဆီသို့ဦးတည်လာကာ နှင်းငွေ့မိစ္ဆာသခင်လည်း မရှောင်တိမ်းနိုင်တော့ပေ ။
မည်မျှကိုယ်ဖော့ပညာကောင်းမွန်သည့်လူပင်ဖြစ်စေ အဆင့်တူများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည်မဟုတ်ပေ ။
“ ရေခဲနတ်ဆိုးလက်ဝါး “
နှင်းငွေ့မိစ္ဆာသခင်လည်း သူ၏လက်ဝါးနှစ်ဖက်ထဲတွင်အတွင်းအားအပြည့်ထည့်ကာ ကျဆင်းလာသည့်တုတ်ရိပ်များကိုသွက်လက်စွာတုံ့ပြန်လိုက်သည်။
“ ဝုန်း.... ဝုန်း..... “
လေထုထဲတွင်ပေါက်ကွဲသံများထွက်ပေါ်လာကာ အချိန်အနည်းငယ်အတွင်း နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးရိုက်ချက်များမှာ ဝါးစိမ်းတုတ်နှင့်ဆယ်ကြိမ်ထက်မနည်းထိတွေ့သွားသည်။
နှင်းငွေ့မိစ္ဆာသခင်၏နက်ရှိုင်းလှသည့်အတွင်းအားကြောငိ့ ခွေးရိုက်တုတ်ဖြင့်တိုက်ခိုက်လိုက်သည့်စုတိချုံးမှာ နောက်ဘက်သို့ဆုတ်ခွာပေးလိုက်ကာ မြေပြင်ပေါ်မှပေါ့ပါးစွာပြန်ကျလာသည် ။
သူ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့သွားသော်လည်း နှင်းငွေ့အတွင်းအားများမှာ စုတိချုံးကိုများစွာဒုက္ခမပေးနိုင်ပေ ။
နှင်းငွေ့မိစ္ဆာသခငိ၏တိုက်ခိုက်မှုကိုတိုက်ရိုက်ခံရမည်ဆိုပါက အခြေအနေပြောင်းလဲသွားမည်ဖြစ်သော်လည်း ယခုခွေးရိုက်တုတ်မှတဆင့်ဝင်ရောက်လာသည့်အတွင်းအားလှိုင်းများမှာ စုတိချုံး
ကောင်းစွာခုခံနိုင်သည်။
သို့သော် သူ၏အတွင်းအားမှာ နှင်းငွေ့မိစ္ဆာသခင်ထက်နိမ့်ကျလျက်ရှိသည်။
နှင်းငွေ့မိစ္ဆာသခင်လည်း စုတိချုံး၏နက်ရှိုင်းသည့်အတွင်းအားကြောင့်အနည်းငယ်အံ့အားသင့်သွားသည် ။
တစ်ခုသိထားရမည်မှာလက်ရှိနှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားမှာ မူလထက်နှစ်ဆဖြစ်နေကာ သူ၏ပုံမှန်အတွင်းအားဖြင့်ဆိုပါက စုတိချုံး
ထက်အနည်းငယ်နိမ့်ကျပေလိမ့်မည် ။
နေရာအနှံ့လေလွင့်နေသည့်သူတောင်းစားဂိုဏ်းချုပ်မှာ မျှော်လင့်မထားဘဲ လောဟန်အဆောင်မှူးထက်ပင်အတွင်းအားပိုကောင်းနေသည်။
ထိုအချိန်တွင် ခေါင်းဆောင်လေးယောက်၏လေးပွင့်ဆိုင်ပူးပေါင်းတိုက်ကွက်မှာဝင်ရောက်လာပြနိသည် ။
အဖြူရောင်ဝတ်စုံနှင့်လူနှင့်စုတိချုံးတို့မှာလည်း အခွင့်အရေးကိုချောင်းမြောင်းနေကြသည် ။
လက်ရှိသူတို့၏အခြေအနေမှာများစွာကွာဟခြင်းမရှိပေ။
ယခုတိုက်ပွဲမှာ အစောပိုင်းမှတိုက်ပွဲထက်များစွာပြင်းထန်မည်ဖြစ်ကာ အလယ်ပိုင်းသိုင်းလောကသားများမှာ လွန်စွာစိတ်လှုပ်ရှားနေကြသည်။
အကယ်၍အစောပိုင်ကတိုက်ပွဲတွင် သိုင်းဝိဇ္ဇာခြောက်ယောက်အနေဖြင့် ယခုခေါင်းဆောင်လေးယောက်လိုပူးပေါင်းတိုက်ကွက်ဆင်ပါက အနိုင်ရကောင်းရပေလိမ့်မည်။
ခေါင်းဆောင်လေးယောက်မှာ ဂိုဏ်းခြောက်ဂိုဏ်းမှ သိုင်းဝိဇ္ဇာများကိုမမီသော်လည်း သူတို့၏ပူးပေါင်းတိုက်ခိုက်မှုမှာ နှင်းငွေ့မိစ္ဆာသခင်ကို ကိုယ်ဖော့ပညာထုတ်မသုံးနိုင်အောင်ပိတ်ဆို့နိုင်သည် ။
ထို့အပြင် လွန်စွာဓားပညာကောင်းမွန်သည့်အဖြူရောင်ဝတ်စုံနှင့်လူသာမက သူတောင်းစားဂိုဏ်းချုပ်ကြီးမှ အခွင့်အရေးရသည်နှင့်တိုက်ခိုက်ရန်ချောင်းမြောင်းစောင့်ဆိုင်းနေကြသည်။
နှင်းငွေ့မိစ္ဆာသခင်လည်း လက်ရှိအခြေအနေကြောင့်တည်ငြိမ်သွားသော်လည်း များစွာစိုးထိတ်ခြင်းတော့မရှိပေ။
အစောပိုင်းကတိုက်ပွဲတွင်ပင်သူအစွမ်းကုန်အသုံးပြုမထားပေ။ သူ၏ဝှက်ဖဲအားလုံးကိုသာထုတ်သုံးပါက ယခုသိုင်းဝိဇ္ဇာခြောက်ယောက်ကိုသာမက တောင်ပေါ်မှလူအားလုံးကိုပင်သတ်ဖြတ်နိုင်မည်ဖြစ်သည်။
“ ဘုံနန်းသုံးဆင့်မိစ္ဆာသိုင်း ဒုတိယအဆင့် “
နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှ အငွေ့အသက်များမှာ ပို၍အားကောင်းလာပြန်သည်။
သူ၏အတွင်းအားမှာ ထူးဆန်းသည့်နည်းလမ်းဖြင့်တစ်ကြိမ်ပြီးတစ်ကြိမ်မြင့်တက်သွားကာ ယခုလိုပုံစံဖြင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုအနိုင်ယူခဲ့ပေသည် ။
“ ခဏလေးရပ်လိုက် “
အတွင်းအားထုတ်ကာအော်ဟစ်ပြောဆိုလိုက်သည့်လေသံကြောင့် သိုင်းဝိဇ္ဇာခြောက်ယောက်နှင့်နှင်းငွေ့မိစ္တာသခင်မှာ ရပ်တန့်သွားကြသည် ။
အသံပိုင်းရှင်၏အတွင်းအားမှာ အတော်လေးနက်ရှိုင်းကာ သိုင်းဝိဇ္ဇာအဆင့်ပင်ရှိနိုင်သည်။ ထို့အပြင် ထိုလူရိပ်မှာ ခေါင်းဆောင်လေးယောက်၏အလယ်သို့ပင်ရောက်နေပြီဖြစ်သည်။
ထိုလူမှာ အဖြူရောငိဝတ်စုံကိုဝတ်ဆင်ထားကာ ခန့်ညားသည့်လူရွယ်တစ်ယောက်ဖြစ်သည် ။ သူ၏နောက်ကျောတွင်ဓားတစ်လက်ကိုသိုင်းလွယ်ထားသည် ။
သိုင်းလောကသားများမှာ ရုတ်တရက်ထွက်ပေါ်လာသည့်လူရွယ်ကြောင့် အံ့အားသင့်သွားကြသည်။
ထိုအထဲတွင်ဝူတန်းဂိုဏ်းသားများနှင့်မုချန်းပင်ပါဝင်သည် ။အကြောင်းမှာ ထိုလူရွယ်မှာ သူတို့နှင့်မလှမ်းမကမ်းတွင်ရပ်နေခဲ့သည့် ထင်းရှီပင်ဖြစ်သည်။
“ သူကဘာသွားလုပ်တာလဲ “
သွေးလဖျက်ဆီးသူအဖွဲ့သားများကြားမှ လွန်စွာလှပသည့်မိန်းကလေးတစ်ယောက်မှာ စိုးရိမ်ပူပန်သည့်လေသံဖြင့်ရေရွတ်လိုက်သည်။
သူမ၏လှပသည့်မျက်ဝန်းလေးများက ခေါင်းဆောင်လေးယောက်၏အလယ် နှင်းငွေ့မိစ္ဆာသခင်နှင့်မျက်နှာချင်းဆိုင်လျက်ရှိသည့်လူရွယ်ကို စူးစိုက်ကြည့်နေသည်။
“ သူပဲ “
“ စားသောင်ဆိုင်ကအစောင့်သိုင်းသမားမဟုတ်လား “
“ သူ့ရဲ့သိုင်းပညာက “
လူအုပ်ထဲမှ အံ့အားသင့်စွာရေရွတ်သံများထွက်ပေါ်လာသည် ။
ထိုလူရွယ်မှာ စူးဟိုင်မြို့မိုးကောင်းကင်စားသောက်ဆိုင်မှ အစောင့်သိုင်းသမားလူရွယ်ဖြစ်ကာ သူတို့ထဲမှ အတော်များများတွေ့ဖူးသည်။
မည်သို့ပင်ဖြစ်စေ တူညီသည့်အချက်မှာ လူရွယ်မည်သို့လှုပ်ရှားသွားသည်ကိုသူတို့လုံးဝမတွေ့မြင်လိုက်ဘဲ တိုက်ပွဲအလယ်သို့ကိုယ်ပျောက်သလိုရောက်ရှိလာခြင်းဖြစ်သည်။