← Chapters

သွေးလွှမ်းသောတိုက်ပွဲအဖြေ

Vol. 1 Ch. 62

သွေးလွှမ်းသောတိုက်ပွဲအဖြေ

Vol. 1 Ch. 62

ဝမ်းတက အနည်းငယ်တွေးတောလိုက်ပြီး ကြာနီအဖွဲ့ခေါင်းဆောင်ကိုကြည့်၍ မရေးမကြီးသည့်လေသံဖြင့်ပြောလိုက်သည် ။

" ကောင်းပြီ ဒီကိစ္စကိုထားလိုက်တော့ အခု အသုံးမဝင်တဲ့အမှိုက်လေးတွေကိုအရင်ရှင်းလိုက်...အညံ့မခံချင်တဲ့လူကိုချက်ခြင်းသတ်လို့ရတယ်..."

ဝမ်းတက ချုံယန်းဂိုဏ်းမှအသက်ရှင်ကျန်ရစ်သူများကိုရည်ညွှန်း၍ပြောလိုက်ခြင်းဖြစ်သည် ။

ချုံယန်းဂိုဏ်းသားများမှာ သူတို့အားထားရသည့်ဂိုဏ်းချုပ်ဖြစ်သူသေဆုံးပြီးနောက်တွင် စိတ်ဓာတ်ကျဆင်းကုန်ပြီးတိုက်ခိုက်ရန်ပင်စိတ်မပါကြတော့ပေ။

သူတို့ကို ကြာနီအဖွဲ့မှသိုင်းသမားများကဝိူင်းထားကြပြီး ဝမ်းတနှင့်ဝမ်းတုတို့လိုအစွမ်းထက်ထိပ်သီးများရှိနေ၍မည်သူမှလည်းထွက်မပြေးဝံ့ဘဲရှိနေခြင်းဖြစ်သည် ။

ထိုစဉ် ဝမ်းတ၏စကားက သူတို့ကိုစော်ကားလိုက်သည့်သဘောသက်ရောက်နေ၍ တုန်လှုပ်နေသည့်ကြားမှပင် ဒေါသတကြီးဖြစ်ကုန်ကြသည် ။

" ဝမ်းတ မင်းနဲ့ကြာနီအဖွဲ့ခေါင်းဆောင်ဘယ်လိုပတ်သတ်တာလဲဆိုတာ ငါတို့စိတ်မဝင်စားဘူး။ ဒါပေမယ့် ငါတို့ကိုအချိန်မရွေးသတ်ဖြတ်လိူ့ရမယ်လို့ထင်ရင်မှားသွားမယ်။

မင်းက ငါတို့ကိုအလွတ်မပေးချင်မှတော့ ငါတို့ကလည်း မင်းတို့ကိုတိုက်ခိုက်ပြီးဂိုဏ်းချုပ်အတွက်လက်စားချေမယ်..."

ချုံယန်းဂိုဏ်းမှအဆင့်လွန်ထိပ်သီးတစ်ဦးကအော်ဟစ်လိုက်သည် ။

ဝမ်းတ၏စကားအရ ထိုလူများမှာ သူတို့ကိုအလွတ်ပေးမည့်ပုံမရ၍ စိတ်ထဲတွင်တုန်လှုပ်မိသည့်တိုင် ကိုယ်ဟန်ဖို့ဆိုသလို မာန်တင်း၍အော်ဟစ်လိုက်ခြင်းဖြစ်၏။

သူ၏စကားကြောင့် ကျန်ရှိနေသည့်ချုံယန်းဂိုဏ်းသားများသည်လည်း စိတ်အားတက်ကြွသွားကြပြီး သူတို့၏လက်နက်များကိုမြောက်၍ဒေါသတကြီးပြောလိုက်ကြသည် ။

" ဟုတ်တယ် သူတို့ကိုသတ်ပြီးဂိုဏ်းချုပ်အတွက်လက်စားချေရမယ်.."

" ညီနောင်တို့တိုက်ကြ..."

သူတို့က ညာသံပေး၍အော်ဟစ်နေသော်ငြားမည်သူမှစတင်တိုက်ခိုက်ဝံ့ခြင်းမရှိသေးပေ။

အကြောင်းကား သူတို့ကိုဝိုင်းထားသည့်ကြာနီအဖွဲ့သားများစွာအပြင် သူတို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည့် ဝမ်းတနှင့်ဝမ်းတုတို့ရှိနေ၍ဖြစ်သည် ။

ဝမ်းတက သူတို့ဂိုဏ်းချုပ်၏လက်ချက်ကြောင့် အတွင်းဒဏ်ရာအပြင်းအထန်ရရှိထားသော်ငြား ဓားကိုပိုက်၍‌အေးစက်စက်ပုံစံဖြင့်ရပ်နေသည့်ဝမ်းတုက အကောင်းပကတိရှိနေသေးသည်။

ထိုလူများ၏အော်ဟစ်သံကြောင့် ဝမ်းတုကစိတ်အနှောင့်အယှဉ်ဖြစ်သွားဟန်တူပြီး သူ၏လက်ကိုခါပြ၍ ပေါ့ပါးစွာပြောလိုက်သည် ။

" နားညည်းလိုက်တ။ ဒီကောင်တွေကိုတိုက်တော့..."

ဝမ်းတမှာ ပြောရင်း သူ၏ရင်ဘက်ဆီမှအောင့်လာ၍ ခေါင်းယမ်းရင်း နောက်သို့ဆုတ်လိုက်သည် ။

ဝမ်းတ၏စကားကြောင့် ကြာနီအဖွဲ့ခေါင်းဆောင်က ချုံယန်းဂိုဏ်းသားများဆီသို့လှစ်ခနဲပြေးဝင်သွားပြီး သူတို့ထဲရှိအဆင့်လွန်ထိပ်သီးတစ်ဦးကိုတိုက်ခိုက်လိုက်သည် ။

သူတို့၏ခေါင်းဆောင်ကစတင်လှုပ်ရှားလာပြီဖြစ်ရာ ကျန်အဖွဲ့သားများလည်းချုံယန်းဂိုဏ်းသားများဆီသို့ပြေးဝင်တိုက်ခိုက်လိုက်ကြပြီး ချုံယန်းဂိုဏ်းသားများကလည်း အသက်ရှင်သန်ရေးအတွက် ခုခံတိုက်ခိုက်လိုက်ကြသည်။

ဤသို့ဖြင့် အချိန်အနည်းငယ်ငြိမ်သက်နေသည့်စားသောက်ဆိုင်လေးထဲတွင်တစ်ဖန်ပြန်၍ဆူပွတ်လာကာ မာန်သွင်းအော်ဟစ်သံများ၊ လက်နက်ချင်းထိတွေ့သံများနှင့် နာကျင်စွာအော်ဟစ်ညည်းညူသံများကအဆက်မပြက်ထွက်ပေါ်လာသည်။

ဝမ်းတနှင့်ဝမ်းတုကား တိုက်ပွဲနှင့်လွတ်ရာသို့ဆုတ်နေကြပြီး ဝမ်းတက အကောင်းအတိုင်းရှိနေသည့်ထိုင်ခုံတစ်လုံးပေါ်သို့ထိုင်လိုက်ကာ ဝမ်းတုကားသူ၏ဘေးတွင်ရပ်နေသည် ။

သူတို့နှစ်ဦးက အသက်လုတိုက်ခိုက်နေကြသည့်လူများကိုစိမ်ပြေနပြေကြည့်ရှုနေခြင်းဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက်အသဲအသန်တိုက်ခိုက်သတ်ဖြတ်နေကြသည့်မြင်ကွင်းက သူတို့အတွက် အပျင်းပြေကြည့်စရာတစ်ခုအဆင့်သာရှိပေသည် ။

သူတို့အတွက် သွေးနံ့များ၊ လူသေအလောင်းများနှင့် ‌ကြောက်မက်ဖွယ်အနိဠာရုံများက အထူးအဆန်းမဟုတ်တော့ဘဲ သာမန်လူတစ်ယောက်အနေဖြင့်မည်သို့မှကြည့်ရှုနေနိုင်မည်မဟုတ်သည့်မြင်ကွင်းကိုအေးဆေးစွာကြည့်ရှုနေသည်။

ထို့အပြင် သူတို့၏စိတ်ထဲတွင် တစ်ယောက်ကိုတစ်ယောက်ထိုးခုတ်သတ်ဖြတ်နေကြသူများ ၊ နေရာအနှံ့စီးဆင်းနေသည့်သွေးစီးကြောင်းများကိုမြင်တွေ့နေရခြင်းက အနည်းငယ်ပင်စိတ်တက်ကြွလာစေသည်။

ဤသည်က သူတို့လေ့ကျင့်ခဲ့သည့်သိုင်းပညာရပ်များနှင့်သက်ဆိုင်ပြီး သူတို့တတ်မြောက်ထားသည့်သိုင်းပညာများက သိုင်းလောကထဲရှိထိပ်တန်းအဆင့်ပညာရပ်အများစုထက်ပင်အဆင့်မြင့်သေးကာ မိစ္ဆာဓာတ်ပြင်းထန်ပြီးရက်စက်သည့်ပညာရပ်များဖြစ်ကြ၏ ။

ထိုပညာရပ်များသာသိုင်းလောကတွင်ပေါ်ထွက်လာပါက ယခုနေလသိုင်းကျမ်းလုပွဲထက်မနိမ့်သည့်သွေးချောင်းစီးလူသတ်ပွဲများဖြစ်လာနိူင်ပြီး ထိုသိုင်းကျမ်းများက လွန်စွာအစွမ်းထက်လှသလို သိုင်းကျမ်း၏မိစ္ဆာဓာတ်ကလည်း လေ့ကျင့်သူ၏စိတ်ကိုအနည်းနှင့်အများပြောင်းလဲစေသည် ။

သိူ့သော် ဝမ်းတနှင့်ဝမ်းတုတို့က ထိုအချက်အားလုံးဝဂရုမစိုက်ကြပေ။

လမ်းဘေးတွင်အိပ်၍ လမ်းဘေးတွင်စားကာ ကြုံသလိုအသက်ဆက်ရသည့်သူတောင်းစားသာသာဘဝများမှ ယခုလိုသိုင်းလောကတစ်ခုလုံးတုန်လှုပ်ရသည့်သိုင်းသမားများဖြစ်အောင်ပြောင်း‌လဲပေးခဲ့သည်က သူတို့၏ဆရာဖြစ်သူနှင့် သူတို့လေ့ကျင့်ထားသည့်သိုင်းပညာရပ်များကြောင့်ပင်ဖြစ်ပေသည်။

အသက်လု၍တိုက်ခိုက်‌သတ်ဖြတ်နေသူများကိုကြည့်ရှုနေရာမှ ဝမ်းတက ပျင်းရိသည့်ပုံစံဖြင့်ပြောလိုက်သည်။။

" ဝမ်းတု ဟိုသိုင်းကျမ်းလေးကို သွားပြီးရှာပေးပါဦး..."

ဝမ်းတ၏ခိုင်းစေမှုကြောင့် ဝမ်းတုကမကျေနပ်သည့်ပုံစံဖြင့်လှည့်ကြည့်လာသော်လည်း ဝမ်းတက ပြုံး၍‌သူ၏ရင်ဘက်ကိုဖိကာပြောလိုက်သည်။

" အား...ငါ့ရင်ဘက်ကအောင့်လာပြန်ပြီ အတွင်းဒဏ်ရာကတကယ်ဆိုးတာပဲ..."

ဝမ်းတ၏လေသံကသနားစဖွယ်ဖြစ်သော်လည်း ရယ်ကျဲကျဲပုံစံရှိနေသည့်သူ၏မျက်နှာကဖျက်ရိုက်ချင်စရာကောင်းလှ၏ ။။

ဝမ်းတုမှာ မကျေမနပ်ဖြင့်နှာခေါင်းရှုံ့လိုက်သော်လည်း ထိုနေရာမှထွက်ခွာသွားကာ တိုက်ခိုက်နေသည့်လူများကြားသို့အေးဆေးစွာဖြတ်ကျော်သွားပြီး ဆိုင်အလယ်နားတွင်လဲနေသည့်ချုံယန်းဂိုဏ်းချုပ်၏အလောင်းကိုဒရွတ်တိုက်ဆွဲလာသည်။

ဝမ်းတ၏လုပ်ရပ်က သူ့ကိုတမင်ခိုင်းစေ‌ခြင်းဖြစ်ကြောင်းသိနေသော်လည်း ဝမ်းတုမှာ ထိုအချက်ကိုစိတ်ထဲမထားပေ။

အကြောင်းကား သိုင်းလောကတွင်ရက်စက်သည့်ဂုဏ်သတင်းဖြင့်နာမည်ကျော်ကာ လူရာနှင့်ချီ၍ပင်သတ်ဖြတ်ခဲ့သည့်သူတို့နှစ်ဦးလုံးက တစ်ယောက်အတွက်တစ်ယောက်အသက်ပင်ပေးဝံသည်အထိရင်းနှီးကြ၍ဖြစ်သည် ။

ထို့နောက် ဝမ်းတုကချုံယန်းဂိုဏ်းချုပ်၏ခန္တာကိုယ်ကိုအနည်းငယ်ရှာဖွေလိုက်ပြီးနောက် သွေးစွန်းနေသည့်သိုင်းကျမ်းစာအုပ်ကိုဆွဲထုတ်လိုက်သည် ။

သိုင်းကျမ်းကို သူတို့ပထမဆုံးအကြိမ်ရရှိစဉ်က သူဌေးကြီးကျန်းလီ၏သွေးအနည်းငယ်သာစွန်းပေနေသော်လည်း ယခုအခါ သိုင်းကျမ်းစာအုပ်၏ရှေ့ဘက်နှင့်နောက်ဘက်များတွင်ပါသွေးကွက်များရှိနေပြီး စာအုပ်သည်လည်း စုတ်ပြဲလုမတတ်နွမ်းကြေနေသည်။

ထိုလက်ရာခြေရာများက သိုင်းကျမ်းမှာ ရက်အနည်းငယ်အတွင်း သွေးလွှမ်းတိုက်ပွဲများကိုဖြတ်ကျော်၍ပိုင်ရှင်အဆက်ဆက်ပြောင်းခဲ့ကြောင်းသက်သေပြနေပေသည် ။

ကျန်းနန်ရှိသူဌေးကြီးကျန်းလီတစ်ယောက်သေဆုံးခြင်းမရှိသည်ကိုသူတို့ကြားသော်လည်း မည်သူမှအလေးမထားကြပေ။

အကြောင်းကား သူတို့၏တာဝန်က သိုင်းကျမ်းစာအုပ်ကိုအကြောင်းပြ၍ သိုင်းလောကကိုဆူပွတ်စေရန်ဖြစ်ကာ သူဌေးကြီးကျန်းလီနှင့် နဂါးစိမ်းဂိုဏ်းခွဲကိုသုတ်သင်ခဲ့ခြင်းကပင် ခရီးသွားဟန်လွှဲအနေဖြင့်အပျင်းပြေသတ်ဖြတ်ခဲ့ခြင်းဖြစ်၏ ။

ထို့ကြောင့် ကံကောင်းထောင်မ၍ သူ‌ဌေးကြီးကျန်းလီအသက်ရှင်နေလျှင်ပင် သူတို့အနေဖြင့်ဂရုစိုက်နေမည်မဟုတ်ပေ။

ယခုတစ်ခေါက်သူတို့ပြန်လည်ထွက်ပေါ်လာခြင်းကလည်း သူတို့ဆရာ၏အမိန့်ကြောင့်ပင်ဖြစ်ကာ သိုင်းကျမ်းစာအုပ်ကိုအရယူရန်ဖြစ်သည် ။

နဂါးစိမ်းဂိုဏ်း၏အလိုအရှိဆုံးစာရင်းအနီရောင်အဆင့်တွင်ပါဝင်ခြင်းက သူတို့ကို သိုင်းလောကသားများ၏ပစ်မှတ်ဖြစ်စေပြီး ကျန်းနန်မှလုပ်ရပ်ကြောင့် နဂါးစိမ်းဂိုဏ်းမှအစွမ်းထက်သိုင်းသမားများကလည်းနေရာအနှံ့လိုက်လံရှာဖွေနေကြသည် ။

ထိုအချိန်မျိုးတွင် သူတို့ပြန်လည်ထွက်ပေါ်လာသည်ကအန္တရာယ်များလှသော်လည်း ဝမ်းတနှင့်ဝမ်းတုထံတွင်အကြောင်းရှိပေသည် ။

ပထမတစ်ကြိမ်က သိုင်းကျမ်းကိုအကြောင်းပြ၍ သိုင်းလောကကိုဆူပွတ်စေပြီး ယခုတစ်ကြိမ်တွင် သိုင်းကျမ်းကိူအရယူရန်ခိုင်း‌စေခဲ့သည့် သူတို့ဆရာ၏လုပ်ရပ်ကထူးဆန်းသော်လည်း သူတိူ့နှစ်ယောက်လုံးတစ်ချက်ကလေးပင်မေးခွန်းမထုတ်ခဲ့ကြပေ။

အကြောင်းကား သူတို့၏ဆရာ နှင်းငွေ့မိစ္ဆာသခင်က သူတို့နှစ်ယောက်လုံး၏ကျေးဇူးရှင်ဖြစ်ရုံသာ်ကသူတို့၏စိတ်ထဲတွင် နတ်ဘုရားတစ်ပါးလိုပင်သက်မှတ်ထား၍ဖြစ်သည်။

ထိုတာဝန်ကြောင့်ပင် ဝမ်းတနှင့်ဝမ်းတုတို့က ချုံယန်းဂိုဏ်းသားများအယောင်ဆောင်၍ သူတို့နှင့်ရောနှောနေကာ ယခုလိုအချိန်ကောင်းရောက်လာသည်နှင့် သိုင်းကျမ်းကိုအရယူခဲ့ခြင်းဖြစ်သည် ။

သူတို့အတွက် ပို၍အဆင်သင့်သွားသည်က ချုံယန်းဂိုဏ်းနှင့်မပြင်းအထန်တိုက်ခိုက်နေသည့်ကြာနီအဖွဲ့က သူတို့နှင့်ဆက်နွယ်မှုမရှိနေ၍ သူတို့လုပ်ရပ်လိုအပ်သည်က ချုံယန်းဂိုဏ်းသားများကိုရှင်းထုတ်ရန်သာဖြစ်သည် ။

ထို့ကြောင့်လည်း ဝမ်းတနှင့်ဝမ်းတုမှာ အကွက်ကျက်အလစ်ဝင်တိုက်ခဲ့ပြီး သိုင်းဝိဇ္ဇာတစ်ဝက်အ‌ဆင့်ရှိသည့် ချုံယန်းဂိုဏ်းချုပ်ကိုပင်ကောင်းစွာသတ်ဖြတ်နိုင်ခဲ့သည် ။

သူတို့ထဲတွင်အစွမ်းအထက်ဆုံးဖြစ်သည့် ချုံယန်းဂိုဏ်းချုပ်မရှိတော့သည်နှင့်ကျန်ဂိုဏ်းသားများမှာ အဆိပ်မရှိသည့်မြွေတစ်ကောင်လို‌လုံးဝဂရုစိုက်စရာမရှိတော့ဘဲ ကြာနီအဖွဲ့မှလူများကိုဖြေရှင်းခိုင်း၍ပင်ရသည်။

ဤနေရာရှိကိစ္စများအဆင်ပြေပြေပြီးပြက်သွားပါက သူတို့နှစ်ယောက်က သိုင်းကျမ်းကိုယူ၍ သူတို့ဆရာဆီပြန်သွားမည်ဖြစ်ပြီး သူတို၏နောက်သို့ သဲကြီးမဲကြီးလိုက်နေသည်ါ နဂါးစိမ်းဂိုဏ်းကိုမူ စိတ်ကူးထဲပင်ထည့်မထားပေ။

လက်ရှိသိုင်းလောက၏အင်အားအကောင်းဆုံးဖြစ်သည့်နဂါးစိမ်းဂိုဏ်းကြီးမှာ ကျန်ထိပ်တန်းအင်အားစုများကိုပင်စိုးထိတ်စေသော်လည်း ဝမ်းတနှင့်ဝမ်းတုကား များစွာဂရုစိုက်ခြင်းမရှိလှ။

လက်ရှိအချိန်တွင် သူတို့နှစ်ယောက်လုံးကအဆင့်လွန်ထိပ်သီးအဆင့်သာရှိသေးသော်လည်း နှစ်အနည်းငယ်ကြာအောင်လေ့ကျင့်ပြီးပါက နဂါးစိမ်းဂိုဏ်းကိုပင် ကြောက်စရာမလိုတော့သည့်အဆင့်သို့ရောက်ရှိသွားနိုင်ကြောင်းကို သူတို့နှစ်ယောက်လုံးကောင်းစွာသိထား၍ဖြစ်သည်။

ထိုယုံကြည်မှုက အနည်းငယ်လွန်ကဲသည်ဟုတွေးထင်နိုင်သော်လည်း သူတို့လေ့ကျင့်ထားသည့်သိုင်းပညာများက သာမန်လူတစ်‌ယောက်ကိုပင် ဆယ်နှစ်အတွင်း အစွမ်းထပ်သိုင်းသမားတစ်ယောက်ဖြစ်ပြောင်းလဲပေးနိုင်သည်အထိအံ့ဩဖွယ်ကောင်းလှပြီး သူတို့၏မဆုတ်မနစ်သည့်ကြိုးစားမှုကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် မြင့်မားသည့်သိုင်းပညာများရှိနေခြင်းဖြစ်ပေသည်

အချိန်အနည်းငယ်အတွင်း ပြင်းထန်သည့်တိုက်ပွဲက ပြီးဆုံးသွားလေပြီ ။

All Chapters