အနာဂါတ်အတွက်ရင်းနှီးမှု
Vol. 2 Ch. 107
မူလက သိုင်းလောက၏အရှုပ်အထွေးများတွင်ညသူမဝါဝင်လိုသော်လည်း ကြည့်ရသည်မှာ မြစ်ဝါနဂါးဂိုဏ်းသို့ သူအလည်တစ်ခေါက်သွားရမည့်ပုံဖြစ်သည် ။
သို့သော်ထင်းရှီမှာ မဟာမိတ်အဖွဲ့သို့ဆက်သွယ်ရန်စိတ်မကူးပေ ။ မဟာမိတ်အဖွဲ့ထဲသို့ဝင်လိုက်လျှင် သူ့အကြံအစည်ကိုဖုံးကွယ်ထားရန်ခက်ခဲကာ အနှေးနှင့်အမြန်သိရှိသွားမည်ဖြစ်သည်။
ထို့အပြင် အတွင်းအားစုပ်သိုင်းမှာ မိစ္ဆာသိုင်းပညာဟုအမည်ခံထားသော်လည်း ထိပ်တန်းအတွင်းအားပညာရပ်ဖြစ်ရာသိုင်းလောကထဲတွင် လိုချင်တပ်မက်သူများ မရေမတွက်နိုင်အောင်ရှိသည်။
ထို့ကြောင့် အတွင်းအားစုပ်သိုင်းကျမ်း၏သတင်းသာပျံ့နှံ့သွားပါက သူ့အနေဖြင့် မလိုလားအပ်သည့်ပြဿနာအများအပြားကိုရင်ဆိုင်ရပေမည်။
နောက်ဆုံးတွင် သူတစ်ဦးတည်း မြစ်ဝါနဂါးဂိုဏ်းသို့သွားရန်ဆုံးဖြတ်လိုက်သည် ။
ယခုအချိန်မှာ မြစ်ဝ့နဂါးဂိုဏ်းကြီးမှာ မဟာမိတ်အဖွဲ့အစည်းနှင့်တိုက်ပွဲများဖြစ်နေ၍ အထိနာနေချိန်ဖြစ်သည် ။
ထို့ကြောင့် မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်အတွင်းဝင်ကာ အတွင်းအားစုပ်သိုင်းကျမ်းကို သူရှာဖွေလိုသည် ။
သို့သော် ထင်းရှီမှာ သူတစ်ဦးတည်းဖြင့် မြစ်ဝါနဂါးဂိုဏ်းကြီးတစ်ခုလုံးကိုရင်ဆိုင်ရလောက်သည်အထိမရူးမိုက်ပေ ။
သူတိတ်တဆိတ်လှုပ်ရှားမည်ဆိုလျှင်တော့ အတွင်းအားစုပ်သိုင်းကျမ်းအားရှာဖွေတွေ့ရှိရန် အခွင့်အလမ်းများပြားသည် ။
ထင်းရှီမှာ တစ်ဦးတည်းအတွေးနွံထဲတွင်နစ်မြောနေရာ သူ၏ရှေ့တွင် စွန်းချန့်အိုရှိနေကြောင်းကို ခေတ္တမေ့လျော့သွားသည် ။
ထို့နောက် သူသတိဝင်လာကာ ရှက်ရွံ့စွာပြုံးလိုက်၍ စွန်းချန့်အိုအားပြောလိုက်သည် ။
“ ကျုပ်နည်းနည်းအတွေးများသွားတဲ့အတွက် ခွင့်လွှတ်ပါ ။ ပြီးတော့ သတင်းအတွက်လည်း ကျေးဇူးတင်ပါတယ် “
ထင်းရှီ၏စကားကြောင့် စွန်းချန့်အိုမှ ဘာမှမဟုတ်သည့်အမူအယာဖြင့်လက်ကိုဝေ့ယမ်းကာပြောလိုက်သည် ။
“ အသေးအမွှားလေးပါ ကျေးဇူးတင်စရာမလိုပါဘူး “
သူ၏လေသံမှာ ပေါ့ပါးနေသော်လည်း ထင်းရှီမှာ ယခုသတင်းမှာ ပြင်ပသို့ရောင်းချခြင်းမရှိသည့်လျှို့ဝှက်ချက်တစ်ခုဖြစ်မှန်းသိလေသည် ။
ထို့နောက် စွန်းချန့်အို၏ရင်းနှီးပုံရသည့်လေသံကြောင့် သူအနည်းငယ်စဉ်းစားကာမေးလိုက်သည်။
“ ကျုပ်မှာ ပစ္စည်းဥစ္စာတော့ပေးစရာမရှိဘူး ။ အစ်ကိုစွန်းကလည်း လိုမှာမဟုတ်ဘူးဆိုတာ ကျုပ်သိတယ် ဒါဖြင့် ကျုပ်ကိုဘာလို့ကူညီခဲ့တာလဲ “
သူ၏လေသံမှာ အနည်းငယ်စိတ်ရှုပ်ထွေးနေပုံရသည်။
ထင်းရှီမှာ ပါးနပ်သည့်လူဖြစ်သည်။ ထို့ကြောင့် စွန်းမျိူးနွယ်မှာ သူ့အားယခုလိုကူညီနေခြင်းမှာ မည်သည့်အတွက်ကြောင့်ဖြစ်မှန်းသူသိလိုသည်။
သူစွန်းချန့်အိုကိုကူညီခဲ့ခြင်းမှာ သေးငယ်သာ့်အကူအညီလေးဖြစ်ကာ ထိုအကူအညီအတွက် ယခုလိုလျှို့ဝှက်သတင်းမျိူးအားပေးသည်အထိ စွန်းချန့်အိုမှာ မရူးမိုက်ပေ ။
ထိုနောက်တွင်ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်များရှိနေမည်လားဆိုသည်ကို သူတွေး၍မရပေ။
ထို့ကြောင့် သူ့အား ယခုလိုကောင်းမွန်စွာဆက်ဆံနေရခြင်း၏အကြောင်းရင်းကို သူသိလိုလှသည် ။
ထင်းရှီ၏မေးခွန်းကြောင့် စွန်းချန့်အို၏မျက်နှာထက်တွင် ချီးကျူးလိုသည့်အမူအယာများပေါ်လာသည် ။
“ မိတ်ဆွေလေးကပါးနပ်တာပဲ ။ အမှန်အတိုင်းပြောရရင်ကျုပ်တို့မှာ ရည်ရွယ်ချက်တစ်ခုရှိတယ် “
သူ၏စကားကြောင့် ထင်းရှီမှာ မျက်နှာပြောင်းလဲသွားခြင်းမရှိပေ ။ ထိုအချက်အားသူခန့်မှန်းထားခဲ့ပြီးဖြစ်သည်။ ထို့နောက် စွန်းချန့်အိုမှဆက်ပြောလိုက်သည်။
“ ကျုပ်တို့စွန်းမျိူးနွယ်က ညီလေးနဲ့ ဆက်ဆံရေးကောင်းတစ်ခုကိုတည်ဆောက်လိုတာ ။
တကယ်တမ်းကျ အတွင်းအားစုပ်သိုင်းကျမ်းရဲ့ခန့်မှန်းနေရာက ကျုပ်တို့အတွက် လျို့ဝှက်သတင်းတစ်ခုဆိုတာထက်မပိုပါဘူး ။
ပြီးတော့ ကျုပ်တို့ကလည်း သိုင်းပညာကီုလောက်ဝါသနာမပါတော့ လိုချင်တဲ့စိတ်လည်းမရှိဘူး ။
ဒါပေမယ့် မိတ်ဆွေလေးကမတူဘူး ။။ဒါကမိတ်ဆွေလေးအတွက် အရေးကြီးနေတာဆိုတော့ ကျုပ်တို့ရဲ့ခန့်မှန်းချက်သာမှန်ကန်ရင် မိတ်ဆွေလေးအတွက် အများကြီးအထောက်အကူရလာနိုင်တယ် ။
ဒါဆိုရင် မိတ်ဆွေလေးက ကျုပ်တို့ရဲ့မိတ်ဆွေဆက်ဆံရေးကို မှတ်မိနေပြီး နောင်တစ်ချိန် မိတ်ဆွေလေး သိုင်းထိပ်သီးဖြစ်လာရင်ကျုပ်တို့စွန်းမျိူးနွယ်နဲ့ ဆက်ဆံရေးဆက်ပြီးကောင်းနေဖို့မျှော်လင့်ပါတယ် “
စွန့်ချန့်အို၏အဖြေမှာ ထင်းရှီမျှော်လင့်ထားခြင်းမရှိသည့်အဖြေဖြစ်သည်။ ထင်းရှီလည်း အနည်းငယ်စဉ်းစားကာ ခေါင်းညိမ့်လိုက်မိသည် ။
စွန်းမျိူးနွယ်မှာ ယခုလိုမျိုးအရင်းအနှီးလုပ်လိမ့်မည်ဟုသူမမျှော်လင့်ထားမိပေ။ ထို့အပြင် ထိုလူများ၏ လူမှုဆက်ဆံပုံမှာ ကောင်းမွန်လှသည်။
ထို့ကြောင့်လည်း စွန်းမျိုးနွယ်မှာ သိုင်းလောကတွင်နှစ်တစ်ရာကျော်ရပ်တည်နိုင်သည့် မျိုးနွယ်စုကြီးဖြစ်နေခြင်းဖြစ်ရမည်။
ထင်းရှီလည်း ထိုလူများအား အနည်းငယ်စမ်းသပ်လိုသေးသည် ။ထို့ကြောင့် ခေါင်းယမ်းကာပြောလိုက်သည် ။
“ ကျုပ်က သာမန်လူငယ်သိုင်းသမားလေးတစ်ယောက်ပါ ပြီးတော့ ကျုပ်က နောင်တစ်ချိန်မှာ အောင်မြင်လားမအောင်မြင်ဘူးလားဆိုတာ ဘယ်သူမှမသိနိုင်ဘူး။
နောက်တစ်ခုရှိတာက ကျုပ်ကတကယ်လို့သိုင်းထိပ်သီးဖြစ်သွားရင်လဲ ခင်ဗျားတို့မျိုးနွယ်စုနဲ့ဆက်ဆံရေးကိုဖြတ်တောက်ပစ်လို့ရနေတာပဲ “
ထင်းရှီ၏စကားကြောင့် စွန်းချန့်အိုမှ ပြုံးလိုက်ပြန်သည် ။
“ သာမန်လူငယ်သိုင်းသမားလေးတစ်ယောက်က အရှေ့ပိုင်းသိမ်းငှက်ညီနောင်ရဲ့လေးစားမှုကိုရရှိပြီးတော့ သိုင်းလောကရဲ့အလှနတ်သမီးနဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးရှိနေမယ်လို့ညကျုပ်မထင်ဘူး ။
ပြီးတော့ မိတ်ဆွေလေးရဲ့ သွေးသောက်ညီအစ်ကိုတွေကလည်းတကယ်အားကောင်းတဲ့အဖွဲ့အစည်းကလူတွေ “
စွန်းချန့်အို၏စကားကြောင့် ထိုလူများ၏လုပ်နိုင်စွမ်းကိုထင်းရှီအနည်းငယ်ထိတ်လန့်သွားသည်။
စွန်းအိမ်တော်သို့သူပထမဆုံးတစ်ခေါက်ရောက်သည်မှာ လေးငါးရက်ခန့်သာရှိသေးသော်လည်း ထိုလူများက သိုင်းလောကတွင် သူစတင်ကျင်လည်ချိန်မှစ၍ အနီးစပ်ဆုံးခန့်မှန်းနိုင်သည်။
သူတင်မကသေးပေ သူ၏သွေးသောက်ညီအစ်ကိုနှစ်ယောက်ကိုပါ ထိုလူများကသိရှိနေသည်။
ထင်းရှီအနည်းငယ်အံ့သြပုံရသည့်၏အမူအယာအား မကြည့်ဘဲ စွန်းချန့်အိုမှဆက်ပြောလိုက်သည်။
“ နောက်ပြီးတော့ ကျုပ်ကအသက်ဆယ့်ခြောက်နှစ်ထဲက ကျုပ်အစ်ကိုကြီးက သတင်းရောင်းဝယ်တဲ့အလုပ်ကိုလွှဲပေးထားခဲ့တာ ။
ကျုပ်ရဲ့ဘဝမှာ လူမျိူးစုံနဲ့တွေ့ဖူးတယ် ဒါကြောင့် ကျုပ်ရဲ့ခန့်မှန်းချက်တွေက သိပ်ပြီးတိကျတယ်။
မိတ်ဆွေလေးရဲ့စိတ်ဓာတ်က ဖြောင့်မက်ပြီးတော့ ဘုရားပြီးငြမ်းဖျက်စိတ်ဓာတ်မရှိဘူးဆိုတာ ကျုပ်တခဏအတွင်း အကဲခပ်မိပါတယ် “
စွန်းချန့်အိုမှ သူ၏စကားကိုအဆုံးသတ်ကာ ထင်းရှီအားကြည့်လိုက်သည် ။ ယခုတစ်ကြိမ်တွင် ထင်းရှီမှာ ဘာမှမပြောတော့ပေ။ လက်သီးဆုပ်၍အရိုအသေပြုလိုက်သည်။
“ အစ်ကိုစွန်းတို့စံအိမ်က ကျုပ်ရဲ့မိတ်ဆွေပါပဲ “
စွန်းမျိုးနွယ်နှင့်မိတ်ဆွေဖြစ်ရခြင်းမှာ သု့အတွက်အရှုံးမရှိပေ ။ထို့အပြင် ထိုလူများမှာသတင်းအဖွဲ့အစည်းသာဖြစ်သော်လည်း အင်အားတောင့်တင်းကာ ထက်မြက်လှသည်။
ထင်းရှီ၏အသိအမှတ်ပြုသည့်စကားကြောင့် စွန်းချန့်အိုလည်းပြုံးလိုက်ကာ ပြန်၍အရိုအသေပြုလိုက်သည် ။
“ စွန်းမျိုးနွယ်ကလည်း မိတ်ဆွေလေးအတွက် ထာဝရမိတ်ဆွေပါဘဲ နောက်အကူအညီလိုရင် စွန်းအိမ်တော်ကို အချိန်မရွေးလာနိုင်ပါတယ် “
ထင်းရှီနှင့် စွန်းချန့်အိုတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တစ်ဦး၏အတွေးကို ကျန်တစ်ဦးမှ သိရှိနေသလို ပြိုင်တူပြုံးလိုက်ကြသည်
-------------------------------------------
လောင်းကစားမြို့တော်
လောင်းကစားမြို့မှာ မြောက်ပိုင်းတောင်တန်းများအခြေတွင်တည်ရှိသည့်သာမန်မြိုလေးဖြစ်သည် ။
သို့သော် ထိုမြို့မှာ သိုင်းလောကအတွင်းလွန်စွာ နာမည်ကျော်ကြားကာ သူ၏နာမည်နှင့်လိုက်အောင်ထိုမြို့တွင် လောင်းကစားလုပ်ငန်းအမျိုးမျိုးရှိသည်။
ထို့အပြင် အပျော်အိမ်များ၊ အရက်ဆိုင်များ၊ စသည်တို့မှာလည်း လွန်စွာပေါများကာ အဓိကလုပ်ငန်းဖြစ်သည့် လောင်းကစားရုံများမှာ မြို့တစ်ဝက်ကျော်ကိုနေရာယူထားသည်။
သိုင်းလောကတွင် စကားတစ်ခုရှိသည်။ ထိုစကားမှာ ‘ နေ့ချင်းညချင်းသူဌေးဖြစ်လိုလျှင်လောင်းကစားမြို့တော်သို့သွားပါ သို့သော် အသက်အပိုပါမှဖြစ်မည် ‘ ဟူသည့်စကားဖြစ်သည်။
ထိုစကားနှင့်လိုက်အောင် မြို့ထဲတွင် သတ်ဖြတ်မှုများနေရာအနှံ့ဖြစ်နေကာ လောင်းကစားအိမ်မျထဲမှ အကြီးအကျယ်အနိုင်ရသူများမှာ အပြင်သို့ရောက်သည်နှင့် ချက်ခြင်းသတ်ဖြတ်ခံရသည်များလည်းရှိသည်။
ထိုသို့မဟုတ်လျှင် လာရောက်လုယက်သူများမှာ။အနိုင်ရသူများ၏လက်ချက်ဖြင့်သေဆုံးရသည်လည်းရှိသည်။
မည်သို့ပင်ဖြစ်စေ အန္တရာယ်နှင့်အတူ အခွင့်အလမ်းမှာ ယှဉ်တွဲနေသောကြောင့်သိုင်းသမားအများအပြားမှာ လောင်းကစားမြို့တော်အား စိတ်ဝင်စားကြသည် ။
သိုင်းသမားမဟုတ်သည့် သူဌေးအချို့ပင် အခြွေအရံများခေါ်၍လာရောက်ကံစမ်းကြလေ့ရှိသည် ။
သိုင်းပညာမတတ်သည့်လူများမှာ အစောင့်အရှောက်များကိုမပါလျှင် လောင်ကစားမြို့တော်သို့ လုံးဝလာရောက်ခြင်းမရှိကြပေ။
အကြောင်းမှာ ထိုမြို့တွင် ဥပဒေဆိုသည့်မှာ စကားလုံးတစ်ခုသာဖြစ်သည်။ ထိုမြို့၏အားကောင်းသည့်ဥပဒေမှာ ကိုယ်ဖြစ်ကိုယ်ခံဖြစ်သည်။
ထိုမြိုတွင် လူသတ်၍ရသည် ။ လုယက်၍ရသည်။ ထို့အပြင် မြို့ကိုချုပ်ကိုင်ထားသည့်အာဏာပိုင်များရှိသည်။
ထိုလူများမှာ မြို့၏ဥပဒေစိုးမိုးမှုကိုလုံးဝစိတ်ဝင်စားခြင်းမရှိကြပေ။ သူတို့စိတ်ဝင်စားပါကလည်းဘာမှတတ်နိုင်မည်မဟုတ်ပေ။ မြို့ထဲတွင်လူဆိုးသူခိုးများ ၊ သိုင်းပညာထက်မြက်၍လွန်စွာဆိုးစွမ်းကြသူများပေါများလှသည် ။
ထိုလူများကို သူတို့ဘာမှမတတ်နိုင်ပေ ။လောင်းကစားမြို့မှာနန်းမြို့တော်နှင့်အလှမ်းဝေး၍ မြောက်ပိုင်းတောင်တန်းများနားတွင်တည်ရှိသောကြောင့် နန်းမြိုတော်လက်လှမ်းမမီဟုပြော၍ရသည် ။
ထို့ကြောင့် ထိုနေရာကား ပရမ်းပတာအဆန်ဆုံး ၊ ဥပဒေစိုးမိုးမှုအကင်းမဲ့ဆုံးနှင့် လူဆိုးလူသွမ်းများ အပေါများဆုံးနေရာဖြစ်သည်။