သိုင်းလောကကို သိမ်းပိုက်မည်
Vol. 3 Ch. 213
နှင်းငွေ့မိစ္ဆာသခင်မှာ ထိုင်ခုံပေါ်တွင်ထိုင်နေကာ သူ၏ရှေ့တွင်ရပ်နေကြသည့် သရဲဘုရင်နှင့်အဆိပ်ဘုရင်အားကြည့်လိုက်သည် ။
သရဲဘုရင်မှာ မျက်နှာဖုံးပြန်တပ်ထားပြီဖြစ်ကာ သူတို့၏ဝတ်စုံများလည်း သစ်လွင်နေသည်။
သူတို့အခန်းထဲသို့ရောက်ရှိပြီးနောက် သရဲဘုရင်၏သတ္တိများမှာ တစ်ဝက်ခန့်လျော့ကျသွားကာ မည်သို့စတင်၍ပြောဆိုရမည်ကိုမစဉ်းစားတတ်တော့ပေ။
အဆိပ်ဘုရင်မှာမူ မင်သေသေမျက်နှာဖြင့်ရှိနေကာ ထိုကိစ္စတစ်ခုလုံးမှာ သူနှင့်လုံးဝမပတ်သတ်သည့်အလားပင်။
နှင်းငွေ့မိစ္ဆာသခင်ကြီးအားတင်ပြရန်တာဝန်ကို သရဲဘုရင်မှ ခေါင်းခံပြီးနောက် သူ၏အလုပ်မှာ အေးအေးဆေးဆေးရပ်နေရုံသာရှိသည်။
အဆိပ်ဘုရင်မှာ အပြင်ပန်းတွင် တည်ငြိမ်သည့်မျက်နှာဖြင့် တိတ်ဆိတ်နေသော်လည်းသူ၏စိတ်ထဲတွင် ကြိတ်၍ အူမြူးနေမိသည်။
အထူးသဖြင့် ရှန်းယွင်မှသူ၏အကြောပိတ်ထားခြင်းကို မည်သည့်နည်းဖြင့်ပြန်ဖြေသွားသည်မသိရဘဲ ထိုအဖြစ်မှာ သူ၏အပြစ်မကင်းပေ။
ထို့အပြင်လူငယ်မျိုးဆက်တစ်ယောက်မှ သူ့လိုသိုင်းဝိဇ္ဇာတစ်ယောက်ပိတ်ထားသည့်အကြောကို သူ့ဘာသာပြန်၍ဖြေနိုင်ခြင်းမှာ သူ့မျက်နှာကို ပိတ်ရိုက်လိုက်သည်နှင့်မခြားပေ။
သို့သော် ထိုကိစ္စကို အစမဖော်ရန်ဆုံးဖြတ်ထားကာ သရဲဘုရင်၏လုပ်ဆောင်မှုကိုသာစောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
သရဲဘုရင်မှာ ဘေးဘက်သို့အနည်းငယ်စောင်းကြည့်လိုက်ရာ ဝါတော်ရှစ်ဆယ်ရဘုန်းတော်ကြီးလိုတည်ငြိမ်နေသည့်အဆိပ်ဘုရင်အားတွေ့လိုက်ရာ ကြိတ်၍ဒေါသထွက်သွားမိသည်။
ထိုတာဝန်ကိုသူတို့နှစ်ယောက်အတူလုပ်ဆောင်ခဲ့ရခြင်းဖြစ်ကာ မိန်းကလေးသေဆုံးသွားရသည့်မတော်တဆမှုကို အဆိပ်ဘုရင်မှသူနှင့်မဆိုင်သည့်မျက်နှာဖြင့်ရှိနေသည် ။
“ သောက်အဖိုးကြီး သူနဲ့မဆိုင်သလိုလုပ်နေတာ “
သရဲဘုရင်မှာ သူအဆိပ်ဘုရင်၏ထောင်ချောက်အတွင်းကျသွားပြီဟု သိလိုက်ကာ အဆိပ်ဘုရင်ကိုစိတ်အတွင်းမှ ကျိန်ဆဲလိုက်မိသည်။
အထူးသဖြင့် စကားတစ်ခွန်းမှမဆိုဘဲ အေးစက်စက်ပုံစံဖြင့်ရှိနေသည့် နှင်းငွေ့မိစ္ဆာသခင်၏ရှေ့သို့ရောက်နေ၍ဖြစ်သည်။
သူတို့ငါးဦးမှာ ဘုရင်ငါးပါးအဖြစ် ခရမ်းရောင်သွေးလဂိုဏ်းနှင့်ပူးပေါင်းခဲ့ကာ ထိုသို့ပူးပေါင်းခဲ့ခြင်းအတွက် သူတို့အားလုံး အကျိူးအမြက်ကိုယ်စီရရှိခဲ့ကြသည်။
ထို့အပြင် သိုင်းလောကကြီးတစ်ခုလုံး ခရမ်းရောင်သွေးလဂိုဏ်း၏လက်အောက်သို့ရောက်ရှိပြီးပါက နှင်းငွေ့မိစ္ဆာသခင်မှ သူတို့၏ဆန္ဒတစ်ခုဆီကို ဖြည့်ဆည်းပေးမည်ဟု ကတိပေးထားသေးသည် ။
သူ၏ဆန္ဒမှာမူ သံသယဖြစ်ဖွယ်မရှိအောင်ပင် သူ့ကိုသရဲတစ္ဆေလိုဘဝမျိုးရောက်စေသည့် ပူတာလကျောင်းတော်မှဘုန်းကြီးများကို သုတ်သင်ရန်ဖြစ်သည်။
နှင်းငွေ့မိစ္ဆာသခင်မှ ထိုသို့လုပ်နိုင်စွမ်းရှိသည်ကိုလည်း သူကောင်းစွာသိထားသည်။
ထို့အပြင် သူ၏ရှေ့မှလူမှာ သူတို့ကိုအချိန်မရွေးရှင်းပစ်နိုင်သည့်အစွမ်းရှိနေသည့်အတွက် အနည်းငယ်တုန်လှုပ်မိခြင်းဖြစ်သည်။
သို့သော် မပြောမပြီးကိစ္စတစ်ခုဖြစ်၍ ချောင်းတစ်ချက်ဟန့်ကာ စကားစလိုက်သည်။
“ အဟမ်း သခင်ကြီး ကျုပ်တို့ “
“ ကောင်လေးကိုသတ်ဖြတ်နိုင်ပြီး သူတို့နှစ်ယောက်လုံးချောက်နက်ထဲကိုကျသွားတယ်လို့ပြောမလို့လား “
နှင်းငွေ့မိစ္ဆာသခင်၏စကားကြောင့် သရဲဘုရင်သာမက အေးအေးဆေးဆေးရှိနေသည့်အဆိပ်ဘုရင်ပါမျက်လုံးပြူးသွားမိသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ ထိုနေရာတွင်ရှိမနေသော်လည်း သူကိုယ်တိုင်မျက်မြင်တွေ့ရသလို အဖြစ်အပျက်အလုံးစုံကို သိရှိနေသည်။
သို့သော် နှင်းငွေ့မိစ္ဆာသခင်၏လက်အောက်မှ အနက်ရောင်ဝတ်စုံနှင့်လူများကိုတွေးလိုက်မိသည်နှင့် သူတို့၏အံ့ဩစိတ်များ ပျောက်ကွယ်သွားသည်။
အရိပ်တပ်ဖွဲ့
အရိပ်တပ်ဖွဲ့မှာ ခရမ်းရောင်သွေးလဂိုဏ်းထဲတွင် သီးခြားအင်အားစုတစ်ခုဖြစ်ကာ အရိပ်တပ်ဖွဲ့နှင့် သူတို့၏ခေါင်းဆောင်အရိပ်ဆိုသူကို နှင်းငွေ့မိစ္ဆာသခင်ကိုယ်တိုင်အုပ်ချုပ်ပေသည်။
သူတို့နှစ်ဦးမှာ ဘုရင်ဆိုသည့်အဆင့်အတန်းကိုရထားကာ ခရမ်းရောင်သွေးလဂိုဏ်းတွင် ရာထူးအတော်မြင့်မားသော်လည်း အရိပ်တပ်ဖွဲ့တွင် လူမည်မျှရှိသည်ကို သူတို့မသိရပေ။
အရိပ်တပ်ဖွဲ့ဝင်များမှာ ကိုယ်ဖောပညာလွန်စွာထက်မြက်၍ အရှောင်အတိမ်းကောင်းလှကာ သိုင်းလောကထဲတွင် သူတို့မဝင်ရောက်နိုင်သည့်နေရာဟူ၍လက်ချိုးရေတွက်၍ရပေသည်။
ရန်သူ၏သတင်းကိုသိရခြင်းမှာ တိုက်ပွဲတွင်တစ်ဝက်အောင်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့်လည်း ခရမ်းရောင်သွေးလဂိုဏ်းမှာ အချိန်တိုအတွင်း အနက်ရောင်သိုင်းလောကတစ်ခုလုံးကို ထိမ်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
“ အင်း.. ဒီကိစ္စက ကျုပ်ခိုင်းလိုက်တာနဲ့လွဲချော်သွားတယ်ဆိုပေမယ့် အဓိကဖြစ်တဲ့ ကောင်လေးကို သတ်လိုက်နိုင်တယ်ဆိုတော့ မဆိုးပါဘူး။ “
နှင်းငွေ့မိစ္ဆာသခင်မှ ခေါင်းတညိမ့်ညိမ့်ဖြင့်ပြောလိုက်သည်။ ထို့နောက် အဆိပ်ဘုရင်နှင့်သရဲဘုရင်အား စူးရှသည့်မျက်လုံးအစုံနှင့် ထွင်းဖောက်လုမတတ်ကြည့်ကာ လေးနက်စွာပြောလိုက်သည်။
“ ဘုရင်နှစ်ပါးအသင့်ပြင်ထားတော့ မကြာခင်မှာ ကျုပ်တို့ရဲ့ရည်ရွယ်ချက်ကြီးဖြစ်မြောက်လိမ့်မယ် ။ အဲဒီအချိန်ကျရင်တော့ လုံးဝလွဲချော်မသွားစေပါနဲ့ “
အဆိပ်ဘုရင်နှင့် သရဲဘုရင်တို့မှာ တည်ကြည်သည့်မျက်နှာများဖြင့် ပြိုင်တူခေါင်းညိမ့်လိုက်ကြသည် ။
ထို့နောက် နှင်းငွေ့မိစ္ဆာသခင်ကို အရိုအသေပေးကာ ခန်းမထဲမှထွက်ခွာသွားတော့သည်။
ထိုနှစ်ယောက်ထွက်ခွာသွားသည်နှင့် အမှောင်ထဒမှလူတစ်ယောက်ထွက်ပေါ်လာသည်။
ထိုလူတည်ရှိနေခြင်းအား ဘုရင်နှစ်ပါးပင်သတိမပြုမိလိုက်ကြပေ။ ဤသည်မှာလည်း နှင်းငွေ့မိစ္ဆာသခင်၏ဖိအားအောက်တွင်ရောက်နေ၍ပတ်ဝန်းကျင်အား သတိမထားမိသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုလူ၏ပုန်းအောင်းကိုယ်ယောင်ဖျောက်နိုင်စွမ်းမှာလည်း ချီးကျူးဖွယ်ကောင်းလှသည်။
ထိုလူကား နှင်းငွေ့မိစ္ဆာသခင်၏အနီးတွင်ရှိနေတတ်သည့် လျှို့ဝှကိအရိပ်တပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်သူ အရိပ်ဖြစ်သည်။
ထိုလူ့ထံတွင် နာမည်ရှိမရှိမသေချာသော်လည်း နှင်းငွေ့မိစ္ဆာသခင်မှာမူ အရိပ်ဟုသာအမြဲခေါ်သည်။
ထိုလူ၏တည်ရှိမှုမှာလည်း အရိပ်တစ်ခုအသွင်ဖြစ်ကာ ဖမ်းဆုပ်ရခက်ခဲလွန်းလှသဖြင့် ထိုနာမည်နှင့်လိုက်ပေသည်။
“ အရိပ် မင်းဘယ်လိုထင်လဲ “
နှင်းငွေ့မိစ္ဆာစခင်မှ အရိပ်အားမေးလိုက်သည် ။
အရိပ်၏ခန္တာကိုယ်မှာ အနည်းငယ်လှုပ်ရှားသွားကာ နှင်းငွေ့မိစ္ဆာသခင်အား အံ့အားသင့်သည့်အကြည့်ဖြင့်ကြည့်လိုက်သည် ။
သို့သော် သူ၏မျက်နှာကို အနက်ရောင်မျက်နှာဖုံးဖြင့် ဖုံးကွယ်ထား၍ မျက်နှာအမူအယာကိုမမြင်ရပေ။
ယခု နှင်းငွေ့မိစ္ဆာသခင်မှ အရိပ်၏ထင်မြင်ချက်ကို ပထမဦးဆုံးအကြိမ်အဖြစ်မေးမြန်ခြင်းဖြစ်သည်။
“ ကျုပ်အထင်ကိုပြောရရင်ဒီကိစ္စက ဒီလောက်ကြီးမကြီးကျယ်ဘူးလို့ထင်တာပဲ ။
ကောင်မလေးက သိုင်းလောကထဲမှာ လျှောက်သွားနေတတ်တာဆိုတော့ သူ့ရဲ့အိမ်ကအချိန်တိုအတွင်း သတိမထားမိနိူင်ဘူး ။
သူတိူ့သတိထားမိတဲ့အချိန်ကျရင် သခင်ကြီးက သိုင်းလောကတစ်ခုလုံးကို အုပ်စိုးမိသွားပြီ ။ ဒါကြောင့် ကျုပ်အထင်အများကြီးစိုးရိမ်ဖို့မလိုဘူးထင်တာပဲ “
အရိပ်မှ တွေးတွေးဆဆဖြင့်ပြောလိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်လည်း အရိပ်၏အကြံပြုချက်ကို အသေအချာနားထောင်ကာ ခေါင်းတဆက်ဆက်ငြိမ့်လိုက်သည်။
“ မင်းရဲ့အကြံက မဆိူးဘူး ။ ဒါပေမယ့် ပိုပြီးသေချာအောင် မင်းရဲ့လူတွေကို သူတို့ပြုတ်ကျတဲ့ချောက်ကမ်းပါးကို လေ့လာခိုင်းလိုက်ဦး “
အရိပ်မှ ခေါင်းညိမ့်၍အရိုအသေပေးလိုက်သည်။ နှင်းငွေ့မိစ္ဆာသခင်မှ ဆက်ပြောလိုက်သည်။
“ အရိပ် မင်းငါ့ဆီမှာအလုပ်လုပ်နေတာ ဆယ်နှစ်ကျော်သွားပြီနော် “
နှင်းငွေ့မိစ္ဆာသခင်၏ အနည်းငယ်ပျော့ပြောင်းသည့်စကားကြောင့် အရိပ်မှာ မယုံကြည်နိုင်ဘဲဖြစ်သွားသည်။
နှင်းငွေ့မိစ္ဆာသခင်ဆိုသူမှ အမြဲလိုလိုအေးစက်ကာကြောက်မက်ဖွယ်ကောင်းလှပြီး သူ၏တပည့်နှစ်ယောက်မှလွဲ၍ ကျန်လူများအား သက်ရှိတစ်ကောင်လိုပင်သဘောထားလေသည် ။
သို့သော် အရိပ်မှာ သူ၏အံ့ဩမှုကို သိမ်းဆည်းကာ ပြန်ဖြေလိုက်သည် ။
“ ဆယ်နှစ်သုံးလနဲ့ ခုနစ်ရက်ရှိပါပြီသခင်ကြီး “
အရိပ်မှ အတိအကျပြန်ဖြေလိုက်သည်။ သူ၏အဖြေကြောင့် နှင်းငွေ့မိစ္ဆာသခင်မှာ သဘောကျသွားပုံပေါ်ကာ ထပ်၍ပြောလိုက်သည်။
“ အမှန်အတိုင်းပြောရရင် မင်းက သိုင်းပညာလုံးဝမတတ်ပေမယ့် ငါ့လူတွေထဲမှာ မင်းကအရည်အချင်းအရှိဆုံးပဲ။
ငါ့ဘဝမှာ ဒုတိယကံအကောင်းဆုံးအဖြစ်က ငါ့ကိုပိုပြီးမြင့်မားအောင်ကူညီပေးနိုင်တဲ့တပည့်နှစ်ယောက်ရတာနဲ့ မင်းလိုအရည်အချင်းရှိတဲ့လူကို သိမ်းသွင်းနိုင်တာပဲ။
ငါသိုင်းလောကကြီးကို သိမ်းပိုက်ပြီးတဲ့အချိန်ရောက်ရင် မင်းအဖြစ်ချင်ဆုံးဆန္ဒကို ငါလုံးဝဖြည့်ဆည်းပေးမယ် “
နှင်းငွေ့မိစ္ဆာသခင်မှ ကတိပေးလိုက်သည်။ သူ၏ကတိစကားကြောင့် အရိပ်၏မျက်လုံးမှာ အရောင်တဖျက်ဖျက်လက်သွားကာ အရိုအသေပေးလိုက်သည် ။
“ သခင်ကြီးကို ကျေးဇူးတင်ပါတယ် “
ထို့နောက် အရိပ်မှာ အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ အရိပ်ပျောက်ကွယ်သွားသည့်နေရာသို့စူးစိုက်ကြည့်လိုက်ကာ ခေါင်းတဆက်က်ေညိမ့်လိုက်သည်။
သူ၏မျက်လုံးထဲတွင် ထူးဆန်းသည့်အရိပ်အယောင်များထွက်ပေါ်နေသည်။