ခံစားချက်များ
Vol. 3 Ch. 263
မြေအောက်နန်းဆောင်
ကျောက်သားအခန်းငယ်လေးထဲတွင် အရက်အိုးများနှင့်ပြည့်နေသည်။
ယခင်က ဝမ်းတုမှာ စိတ်ပျော်သည့်တစ်ခါတစ်ရံအရက်သောက်သည်မှလွဲ၍ ကျန်အချိန်များတွင် မသောက်တတ်ပေ။
ယခုမူကား စားပွဲဘေးတွင်မူ မသောက်ရသေးသည့် အရက်အိုးအများအပြားရှိနေသည် ။ အခန်းနံရံနှင့် တံခါးပေါက်အခြေတွင်လည်း အရက်အိုးကွဲများရှိနေသည်။
စားပွဲပေါ်ရှိလဲကျနေသည့်အရက်အိုးများထဲတွင် လူတစ်ယောက် ခေါင်းငိုက်စိုက်ကျနေသည် ။
“ ကုန်သွားပြီလား “
စားပွဲပေါ်မှလူမှာ အရက်တစ်အိုးကိုလက်ဖြင့်စမ်းကာမော့သောက်လိုက်ရင်း အရက်ထွက်မလာသည့်အတွက် အရက်အိုးကိုပစ်ပေါက်လိုက်သည်။
“ ဝမ်းတု မင်း တော်တော့ကွာ “
အခန်းထဲသို့ဝင်လာသည့်ဝမ်းတမှ သူ့ဆီသို့လွင့်လာသည့် အရက်အိုးအခွံကိုဖမ်းယူရင်းအော်ငေါက်လိုက်သည်။
သူ၏မျက်နှာမှာမှုန်မှိုင်းနေကာ အရက်အိုးထဲခေါင်းငိုက်စိုက်ကျနေသည့်ဝမ်းတုကို ခံစားချက်မျိူးစုံဖြင့်ကြည့်နေသည် ။
ဝမ်းတုမှာ စန်းလျှံမှ တုန်းဖန်းလျှံဖြစ်နေသည်ကိုသိရှိခဲ့သည့်အချိန်မှစ၍ ယခုလိုဖြစ်နေခြင်းဖြစ်သည်။။
ဝမ်းတု၏ဘက်မှကြည့်လျှင်လည်း သူ၏ချစ်သူမှာ သူတို့ဂိုဏ်းကိုသစ္စာဖောက်ခဲ့သည့်အပြင် ဝမ်းတုအားချစ်ဟန်ဆောင်ကာသူတို့ဂိုဏ်းထဲသို့ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ဝမ်းတုမှာ သစ္စာဖောက်ခံရခြင်းထက် စန်းလျှံမှသူ့ကိုခံစားချက်လုံးဝမရှိဟုဆိုသည်ကို လုံးဝလက်မခံနိုင်ဘဲဖြစ်နေသည်။
“ ဟုတ်တယ် ကျမရှင့်ကိုအသုံးချပြီး ဒီဂိုဏ်းထဲကိုဝင်လာခဲ့တာ။ ကျမဖေဖေကို သတ်ခဲ့တဲ့ဂိုဏ်းကို ကျမသေချာပေါက်ဖျက်စီးပြမယ် “
စန်းလျှံ့အားဖမ်းချုပ်၍ခေါ်ဆောင်မသွားမီ သူမ သူ့မျက်နှာကိုမုန်းတီးစွာကြည့်ကာ ပြောခဲ့သည့်စကားဖြစ်သည်။
သူမျက်စေ့မှိတ်လိုက်တိုင်းသူမ၏မျက်နှာနှင့် သူမ ပြောခဲ့သည့် မုန်းတီးနေဟန်ရသည့်စကားကိုပြန်မြင်ယောင်ကြားယောင်နေမိကာ နောက်ဆုံး သူမအားမေ့နိုင်ရန် အရက်အိုးထဲခေါင်းစိုက်ထားသည်အထိပင်။
ဝမ်းတမှာ သူတို့အတူကြီးပြင်းလာခြင်းဖြစ်သဖြင့်
ဝမ်းတု၏ခံစားချက်များကို သူကောင်းစွာမြင်နိုင်သည်။
ဝမ်းတုမှာ ခံစားချက်ကင်းမဲ့ကာ အေးစက်သည့်ဟန်ရှိသော်လည်း သူ့လောက်ပင်နှလုံးသားမာကျောခြင်းမရှိပေ။
ထိုကြောင့်လည်း နှစ်သိမ့်စကားတစ်စုံတစ်ရာမပြောဘဲ ဝမ်းတု၏အာရုံကိုပြောင်းနိုင်မည့်အကြောင်းကို စဉ်းစားနေမိသည်။
&&&&&&
“ ဘာ ဓားစံအိမ်ကိုပြန်ရမှာ ဟုတ်လား ။ ငါသိုင်းလောကထဲကိုရောက်တာ သုံးနှစ်မပြည့်သေးဘူးလေ “
ထင်းရှီမှ လက်မခံနိုင်လိုသည့်လေသံဖြင့် အော်ဟစ်လိုက်သည်။ သူ၏စကားကြောင့် ထင်းရှောင်ယင်မှပခုံးတွန့်ကာပြောလိုက်သည်။
“ ဒါက ငါလဲမသိဘူး ဖေဖေကနင့်ကို ဓားစံအိမ်ကိုပြန်လာဖို့မှာလိုက်တာပဲ “
ထင်းရှောင်ယင်၏ ခပ်ပြက်ပြက်လေသံကြောင့် ထင်းရှီလည်း လေလျော့နေသည့်ဘောလုံးတစ်လုံးလိုပျော့ခွေသွားသည်။
ထင်းရှီမှာ သိုင်းလောကထဲသို့ရောက်သည်မှာနှစ်နှစ်ခွဲကျော်ပြီဖြစ်သော်လည်း ယခုအချိန်အထိ သူမျှော်မှန်းထားသလို နေရာအနှံ့သွားလာရခြင်းမရှိသေးပေ။
အလယ်ပိုင်းဒေသကိုအတော်များများနှံ့စပ်သွားသည်မှာလည်း သူရှောင်ရှောင်နှင့်စတွေ့စဉ်က သူမနှင့်အတူ လည်ပတ်ခဲ့၍ဖြစ်သည်။
အဆုံးမဲ့သဲကန္တာရများ၊ အပြောကျယ်လှသည့်ပင်လယ်ကြီး ၊ အေးခဲသည့်နှင်းတောင်များ စသည့် သူသွားလိုသည့် နေရာများစွာရှိနေသေးသည်။
အခြားအကြောင်းရင်းတစ်ခုခုကြောင့်သာဆိုပါက ဓားစံအိမ်သို့သူပြန်မည်မဟုတ်သော်လည်း ယခုမူ သူ၏ဆရာမှ ပြန်ခေါ်ခြင်းဖြစ်သဖြင့် သူသေချာပေါက် စံအိမ်သို့ပြန်ရပေမည်။
“ နင်ကရော ငါနဲ့ပြန်လိုက်မှာလား “
ထင်းရှ၏မေးခွန်းကြောင့် ထင်းရှောင်ယင်လည်း တောက်ပစွာပြုံးလိုက်ကာ ခေါင်းယမ်းလိုက်သည်။
“ ဟင့်အင်း ငါကသိုင်းလောကထဲမှာ နည်းနည်းထပ်နေဦးမှာ ။ ရှောင်ရှောင်ကငါ့ကို နေရာအနှံ့လိုက်ပြမယ်လို့ပြောထားတယ် “
သူမ၏လေသံမှာ ထင်းရှ၏ကံဆိုးမှုကိုဝမ်းမြောက်နေဟန်ရကာ ထင်းရှီလည်းစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းကာစကားတစ်ခွန်းမှမဆိုတော့ပေ။
ယခင်က ထင်းရှောင်ယင်မှာ သိုင်းလောကထဲတွင်အချိန်အကြာကြီးမနေလိုသော်လည်း ယခုအခါတွင်မူ စိတ်ကူးပြောင်းသွားပြီဖြစ်သည်။
“ ဟမ့် ငါကအဲဒီကောင်မကို သေချာပေါက်တစ်ခါလောက်တွေ့ဦးမှာ။ နောက်ပြီး ခရမ်းရောင်သွေးလဂိုဏ်းကကောင်တွေကိုလည်း အလွတ်ပေးမှာမဟုတ်ဘူး “
ထိုစကားကိုတော့ ထင်းရှောင်ယင်၏စိတ်ထဲတွင်သာရေရွတ်လိုက်ခြင်းဖြစ်သည်။
ထင်းရှီမှသူသိုင်းလောကထဲသို့ဆင်းလာခဲ့သည့်မှစ၍ မြစ်ဝါနဂါးဂိုဏ်းကိုသုတ်သင်ကာ ဝူတန်းတောင်ပေါ်သို့တက်သည့်အကြောင်းကိုရော ၊ သူနှင့်ရှန်းယွင်တို့စတင်တွေ့ဆုံခဲ့သည်မှစ၍ ချောက်နက်အောက်ခြေတွင် ချစ်သူများဖြစ်ခဲ့ကြသည်များကိုပါ မခြွင်းမချန်ပြောပြပြီးပြီဖြစ်သည်။
ထင်းရှီမှာ မည်သည့်အတွက် သူမမေးသမျှကိုအမှန်အတိုင်းဖြေကြားနေသည်ကို သူကိုယ်တိုင်ပင်မသိတော့ပေ။
သူနှင့်ထင်းရှောင်ယင်၏ကြားတွင်လည်း လျှို့ဝှက်ချက်ဟူ၍မရှိဘဲ တစ်ယောက်အကြောင်းကိုတစ်ယောက် အူမချေးခါးမကျန်သိနေ၍လည်း ဖြစ်နိုင်သည်။
“ ကိုင်း ကိုင်း နောက်သုံးရက်ဆိုရင် နင့်ရဲ့ဓားရပြီးရင် ဓားစံအိမ်ကိုပြန်ဖို့ပြင်ဆင်ထားသင့်တယ် “
ထင်းရှောင်ယင်မှ ထင်းရှီ၏ပခုံးအားပုတ်၍ စိတ်မကောင်းသည့်ဟန်ဖြင့်ပြောကာ ဘေးနားမှထွက်သွားသည်။ သို့သော် သူမ၏မျက်နှာမှာ ရွှင်မြူးနေသည်။
ထင်းရှီလည်း ပျော်ရွှင်စွာထွက်သွားသည့်ထင်းရှောင်ယင်အားကြည့်ကာ သူတို့ငယ်စဉ်ကရန်ဖြစ်စဥ်ကလို သူမ၏တင်ပါးကို ခပ်စပ်စပ်လေးရိုက်ရန်စိတ်ကူးလိုက်သော်လည်း ထိုစိတ်ကူးကို အလျှင်အမြန်ပယ်ဖျက်ကာ ခေါင်းယမ်းလိုက်မိသည် ။
“ ထင်းရှီ နင်သိုင်းလောကထဲက ထွက်သွားတော့မှာပေါ့ “
သူ၏ဘေးဘက်ဆီမှထွက်ပေါ်လာသည့် ချိုသည်သည့်လေသံလေးကြောင့် ထင်းရှီလည်း သတိပြန်ဝင်လာသည်။
သူ၏ဘေးတွင်ပန်းနုရောင်ဝတ်စုံဖြင့်လွန်စွာလှပသည့်မိန်းမလှလေးတစ်ယောက်ရပ်နေကာ အခန်းထဲတွင်ဖြစ်သဖြင့် သူမ၏မျက်နှာထက်မှ ရုပ်ဖျက်ထားသည်များကို ဖျက်ထားသည့်အတွက် ပြိုင်ဘက်ကင်းလှပသည့်မျက်နှာလေးမှာ အပြည့်အဝပေါ်ထွက်နေသည်။
သို့သော် ထိုမျက်နှာလှလှလေးမှာ အနည်းငယ်နွမ်းလျနေကာ သူမ၏မျက်လုံးဝိုင်းဝိုင်းများမှာ အရည်လဲ့နေသည်။
“ နောက်သုံးရက်နေရင် ငါပြန်ရမယ်ရှောင်ရှောင် “
သူ၏လေးကွေးသည့်အဖြေကြောင့် သွမ့်ရှင်းရှောင်မှာ မျက်နှာကွက်ခနဲပျက်သွားကာ တခဏအတွင်းလှပစွာပြုံးလိုက်သည်။
သို့သော်သူမ၏အပြုံးမှာ တောက်ပမနေဘဲ ဝမ်းနည်းမှုများရှိနေသည်ဟု ထင်းရှီတွေးလိုက်မိသည်။
“ နင်ပြန်မလာတော့ဘူးလား “
ထင်းရှီလည်းသူမ၏မေးခွန်းကြောင့် ရှုပ်ထွေးသွားသည်။ သူကိုယ်တိုင်ပင် မည်သို့ပြုလုပ်ရမည်ဆိုသည်ကို ကောင်းစွာသိမနေ။
သိုင်းလောကထဲမှထွကိ၍ဓားစံအိမ်သို့ပြန်ရခြင်းကိုသူများစွာဂရုမစိုက်သော်လည်း သူ၏သွေးသောက်ညီအစ်ကိုများ၊ သူနှင့်ရင်းနှီးခဲ့သည့် လူ့ဂွစာမုချန်း သူ၏ဆရာဟုဆိုနိုင်သည့် ဓားဘုရင်ကျန်းချန်းဟောင် ထိုလူများကို သူနောက်တစ်ကြိမ်ပြန်တွေ့လိုသေးသည်။
ထို့အပြင် သူ၏ဘေးတွင်ရှိနေသည့်ရှောင်ရှောင်သည်လည်း သူနှင့်ထူးခြားသည့်ဆက်ဆံရေးရှိသည်။
နောက်ဆုံးအနေဖြင့် အရှ့ပိုင်းတွင်ရှိနေသည့် သူ့အားစောင့်မျှော်နေမည့်မိန်းကလေး။
သူဓားစံအိမ်သို့ပြန်သွားပါက သိုင်းလောကထဲသို့ ဆင်းလာ၍မရတော့သည်လည်းဖြစ်နိုင်သည်။ ထိူလူများကိုလည်း နောက်ထပ်တစ်ကြိမ်ပြန်တွေ့နိုင်မည်မှာ ရာခိုင်နှုန်းနည်းလှသည်။
ထင်းရှီ၏စိတ်ရှုပ်နေသည့်ပုံစံကြောင့် သွမ့်ရှင်းရှောင်လည်း ထပ်၍စကားမဆိုတော့ဘဲ တိတ်ဆိတ်စွာဖြင့် နောက်သို့လှည့်လိုက်သည် ။
သူမပြန်အလှည့်တွင် ပုလဲလုံးကဲ့သို့ကြည်လင်နေသည့်မျက်ရည်တစ်စက်မှာ ကြမ်းပြင်ပေါ်သို့ တောက်ခနဲ ပြုတ်ကျလာသည်။
မိန်းမလှလေး၏နှုတ်ခမ်းတွင် လှပသည့်အပြုံးတစ်ခုရှိနေသော်လည်း သူမ၏မျက်ဝန်းများမှာ အနည်းငယ်နီရဲနေကာ မျက်ရည်ကြည်များနှင့်ပြည့်နေသည်။
သူမ၏ရင်ထဲတွင်မည်သည့်အတွက်ဝမ်းနည်းမိသည်ကို သူမကိုယ်တိုင်ပင်ကောင်းစွာမသိပေ။
သွမ့်ရှင်းရှောင်မှာ သိုင်းလောက၏အလှနတ်သမီးဘွဲ့ရထားကာ ပန်းနတ်သမီးသွမ့်ရှင်းရှောင်ဟူ၍ ကျော်ကြားပြီး ရုပ်ရည်ရောသိုင်းပညာမှာပါပြည့်စုံသည့်မိန်းကလေးဖြစ်သည်။
ထိုကြောင့်ပင်သိုင်းလောကထဲတွင် သူမအားနှစ်သက်ကြသည့် သူရဲကောင်းလူငယ်လူရွယ်များမရေမတွက်နိုင်အောင်ရှိကြသည်။
သိူ့သော် သူမထိုလူများကိုအမြဲလိုလိုစည်းတစ်ခုခြားထားကာ သူမနှင့်ရင်းနှီးသည့်အဆင့်ပင်ဖြစ်မလာကြပေ။
သူတစ်ဦးတည်းသာ သူမစတင်တွေ့ဆုံသည့်အချိန်မှစ၍ စိတ်ဝင်စားမိကာ အချိန်အနည်းငယ်အတူရှိပြီးနောက် သူမတို့နှစ်ဦးမှာ နေရာအတော်များများတွင်တူညီသည့်အချက်များရှိနေသည့်အတွက် အရင်းနှီးဆုံးဟုဆိုရမည့်မိတ်ဆွေများဖြစ်လာကြသည် ။
သို့သော် သူမ၏ဇာတ်လမ်းမှာ အစမပျိုးခင်ကဆုံးခန်းတိုင်တော့မည်ဟုခံစားမိနေကာ သွမ့်ရှင်းရှောင်လည်း သူမ၏စိတ်ကိုလှုပ်ရှားစေသည့် တစ်ဦးတည်းသောထိုယောင်္ကျားအနီးမှ ဖြေးညင်းစွာထွက်ခွာလိုက်သည်။