← Chapters

နှင်းငွေ့မိစ္ဆာသခင်

Vol. 1 Ch. 50

နှင်းငွေ့မိစ္ဆာသခင်

Vol. 1 Ch. 50

ကျားကြီး‌နှင့်ကျားလေးမှာ လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်ကျော်က ဘုံကျောင်းထဲတွင် သူတို့ကိုကယ်တင်ခဲ့သောလူငယ်ထံတွက်တပည့်ခံကာ လူငယ်နှင့်လိုက်သွားခဲ့သည်။

ထို့နောက်တွင် သုံးနှစ်လုံးလုံး တစ်ယောက်တစ်နေရာစီခွဲကာ အမျိုးမျိူးသောစမ်းသပ်မှုများကို ခံခဲ့ရသည်။

သူတို့ရင်ဆိုင်ခဲ့ရသော စမ်းသပ်မှုများမှာ ထိုစဉ်ကသူတို့၏အသက်အရွယ်နှင့်စာလျှင် ပြန်မတွေးချင်လောက်အောင် လွန်စွာခက်ခဲကြမ်းတမ်းခဲ့သည်။

စမ်းသပ်မှုများထဲတွင် သေမလိုလိုဖြစ်ခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ပင် ။နောက်ဆုံးတွင် သူတို့နှစ်ဦးလုံး လူငယ်၏တပည့်ရင်းများဖြစ်လာကြသည်။

ထိုအခါမှ လူငယ်မှ မည်မျှအံ့ဩဖွယ်ကောင်ူသည်ကိုသိရှိခဲ့ကာ လူငယ်၏လွန်စွာကြောက်မက်ဖွယ်ကောင်းသောသိုင်းပညာတစ်မျိုးစီကို သင်ယူနိုင်ခဲ့ကြသည် ။

လူငယ်၏အကြံအစည်များတွင်လည်း သူတို့ကူညီပေးခဲ့ရကာ လူငယ်၏ကြောက်မက်ဖွယ်ထူးချွန်မှုကို သူတို့တွေ့မြင်ခဲ့ရသည် ။

ထို့ကြောင့် သူတို့၏ရင်ထဲမှ ကြောက်ရွံ့လေးစားစိတ်များ ပို၍တိုးလာခဲ့သည်။

ထို့အတွက်ကြောင့် လွန်ခဲ့သည့်သုံးနှစ်မှစ၍ သိုင်းလောကထဲတွင် နှင်းငွေ့မိစ္ဆာသခင်၏တပည့်ငရဲဓားဝမ်းတုနှင့် အမှောင်လက်ဝါးဝမ်းတဟုကျော်ကြားလာခဲ့သည်။

သူတို့၏ဆရာဖြစ်သောလူငယ်မှာ သိုင်းလောကထဲတွင်မျက်နှာမပြဘဲ အမှောင်ထဲတွင်သာနေလေ့ရှိသည် ။

သို့သော် သူ၏အမည်ဖြစ်သော နှင်းငွေ့မိစ္ဆာသခင်ကမူ သိုင်းလောကအတွင်း အတော်လေးကျော်ကြားသောနာမည်ဖြစ်သည် ။

ထို့အပြင်‌ လူငယ်မှ ကြောက်မက်ဖွယ်သိုင်းပညာရှင်များနှင့်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားခဲ့သည် ။

ယခုမြေအောက်နန်းဆောင်မှာ ပြည်ထောင်နှစ်ခုမကွဲခင်အချိန်က အင်ပါယာကြီး၏လျှို့ဝှက်နန်းဆောင်ဖြစ်သည်။ လူငယ်မှ မတော်တဆတွေ့ရှိခဲ့ကာ သူတို့၏ဌာနချုပ်အဖြစ်သက်မှတ်ထားခြင်းဖြစ်၏။

ဝမ်းတုနှင့်ဝမ်းတမှာ နှစ်ဦးသားဆုံရသည့်အချိန်နည်းပါး၍ စကားများရေပတ်မဝင်ပြောဆိုနေကြသည်။

“ ဝမ်းတု ဝမ်းတ ငါ့ဆီကိုလာခဲ့ဦး “

ဝမ်းတုနှင့်ဝမ်းတတို့၏နားထဲသို့ အသံတစ်ခုဝင်ရောက်လာသည် ။ သူတို့နှစ်ဦးမှာ တစ်ယောက်မျက်နှာတစ်ယောင်ကြည့်ကာ ပြိုင်တူထရပ်လိုက်ကြသည်။

ထိုအသံမှာ သူတို့နှစ်ဦးသာကြားရကာ သူတို့နှစ်ဦးမှအပ မြေအောက်နန်းဆောင်ထဲရှိမည်သူမှကြားရမည်မဟုတ်ပေ။

အတွင်းအားဖြင့်အသံပို့လွှတ်ခြင်း

မှန်ပေသည် ။ သူတို့နှစ်ဦးထံသို့ လူငယ်မှ အတွင်းအားဖြင့်အသံပို့လွှတ်ခြင်းဖြစ်သည် ။

ဤသည်က အတွင်းအား လွန်စွာနက်ရှိုင်းသူများသာ ပြုလုပ်နိုင်သည့်အရာဖြစ်သည်။ အဆင့်လွန်သိုင်းသမားများလည်း အတွင်းအားဖြင့်အသံပို့လွှတ်ခြင်းကိုပြုလုပ်နိုင်သော်လည်း အဆင့်နိမ့်သည်။

အဆင့်လွန်သိုင်းသမားများ၏အတွင်းအားမှာ သိုင်းဝိဇ္ဇာများနှင့်ယှဉ်ပါက ဘာမှမပြောလောက်ပေ။ ယခုကဲ့သို့ သူတို့ကြားစေချင်သည့်လူကိုသာ ရွေး၍အသံပို့လွှတ်ရန်မှာ အတွင်းအားလွန်စွာနက်ရှိုင်းသည့်သိုင်းဝိဇ္ဇာများသာ ပြုလုပ်နိုင်သည်။

ဝမ်းတုနှင့်ဝမ်းတလည်း လူငယ်ရှိနေမည့်နေရာသို့သွားလိုက်သည် ။ လူငယ်မှာ နန်းဆောင်ထဲတွင်နေခြင်းဖြစ်ကာ နန်း‌ဆောင်၏ပတ်လည်တွင် ကျယ်ဝန်းသည့်နေရာများရှိသည်။

ဝမ်းတုနှင့်ဝမ်းတို့သိုင်းလေ့ကျင့် နေသည်မှာနန်းဆောင်၏နောက်ဘက်ဖြစ်သည်။ ထိုနန်းဆောင်မှာသူတို့အဖွဲ့အစည်း၏လျှို့ဝှက်နေရာဖြစ်ကာ အတွင်းလူများသိသောနေရာဖြစ်သည်။

အကယ်၍ ရန်သူများလာရောက်တိုက်ခိုက်၍နန်းဆောင်ထွက်ပေါက်ပိတ်သွားပါကလည်းထွက်ပြေးရန် လျှို့ဝှက်လမ်းများ ရှိနေသေးသည်။

ထို့ကြောင့် ဤနန်းဆောင်ကြီးမှာ ဖြိုဖျက်မရနိုင်သည့် မြေအောက်ခံတပ်ကြီးတစ်ခုနှင့်တူသည်။

ဝမ်းတုနှင့်ဝမ်းတတို့လည်း လူငယ်၏နေရာသို့ ခပ်သွက်သွက်လျှောက်လာကြသည်။ လမ်းတစ်လျှောက်လုံးတွင် တွေ့ရသည့်လူများမှာ ဝမ်းတုနှင့်ဝမ်းတကို အရိုအသေပြုကြရသည်။

ဝမ်းတုနှင့်ဝမ်းတမှာ ဤအဖွဲ့အစည်းတွင် လူငယ်ပြီးနောက် အာဏာအရှိဆုံးလူများဖြစ်ကာ ‌သူတို့၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။

သူတို့ကိုဂါရဝမပြုသည့်လူများလည်းရှိသေးသည် ။။ထိုလူများမှာ ခေါင်းစွပ်ကြီးပါသည့်အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြကာ သူတို့၏မျက်နှာကို ဖုံးကွယ်ထားကြသည် ။

ဤလူများကား သူတို့၏အဖွဲ့နှင့်အကျိုးတူပူးပေါင်းထားသူများဖြစ်ကာ အဖွဲ့ဝင်များမဟုတ်ကြပေ။

သို့သော် ထိုလူများမှာ ဝမ်းတုနှင့်ဝမ်းတကို အရိုအသေမပေးကြသော်လည်း သူတို့ကိုအနှောင့်အယှက်ဖြစ်အောင်မလုပ်ဝံ့ကြပေ။

ဝမ်းတုနှင့်ဝမ်းတလည်း ထိုလူများကိုဂရုမသိုက်ဘဲ စကားတပြောပြောနှင့် နန်းတောင်အတွင်းဝင်လာလိုက်သည်။

နန်းဆောင်အတွင်းတွင် ခမ်းနားသည့်ထိုင်ခုံကြီးတစ်ခုရှိသည်။ ထိုင်ခုံကြီးထက်ပလ္လင်တစ်ခုဟုပင်ခေါ်ဆိုနိုင်သည် ။ ပလ္လင်တွင် စီချယ်ထားသောကျောက်မျက်များသည်ပင် တန်ဖိုးမနည်းပေ။

ထိုပလ္လင်ပေါ်တွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ကြောက်မက်ဖွာ်မျက်နှာဖုံးတစ်ခုကိုတပ်ဆင်ထားသည့်လူတစ်ယောက်ထိုင်နေသည်။

ထိုလူမှာ သူတို့၏ဆရာနှင်းငွေ့မိစ္ဆာသခင်ပင်ဖြစ်သည်။ လွန်ခဲ့သည့်ဆယ့်ငါးနှစ်ခန့် လျှို့ဝှက်အဖွဲ့အစည်းအားစတင်တည်‌ထောင်ချိန်မှစကာ ကြောက်မက်ဖွယ်မျက်နှာဖုံးကို စတင်ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

အဖွဲ့ထဲရှိအဖွဲ့ဝင်များမှာ သူတို့ခေါင်းဆောင်၏မျက်နှာအမှန်ကိုမသိကြပေ။ ထို့အပြင် နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ သိုင်းလောကတွင် သူ့အားယှဉ်ပြိုင်နိုင်သူလက်ချိုးရေ၍ရကြောင်းကိုသာသိထားသည်။

နှင်းငွေ့မိစ္ဆာသခင်မှာ ဝမ်းတုနှင့်ဝမ်းတတို့ဝင်လာသည်ကိုမြင်သည်နှင့် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည် ။

ဝမ်းတုတို့မှာ နှင်းငွေ့မိစ္ဆာသခင်၏ရှေ့တွင်ဒူးထောက်ကာာဂါရဝပြုလိုက်ကြသည်။ ဤသည်မှာ သူတို့၏ဆရာကို မည်မျှရိုသေလေးစားသည်ကိုမြင်တွေ့နိုင်သည်။

သိုင်းပညာကြောက်မက်ဖွယ်‌ကောင်းကာ သိုင်းလောကတွင် မည်သူ့ကိုမှဂရုမစိုက်ဘဲထင်ရာစိုင်းသည်ဟုနာမည်ကြီးသောထိုနှစ်ယောက်၏ ယခုလိုအပြုအမူကိုမြင်လိုက်ရပါက သိုင်းလောကသားများမှာ အံ့ဩမှုကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားပေလိမ့်မည် ။

“ ဝမ်းတု ဝမ်းတ ထကြ “

ဆွဲဆောင်မှုရှိကာ ဩဇာပါသည့်အသံထွက်ပေါ်လာသည် ။ ထိုအခါမှာ ဝမ်းတုနှင့်ဝမ်းတုတို့နှစ်ယောက်မှာ ဒူးထောက်နေရာမှ ထရပ်လိုက်ကြသည်။

ပလ္လင်ပေါ်မှ လူမှာ သူ၏မျက်နှာဖုံးကို ဖြုတ်ထားပြီဖြစ်သည်။ နှင်းငွေ့မိစ္ဆာသခင်မှာ အသက်လေးဆယ်ကျော်အရွယ်ရှိကာာခန့်ညားချောမောသည်။

ထိုကြောက်မက်ဖွယ်မျက်နှာဖုံး၏အောက်တွင် ခန့်ညားချောမောသောမျက်နှာတစ်ခုဖုံးကွယ်နေသည်ဟု မည်သူမှ ထင်မိမည်မဟုတ်ပေ။

ဝမ်းတနှင့်ဝမ်းတုတို့မှာမူ ထူး၍အံ့ဩမှုမဖြစ်ပေ။ အဖွဲ့အစည်းတစ်ခုလုံးတွင် သူတို့နှစ်ဦးသာ လူငယ်၏မျက်နှာအမှန်ကို သိရှိထားသည့်လူများဖြစ်သည်။

အမှန်တော့ နှင်းငွေ့မိစ္ဆာသခင်မှာ သူတို့နှင့်တွေ့စဉ်ကလို လူငယ်မဟုတ်တော့ပေ။ သက်လက်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်နေလေပြီ။

သို့သော် လူငယ်၏အေးစက်မှုနှင့်လောကကြီးနှင့်တသီးတခြားဖြစ်နေသည့်ပုံစံမှာမူ လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်ကနှင့်မကွာပေ ။

လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်ခန့်က လူငယ်သာသူတို့အားမကယ်တင်ခဲ့ပါက သူတို့၏ဘဝမှာ မည်သို့ဖြစ်နေမည်နည်း။

ထိုညက လူယုတ်မာ၏လက်‌ချက်ကြောင့် သူတို့သေဆုံးသွားနိုင်သည် ။ သို့မဟုတ်လျှင် သူတို့လမ်းပေါ်မှ သူခိုးများဖြစ်နေချင်ဖြစ်နေနိုင်သည်။

ယခုမူ သူတို့မှာ ကြောက်မက်ဖွယ်ကောင်းသောသိုင်းပညာရှင်များဖြစ်နေကြကာ သူတို့ဆန္ဒရှိသလိုပြုမူနိုင်လေပြီ။

စည်းမျဉ်းများ ကျင့်ဝတ်များမှာ သူတို့ကို ချုပ်နှောင်မထားနိုင်တော့ပေ။ ထိုဘဝမျိုးမှာ သူတို့လိုချင်သည့်ပုံစဲနှင့်ကွက်တိဖြစ်သည်။

လောကကြီးတွင်သူတို့၏ဆရာမှလွဲကာ မည်သူ့ကိုမှဂရုစိုက်စရာမလိုပေ။ သူတို့ကို ယခုလိုဘဝမျိုးရရှိအောင်ဆောင်ရွက်ပေးထားသည့် သူတို့ဆရာကိုလည်း ရင်ထဲမှနေ၍ အကြွင်းမဲ့သစ္စာရှိကြသည်။

ထို့အတွက်ကြောင့်လည်း နှင်းငွေ့မိစ္ဆာသခင်၏ဘယ်ညာလက်ရုံးများဖြစ်နေကြကာ ကိစ္စကြီးများအား ကူညီဆောင်ရွက်ပေးရခြင်းဖြစ်သည်။

“ ဝမ်းတု ဝမ်းတ မင်းတို့ကိုငါ ခိုင်းစရာတစ်ခုရှိတယ် “

သူတို့၏အတိတ်ကိုပြန်၍တွေးတောနေစဉ် နှင်းငွေ့မိစ္စာသခင်၏အသံထွက်ပေါ်လာသည်။

ဝမ်းတနှင့်ဝမ်းတုတို့လည်း ခန္တာကိုယ်တစ်ချက်တုန်သွားကြကာ လူငယ်ကိုကြည့်လိုက်ကြသည်။

စကားလုံးများစွာပြောဆိုခြင်းမရှိသော်လည်း သူတို့၏မဆုတ်မနစ်သောအကြည့်များမှာ စကားများစွာပြောနေသည် ။ သူတို့၏ဆရာခိုင်းသမျှအား တစ်ချက်မှနောက်မတွန့်ဘဲဆောင်ရွက်မည်ဖြစ်သည်။

ကုန်ကုန်ပြောရလျှင် သူတို့ဆရာမှသူတို့အသက်အားလိုချင်သည်ဆိုပါက ချက်ခြင်းသက်သေမည်ဖြစ်သည်။

All Chapters