ထူးခြားသည့်လူအချို့
Vol. 3 Ch. 238
စန်နုန်ကျတွင်ရှိနေကြသည့်လူများမှာ ရာနှင့်ချီ၍ရှိသော်လည်း ယခုအခါ အသံတစ်ခုမှမထွက်ဘဲ ပကတိငြိမ်သက်နေကြသည် ။
နှင်းငွေ့မိစ္ဆာသခင်နှင့်တိုက်ခိုက်ရမည်လော ။
ယခုရှိနေကြသည့်လူများထဲတွင် ဝူတန်းဂိုဏ်းချုပ်ကြီး၏အဆင့်ရှိသူပင် တစ်ဦးမှမရှိတော့ပေ။
ထို့ကြောင့်မည်သူမှ ရှေ့ထွက်၍တိုက်ခိုက်ရန်မဝံ့ကြပေ။
ဂိုဏ်းကြီးငါးဂိုဏ်းမှဘက်တော်သားများနှင့် အဖြူရောင်သိုင်းလောကသားများမှာ မခံချင်စိတ်ဖြစ်မိသော်လည်း မည်သူမှရှေ့သို့မထွက်ကြပေ။
လူတို့၏စိတ်မှာလည်းဆန်းကြယ်ပေသည်။ တစ်စုံတစ်ယောက်မှ သူတို့ထက်ပို၍အားကောင်းပါက တိုက်ခိုက်လိုစိတ်များနိူးကြွလာတတ်သော်လည်း ထိုလူမှ သူတို့လုံးဝလိုက်မမီနိုင်သည်အထိအားကောင်းနေပါက လေးစားကြောက်ရွံ့စိတ်များ ပေါ်ပေါက်လာပေမည်။
ယခုလည်း ဂိုဏ်းကြီးများမှ သိုင်းသမားအများစုမှာ နှင်းငွေ့မိစ္ဆာသခင်အား မနှစ်သက်ကြသော်လည်း မည်သူမှသူနှင့်ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။
နှင်းငွေ့မိစ္ဆာသခင်လည်း တောက်ကုန်းထက်မှလူအားလုံးကို ထွင်းဖောက်လုမတတ်စူးရှတောက်ပသည့်အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
လူနည်းစုမှအပ ကျန်လူများမှာ နှင်းငွေ့မိစ္ဆာသခင်၏အကြည်ကို ရင်မဆိုင်ဝံ့ကြဘဲ ခေါင်းငုံ့သွားလေသည်။
“ ဟား..ဟား..ဟား..ဟား “
နှင်းငွေ့မိစ္ဆာသခင်မှ တောင်ကုန်းတစ်ခုလုံးတုန်ဟည်းသွားမတတ်ကျယ်လောင်စွာရယ်မောလိုက်သည်။
သူ၏ရယ်သံမှာ လူအများကိုရည်ရွယ်၍တိုက်ခိုက်သည်မဟုတ်သော်လည်း သိုင်းပညာအဆင့်နိမ့်သည့်သိုင်းသမားများမှာ နားများအူထိုင်းသွားသည့်အတွက် ကိုယ့်နားကိုတင်းကြပ်စွာပိတ်ထားလိုက်ကြသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ နောက်ထပ်စကားတစ်ခွန်းမှမဆိုတော့ပေ။ သူ၏တပည့်နှစ်ယောက်နှင့်တောင်အောက်သို့ ဖြေးညင်းစွာဆင်းသွားလိုက်သည် ။
နှင်းငွေ့မိစ္ဆာသခင်ပျောက်ကွယ်သွားသည့်အချိန်မှ တောင်ကုန်းထက်မှသိုင်းသမားများမှာ အသက်ကိုဝဝရှူရဲကြသည်။
အချို့သိုင်းသမားများသည်လည်း အာပေါင်အာရင်းသန်သန်ဖြင့် နှင်းငွေ့မိစ္ဆာသခင်နှင့်ပတ်သတ်သည်များကို ကျယ်လောင်စွာပြောဆိုနေကြသည်။
အဖြူအနက်စိန်ခေါ်ပွဲပြီးဆုံးသွားသော်လည်း လူအများမှာ တောင်ကုန်းထက်မှပြန်ရပ်စိတ်ကူးရှိပုံမရဘဲ ခင်ရာမင်ရာလူအချင်းချင်း တိုက်ပွဲအကြောင်းကို ပြောဆိုလျက်ရှိသည်။
ဂိုဏ်းကြီးငါးဂိုဏ်းမှလူများမှာမူ နေရာတစ်ခုထဲစုဆုံကာစက်ဝိုင်းပုံရပ်နေကြသည်။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ထူးခြားသည့်မုတ်ဆိတ်မွှေးရှိသည့်အဖိုးအိုတစ်ဦးမှာ ဂိုဏ်းကြီးငါးဂိုဏ်းမှလူများရှိရာသို့ တိုးကပ်သွားသည်။
သူ၏မုတ်ဆိတ်မွှေးများမှာ သပ်ရပ်စွာထားရှိကာ ငွေရောင်သမ်းလျက်ရှိသည်။ ထိုမုတ်ဆိတ်များကြောင့်ပင် အဖိုးအိုကို မြင်တွေ့မိသူများမှာ တစ်ကြိမ်တည်းနှင့်ထူးထူးခြားခြားမှတ်မိနေစေပေမည်။
ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းသမားများမှာ စိတ်မကြည်မလင်ဖြစ်နေကာ အချို့မှ ထိုအဖိုးအိုကိုအော်ဟစ်ရန်ပြင်လိုက်ကြသော်လည်း အဖိုးအို၏စူးရှသည့်အကြည့်က သူတို့ကိုတုန်လှုပ်သွားစေသည်။
ထိုနေရာမှအဖြစ်အပျက်ကို ဝါဆန်းဂိုဏ်းချုပ်ကြီးမှာ သတိပြုမိသွားကာ သူ၏လက်ကိုမြောက်၍ဟန့်တားလိုက်သည်။ ထို့နောက် အဖြူရောင်ဝတ်စုံနှင့်အဖိုးအိုအား နှုတ်ဆက်လိုက်သည်။
“ ငွေရောင်မုတ်ဆိတ် မင်းရောက်လာမယ်လို့ထင်မထားဘူး “
“ ဟေ့ကောင် လျှပ်စီးဓား “
ငွေရောင်မုတ်ဆိတ်ဆိုသည့်အဖိုးအိုမှာ ဝါဆန်းဂိုဏ်းချုပ်ကြီးအား တုံ့ပြန်နှုတ်ဆက်လိုက်ရင်း ထိုအနားသို့တိုးကပ်သွားသည်။
သူ၏ပုံစံမှာ ဝါဆန်းဂိုဏ်းချုပ်လျှပ်စီးဓားရှင်နှင့်ရင်းနှီးဟန်ရကာ ဂိုဏ်းကြီးငါးဂိုဏ်းမှလူများလည်း လမ်းဖယ်ပေးလိုက်ကြသည်။
ထိုနေရာတွင်ဂိုဏ်းကြီးငါးဂိုဏ်းမှခေါင်းဆောင်များရှိနေကာ တစ်စုံတစ်ရာအားဆွေးနွေးနေပုံရသည်။ ထိုအကြောင်းသည်လည်း ခရမ်းရောင်သွေးလဂိုဏ်းနှင့်ပတ်သတ်သည့်အကြောင်းဖြစ်ပုံရသည်။
ငွေရောင်မုတ်ဆိတ်အဖိုးအိုကို ရှောင်လင်ဒုကျောင်းထိုင်၊ ဝူတန်းဂိုဏ်းချုပ်ကြီးနှင့် သူတောင်းစားဂိုဏ်းမှအဖိုးအိုကျန်းတို့ပါသိရှိပုံရသည် ။
ထို့နောက် အဖိုးအိုမှာ ဂိုဏ်းကြီးငါးဂိုဏ်းမှခေါင်းဆောင်များကို တစ်စုံတစ်ခုပြောလိုက်ပုံရသည်။
ဂိုဏ်းချူပ်များမှာ ထိတ်လန့်အံ့ဩသွားသည့်ဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ ရှောင်လင်ဒုတိယကျောင်းထိုင်နှင့် ဝူတန်းဂိုဏ်းချုပ်ကြီးတို့မှ ချက်ခြင်းပင်ခေါင်းယမ်းလိုက်ကြသည် ။
အဖိုးအိုမှာ အလျော့ပေးဟန်မတူဘဲ ဂိုဏ်းချုပ်များကို ဆက်၍ပြောဆိုနေပေသည်။
ထိုအဖြစ်မှာ ဂိုဏ်းကြီးငါးဂိုဏ်းမှလူများ၏အလယ်တွင်ရှိနေသည့်အတွက် တောင်ကုန်းထက်မှသိုင်းသမားများမှာ သတိမပြုမိလိုက်ကြပေ။
သို့သော် ထူးခြားသည့်လူအချို့မှာမူ ထိုနေရာကိုကွက်ကြည့်ကွက်ကြည့်လုပ်လျက်ရှိသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ငွေရောင်မုတ်ဆိတ်နှင့် အဖိုးအိုမှာ ဂိုဏ်းကြီးငါးဂိုဏ်းမှလူများကိုတွန်းထိုးလျက်ထွက်လာသည် ။
သူ၏မျက်နှာမှာ အနည်းငယ်တင်းမာနေကာ မျက်ခုံးများမှာလည်း မလိုမကျဟန်ဖြင့်စုကြုံ့လိုက်ရှိသည်။
သူ၏ဟန်အမူအယာကိုကြည့်ရုံဖြင့်ဂိုဏ်းချုပ်များနှင့်ဆွေးနွေးရာတွင် တစ်စုံတစ်ခုဖြစ်ပျက်လာပုံရသည်။
ထို့နောက် ငွေရောင်မုတ်ဆိတ်အဖိုးအိုမှ တောင်ကုန်းထက်မှလူအချို့ကို လျို့ဝှက်စွာဆက်သွယ်ကာ ထိုလူများကိုဦးဆောင်လျက် တောင်ကုန်းမြောက်ဘက်နှင်းငွေ့မိစ္ဆာသခင်ဆင်းသွားသည့်ဘက်မှ အလျိုအလျိုဆင်းသွားကြတော့သည်။
&&&&&&&&
နှင်းငွေ့မိစ္ဆာသခင်နှင့်သူ၏တပည့်နှစ်ယောက်မှာ တောင်ကုန်းမြောက်ဘက်လမ်းမှဆင်းသွားကြသည် ။
ထိုလမ်းမှာ အနီးမှမြို့နှင့်တခြားဆီဖြစ်ကာ ရှေ့လျှောက် နက်ရှိုင်းသည့်တောအုပ်ကြီးတောအုပ်ငယ်များသာရှိသည်။
တောင်ခြေတွင် မြင်းလေးစီးမှာ သစ်ပင်အသီးသီးတွင်ချည်လျက်ရှိကာ ထိုအနီးတွင်လွန်စွာထွားကြိုင်းသည့်လူကြီးတစ်ယောက်ရှိသည်။
ထိုလူမှာ အသက်သုံးဆယ်ကျော်သာရှိမည်ဖြစ်ကာ အရပ်ခုနစ်ပေမြင့်ကာ ကြွက်သားများဖုထစ်နေသည့်ခန္တာကိုယ်တို့ဖြင့် ကြောက်မက်ဖွယ်ကောင်းကာ ဘီလူးငယ်တစ်ကောင်နှင့်တူလှသည်။
သူ၏မျက်နှာသည်လည်း ခန္တာကိုယ်နည်းတူကြောက်မက်ဖွယ်ကောင်းကာ တင်းမာလျက်ရှိသည်။
သူ၏ကြောက်မက်ဖွယ်ခန္တာကိုယ်နှင့် တင်းမာသည့်မျက်နှာကြောင့် လူစင်စစ်နှင့်မတူဘဲ လူ့ဘီလူကြီးလိုဖြစ်နေသည်။
သို့သော် ထိုလူ့ဘီလူးကြီးမှာ နှင်းငွေ့မိစ္ဆာသခင်ကျုမြင်သည်နှင့် သူ၏မျက်နှာထက်တွင် လွန်စွာလေးစားသည့်အရိပ်အယောင်များထွက်ပေါ်လာကာ အလျှင်အမြန်ပြေးထွက်လာသည်။
“ သခင်ကြီး ဂိုဏ်းကြီးငါးဂိုဏ်းကလူတွေကို ဘယ်လောက်သတ်ခဲ့သေးလဲ “
လူ့ဘီလူးကြီးမှ နှုတ်ခမ်းကိုလျှာဖြင့်သပ်၍မေးလိုက်သည် ။သူ၏စကားမှာ သတ်ဖြတ်ချင်စိတ်နှင့်များနှင့်ပြည့်လျက်ရှိသည် ။
နှင်းငွေ့မိစ္ဆာသခင်မှာ လူ့ဘီလူးကြီး၏စကားကြောင့် ခေါင်းယမ်း၍စိတ်ပျက်သည့်လေသံဖြင့်ဆိုလိုက်သည်။
“ အဲလိုမစဉ်းစားမဆင်ခြင်တာတွေကြောင့် မင်းကိုအရေးကြီးတဲ့တာဝန်တွေပေးလို့မရတာပဲ ။ ဘုရင်ငါးယောက်ထဲမှာ မင်းကိုငါအယုံကြည်ဆုံးဆိုပေမယ့် မင်းကတဇွတ်ထိုးလုပ်တာကခက်တယ် “
နှင်းငွေ့မိစ္ဆာသခင်၏ပြစ်တင်စကားကြောင့် လူ့ဘီလူးကြီးမှာာခေါင်းငုံ့သွားသည်။ ထို့နောက်မှ နှင်းငွေ့မိစ္ဆာသခင်မှ လေသံအေးအေးနှင့် ဆက်၍ရှင်းပြသည်။
“ ငါတို့ဒီနေ့အဖြူအနက်စိန်ခေါ်ပွဲမှာ လူမသတ်ခဲ့ဘူး ။ ဒါကလည်းအခြေအနေအရပဲ။ မင်းကိုနောက်မှအေးအေးဆေးဆေးရှင်းပြမယ်။ သိပ်မကြာခင်တော့ မင်းစိတ်ကြိုက်သတ်ရမှာပါ “
နှင်းငွေ့မိစ္ဆာသခင်မှ ပတ်ဝန်းကျင်အားတစ်ချက်ဝေ့ကြည့်၍ပြောလိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်၏အဆုံးသတ်စကားက လူ့ဘီလူကြီး၏မျက်လုံးများကိုအရောင်တောက်သွားစေသည် ။
ထို့နောက် သူတို့လေးယောက်မှာ မြင်းကိုယ်စီဖြင့်တောအုပ်အတွင်းသို့ ဝင်သွားကြသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ထိုနေရာတွင် လူရိပ်အတော်များများခုန်ပျံ၍ရောက်လာကြသည်။
ထိုလူများမှာ အယောက်နှစ်ဆယ်ကျော်သော်လည်း အသံတစ်စိုးတစ်စိမှမထွက်သည်ကိုကြည့်ခြင်းဖြင့်သိုင်းပညာညံ့ဖျင်းခြင်းမရှိလှသည်ကိုသိနိုင်သည်။
ထို့နောက် ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူလေးယောက်မှ အနည်းငယ်တိုင်ပင်ကာ သူတို့အားလုံးသစ်ပင်များကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
&&&&&&&
ဟူပေပြည်နယ် လိုင်စီတောအုပ်
လိုင်စီတောအုပ်မှာ ဟူပေပြည်နယ်၏အစွန်ဘက်တွင်ရှိကာ နက်ရှိုင်းသည့်တောအုပ်တစ်ခုဖြစ်သည်။
အနီးအနားတွင် မြို့များမရှိဘဲ ရွာငယ်လေးများသာရှိ၍ လမ်းခရီးမှာ ကောင်းမွန်ခြင်းမရှိဘဲ ကြမ်းတမ်းလှသည် ။
လူသွားလူလာနည်းပါးသည့် တောလမ်းအတိုင်း မြင်းလေးစီးမှာ ပုံမှန်အရှိနှုန်းဖြင့်စီးလာကာညး မြင်းပေါ်မှလူများသည်လည်းထူးခြားပေသည် ။
ရှေ့ဆုံးမြင်းပေါ်တွင် အနက်ရောင်မျက်နှာဖုံးစွပ်ထားကာ ဝတ်စုံနက်ကိုဝင်ဆင်ထားသည့်လူတစ်ယောက် သူ၏နောက်တွင် အသက်သုံးဆယ်ဝန်းကျင်လူရွယ်နှစ်ယောက်နှင့် နောက်ဆုံးတွင်ရှိသည့် သန်မာထွားကြိုင်းသည့်မြင်းကြီးပေါ်တွင် အရပ်ခုနစ်ပေခန့်ရှိသည့်လူ့ဘီလူးကြီးတစ်ယောက်လိုက်ပါလာသည်။
ထိုလူစုမှာ သိုင်းလောကသားများဖြစ်ဟန်တူသော်လည်း အေးစက်စက်မျက်နှာနှင့်လူရွယ်တစ်ယောက်ထံတွင်သာဓားတစ်လက်ပါကာ ကျန်လူများထံတွင် လက်နက်တစ်တစ်ရာမပါပေ ။
တစ်နေရာအရောက်တွင် ရှေ့ဆုံးမှမျက်နှာဖုံးနှင့်လူမှာ သူ၏မြင်းကိုရပ်တန့်လိုက်သည့်အတွက် ကျန်လူများလည်း အလားတူရပ်တန့်လိုက်ကြသည်။
“ သူတို့ရောက်ကြပြီ “
နှင်းငွေ့မိစ္ဆာသခင်မှ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။