← Chapters

ဓားဘုရင်၏လမ်းပြမှု

Vol. 2 Ch. 146

ဓားဘုရင်၏လမ်းပြမှု

Vol. 2 Ch. 146

ထင်းရှီ၏ အထိတ်တလန့်မေးခွန်းကိုအဖိုးအိုမှ ပြန်မဖြေဘဲ သိမ်မွေ့စွာပြုံးလိုက်သည်။

ဆိတ်ဆိတ်နေခြင်းသည်ဝန်ခံခြင်း ဆိုသည့်သဘောကြောင့် ထင်းရှီလည်းထိုအဖိုးအိုမှာ တစ်ချိန်ကနာမည်ကျော်ကြားခဲ့သည့် အလယ်ပိုင်းဓားဘုရင်ကျန်းချန်းဟောင်ဖြစ်ကြောင်းကို သိလိုက်သည်။

ထင်းရှီမှာ ယခုအချိန်ထိ အံ့ဩစိတ်မပြေပျောက်သေးပေ ။ ယခုအချိန်တွင်သူ၏ရှေ့မှောက်တွင်ပှိနေသည့်ပုဂ္ဂိုလ်မှာ ဒဏ္ဍာရီတစ်ခုကဲ့သို့ဖြစ်သည့် အလယ်ပိုင်းဓားဘုရင်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ငါးဆယ်ကျော်က အလယ်ပိုင်းဓားဘုရင်ကျန်းချန်းဟောင်၊ နေလသိုင်းသမား ၊ ပြိုင်ဘက်ကင်းဓားသမားနှင့် သွေးစွန်းသိုင်းရာဇာတို့မှာ သိုင်းလောကတွက်မသိသူမရှိသည့် အဓိပတိများဖြစ်ကြသည် ။

ထိုစဉ်က ထိုလူလေးယောက်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းထက်ပင်သာလွန်သေးသည်ဟု သိုင်းလောကသားများမှပြောဆိုခဲ့ကြသည် ။

ထိုအထဲတွင် သွေးစွန်းသိုင်းရာဇာမှာ သေဆုံးသွားပြီးဖြစ်၍ နေလသိုင်းရာဇာမှာ သိုင်းလောကအတွင်းမှထွက်ခွာသွားလေပြီ။

ပြိုင်ဘက်ကင်းဓားသမားဟု သိုင်းလောကသားများမှခေါ်ဆိုကြသည့် ထင်းရှီ၏ဆရာဖိုးဖိုးသည်လည်း ဓားစံအိမ်တွင်ရှိနေကာ သူနှင့်ပင်များစွာမတွေ့ဖူးပေ ။

အလယ်ပိုင်းဓားဘုရင်ကိုမူကား သိုင်းလောကသားများမှ သေဆုံးသွားပြီဟုတွေးထားကြသော်လည်း ကျန်းချန်းဟောင်မှာ အသက်ရှင်လျက်ရှိနေသေးသည်။

ထို့အပြင် ကျန်းချန်းဟောင်မှာ သူ၏ဆရာဖိုးဖိုး၊ သူ့ဆရာတို့နှင့် နက်ရှိုင်းသည့်ပတ်သတ်မှုတစ်ခုရှိနေသေးသည်။

ထင်းရှီလည်းအတွေးထဲတွင်နစ်မြောနေရာမှသတိဝင်လာကာ အဖိုးအိုအား ကမန်းကတန်းဂါရဝပြုလိုက်သည် ။

“ ထင်းရှီက ဆရာကြီးကိုဂါရဝပြုပါတယ် “

အဖိုးအိုမှ ထင်းရှီ၏အမူအယာကြောင့်လက်ကိုဝေ့ယမ်းပြကာ ညင်သာစွာပြောလိုက်သည်။

“ ငါ့ကိုအဖိုးကျန်းလို့ပဲ ခေါ်ပါ ဟိုအဖိုးကြီးနဲ့ ထင်းချီယင်ဆိုတဲ့ကောင်လေးရော အသက်ရှင်နေသေးရဲ့လား “

ကျန်းချန်းဟောင်၏မေးခွန်းကြောင့် ထင်းရှီမှအနည်းငယ်စဉ်းစားလိုက်သည်။ ထို့နောက် ကျန်းချန်းဟောင်အားပြောပြရန်ဆုံးဖြတ်လိုက်သည် ။

“ ဆရာကတော့ ကျန်းကျန်းမာမာပဲရှိပါသေးတယ် ။ဆရာဖိုးဖိုးကတော့ လူမြင်ကွင်းကိုသိပ်ပြီးမထွက်တော့ဘူး “

ထင်းရှီ၏စကားကြောင့်ကျန်းချန်းဟောင်မှ မသိမသာမျက်မှောင်ကြုတ်သွားသည်။ အတန်ကြာမှတစ်စုံတစ်ခုအား သတိရသွားသလိုပြောလိုက်သည် ။

“ အဲဒီအဖိုးကြီးက အတွင်းအားကျင့်စဉ်တစ်ခုခုကိုကြိတ်ပြီးလေ့ကျင့်နေတာဖြစ်ရမယ်။ ဟူးးး ဒီအသက်အရွယ်ရောက်နေတာကို မာန်မလျော့သေးပါလား “

ကျန်းချန်းဟောင်မှ အနည်းငယ်စိတ်ပျက်ပုံရသည့်လေသံဖြင့်ပြောလိုက်သည်။ ထင်းရှီမှာမူ သူကောင်းစွာမသိသည့်ကိစ္စဖြစ်သည့်အတွက် တစ်စုံတစ်ရာပြောဆိုခြင်းမပြုဘဲ ဆိတ်ဆိတ်သာနေလိုက်သည်။

“ မင်းက အသက်သုံးဆယ်မပြည့်ခင်မှာတောင်ဓားဆန္ဒကိုနားလည်ထားတော့ အတော်လေးထူးချွန်တယ်လို့ပြောလို့ရတယ် မင်းရဲ့ဆရာတောင် အသက်သုံးဆယ်ကျော်ပြီးမှ ဓားဆန္ဒကိုသဘောပေါက်တာ ။

ငါ့ဆီကိုသူရောက်လာတော့ ဓားဆန္ဒကိုသဘောမပေါက်သေးဘူး။ ဒါပေမယ့်သူကအခြေခံအလွန်ကောင်းပြီး သိုင်းကွက်တွေကို နားလည်သဘောပေါက်မှုက နက်ရှိုင်းလွန်တယ်။

ဒါကြောင့် သူ့ကိုငါလမ်းညွန်ပြီးတဲ့နောက်မှာ သူကဓားဆန္ဒကို လွယ်လွယ်နဲ့သဘောပေါက်သွားတာပဲ “

အဖိုးအိုကျန်းချန်းဟောင်မှ ပြုံးလျက်ပြောလိုက်သည် ။သူ၏‌စကားကို ထင်းရှီမှာ အာရုံစိုက်၍နားထောင်နေသည်။

ကျန်းချန်းဟောင်မှ ထင်းရှီအား စူးစိုက်ကြည့်ကာ ခေါင်းကိုခါယမ်း၍ ပြောလိုက်သည် ။

“ ဒါပေမယ့် မင်းက မင်းရဲ့ဆရာနဲ့ပြောင်းပြန်ပဲ။ ဓားဆန္ဒကိုနားလည်ထားလို့ ဓားနဲ့လူနဲ့တသားတည်းအဆင့်လို့ပြောနိုင်ပေမယ့် မင်းကမင်းရဲ့သိုင်းကွက်တွေကို နားလည်သဘောပေါက်မှုကသာမန်ပဲ “

ထင်းရှီမှာ ကျန်းချန်းဟောင်၏စကားကြောင့် အံ့အားသင့်သွားသည်။ သူ့အားယခုလိုသာမန်ဟုပြောသည့်လူမှာ ကျန်းချန်းဟောင်မှ ပထမဦးဆုံးဖြစ်သည် ။

သူငယ်စဉ်ကပက် အထီးကျန်ဓားသိုင်းဓားစတင်လေ့ကျင့်၍ နှစ်အတော်ကြာသည်နှင့်အောင်မြင်ခဲ့သည် ။

ထို့နောက် ဓားစံအိမ်မှအခြားအကြီးအကဲများ၏ဓားသိုင်းများကိုပါသူလေ့လာခဲ့သည်။ ထို့ကြောင့်လည်း သူ၏တိုက်ပွဲစွမ်းအားမှာမြင့်မားနေကာ ဓားဆန္ဒအား အသက်သုံးဆယ်မပြည့်မီသဘောပေါက်သွားခြင်းဖြစ်သည်။

သို့သော် သူ၏သိုင်းကွက်များအပေါ်နားလည်သဘောပေါက်နိုင်စွမ်းမှာ သာမန်ဟုကျန်းချန်းဟောင်မှဆိုလာသည် ။ထိုအချက်ကို သူ့အနေဖြင့်များစွာနားမလည်ပေ။

ထင်းရှီ၏ရှုပ်ထွေးနေသည့်အမူအယာကိုကြည့်ကာ ကျန်းချန်းဟောင်မှ‌ပြုံးလိုက်ပြန်သည်။ ထို့နောက် ရေကန်ဘေးမှထလာကာထင်းရှီ၏ဘေးဘက်သို့လျှောက်လာလိုက်သည်။

“ ဓားဆန္ဒကိုနားလည်တာနဲ့ သိုင်းကွက်တွေကိုနားလည်သဘောပေါက်တာနဲ့က မတူညီဘူး ။

ဓားဆန္ဒကိုနားလည်တယ်ဆိုတာက ဓားသမားတစ်ထောင်မှာတစ်ယောက်ပဲနားလည်နိုင်တယ် ။

သိုင်းကွက်တွေကိုနားလည်သဘောပေါက်တာကတော့ ဓားသမားတွေရော လက်နက်မဲ့သိုင်းသမားတွေရောဖြစ်နိုင်တယ် ။

ငါတို့ဓားသမားတွေမှာ ဓားဆန္ဒကိုနားလည်ပြီးရင် ဓားနဲ့လူနဲ့တစ်သားတည်းအဆင့်ကိုရောက်တယ် ။လက်နက်မဲ့သိုင်းသမားတွေမှာကျ သိုင်းဝိဇ္ဇာအဆင့်ပြီးရင် ထိုးထွင်းသိမြင်ခြင်းအဆင့်လို့ခေါ်တယ် ။

အဲဒီအဆင့်ကိုမရောက်ခင်မှာ သိုင်းကွက်တွေကိုနားလည်သဘောပေါက်နိုင်ဖို့က အလွန်အရေးကြီးတယ်။

သာမန်သိုင်းကွက်တစ်ခုကိုအကြိမ်ပေါင်းရာထောင်ချီပြီးလေ့ကျင့်ထားရင် အဲဒီသိုင်းကွက်က ကြောက်မက်ဖွယ်သိုင်းကွက်တစ်ခုဖြစ်သွားနိုင်တယ် ။

သူတို့က သိုင်းပညာရဲ့လမ်းစဉ်တစ်ခုကိုရောက်ရှိသွားပြီး သာမန်ရိုးရိုးစင်းစင်းသိုင်းကွက်တစ်ခုကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင်လေ့ကျင့်ထားရင် ထိပ်တန်းအဆင့်သိုင်းကျမ်းတစ်ခုကိုတောင် ကောင်းကောင်းကြီးယှဉ်တိုက်နိုင်တယ် “

အဖိုးအိုကျန်းချန်း‌ဟောင်မှ သူ၏စကားအားရပ်နားလိုက်သည် ။ ထို့နောက် ရေကန်ဘေးမှ တုတ်ချောင်းတစ်ချောင်းအားကောင်ယူလိုက်သည်။

“ ကောင်လေး မင်းရဲ့အစွမ်းအထက်ဆုံးသိုင်းကွက်တွေနဲ့ငါ့ကိုတိုက်ခိုက်စမ်း ပြီးတော့ ဓားဆန္ဒကိုလည်းအသုံးပြုနော် “

အဖိုးအိုကျန်းချန်းဟောင်မှ ခပ်ပြုံးပြုံးမျက်နှာဖြင့်ထင်းရှီအားပြောလိုက်သည်။

လိုဏ်ဂူထဲသို့ရောက်ရှိသည့်အချိန်ထဲက ငြိမ်သက်နေသည့်ဝူတန်းဂိုဏ်းသားဝတ်စုံနှင့်လူကြီးမှာ

သူတို့အားကြည့်ကာ တစ်စုံတစ်ခုကိုတွေးမိ၍ပြုံးလိုက်သည် ။

သူ၏အပြုံးမှာ အနည်းငယ်ထူးဆန်းနေသည် ။တစ်စုံတစ်ရာအား ဝမ်းမြောက်သွားပုံရသည်။

ထင်းရှီမှာ ကျန်းချန်းဟောင်၏စကားကြောင့်အနည်းငယ်တွန့်ဆုတ်သွားသော်လည်း ကျန်းချန်းဟောင်မှ သူ့ကိုညွှန်ပြပေးလို၍ဖြစ်ကြောင်းသိကာ အရိုအသေပေးလိုက်သည်။

“ ဒါဖြင့် ကျနော်အပြစ်ပြုမိပါပြီ “

ထင်းရှီမှ သူ၏ခါးတွင်ချိတ်ဆွဲထားသည့်ဓားကိုထုတ်ယူလိုက်သည် ။

သူ၏ဓားမှာ မူလကတောက်ပသည့်ဓားကောင်းတစ်လက်ဖြစ်သော်လည်း မြစ်ဝါနဂါးဂိုဏ်းမှ တိုက်ပွဲအပြီးတွင်ပဲ့ရာအချို့နှင့်အရုပ်ဆိုးနေသည်။

ထို့အပြင် ကျန်းချန်းဟောင်အားတိုက်ခိုက်ရန် သူအစွမ်းကုန်အသုံးပြုရမည်ဖြစ်သည့်အတွက် သတ်ဖြတ်လိုသည့်အသိမှာ ဝုန်းခနဲကြွလာသည်။

“ ပြင်းလိုက်တဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒတွေပါလား ကောင်လေး မင်းကတော့ လူအတော်များများသတ်ပြီးပြီထင်တယ် “

ကျန်းချန်းဟောင်မှ ခေါင်းယမ်း၍ဆိုလိုက်သည် ။ထင်းရှီလည်း ကျန်းချန်းဟောင်၏စကားကြောင့်ရှက်ရွံ့စွာပြုံးလိုက်မိသည်။

သို့သော် သူ၏သာမန်ထက်ပို၍နက်မှောင်သည့်မျက်လုံးများမှာ ခံစားချက်ကင်းမဲ့ဟန်ဖြင့်တည်ငြိမ်သွားသည်။

“ တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်း “

ထင်းရှီလည်း ကျန်းချန်းဟောင်နှင့်တိုက်ခိုက်ရာတွင် ထိမ်ချန်မထားရဲပေ။ သူ၏အထီးကျန်ဓားသိုင်းထဲမှ အပြင်းထန်ဆုံးဓားကွက်အားအသုံးပြုလိုက်သည် ။

“ ဝှမ်းး.. “

ထင်းရှီ၏ဓားမှာပျောက်ကွယ်သွားသော်လည်း အဖိုးအိုဆီသို့ ကြီးမားသည့်ဖိအားတစ်ခုရောက်ရှိသွားသည် ။

ထို့အတူ အဖိုးအိုကျန်းချန်းဟောင်၏အဝတ်အစားများမှာ လေမတိုက်ဘဲနှင့်လွင့်နေသည်။

“ ဝှစ် “

အဖိုးအိုကျန်းချန်းဟောင်၏လက်ထဲမှတုတ်ချောင်းမှာ ရိပ်ခနဲမြောက်တက်သွားကာ လေထဲသို့ဝေ့ယမ်းလိုက်သည် ။

“ ဒုတ် “

အဖိုးအိုကျန်းချန်းဟောင်၏တုတ်ချောင်းမှာ ထင်းရှီ၏ဓားကိုဟန့်တားထားကာ ကျန်းချန်းဟောင်၏နောက်ရှိမြေပြင်တွင် နက်ရှိုင်းသည့်ဓားရာကြီးတစ်ခုပေါ်လာသည်။

အဖိုးအိုကျန်းချန်းဟောင်၏တုတ်ချောင်းမှာ သစ်မာသားတစ်မျိုးမျိုးဖြစ်ပုံရကာ ထင်းရှီ၏ဓားကိုပင်ဟန့်တားနိုင်သည်။

အဓိကအရေးကြီးသည့်အချက်မှာ အဖိုးအိုကျန်းချန်း‌ဟောင်၏ တုတ်ချောင်းမှ ထင်းရှီ၏ဓားကွက်ကိုအပြည့်အဝပိတ်ဆို့လိုက်ခြင်းဖြစ်ကာ သူ၏လည်ပင်းနှင့် တစ်ပေခန့်အလိုတွင်ရပ်တန့်သွားခြင်းဖြစ်သည်။

သို့သော် အဖိုးအိုကျန်းချန်းဟောင်မှ အမူအယာပြောင်းလဲခြင်းမရှိဘဲ သူ၏တုတ်အားခါယမ်းလိုက်သည်။

“ ဓားကွက်ကတော့ကောင်းမွန်ပါတယ် အရှိန်အဟုန်နဲ့အားအင်နှစ်မျိုးပေါင်းပြီးအစွမ်းထက်လာတ ။ပြီးတော့ ဓားဆန္ဒနဲ့တွဲသုံးတော့ ပိုပြီးအင်အားကြီးလာတာပေါ့။

နှမြောစရာကောင်းတာက ဓားကွက်ကို အစွမ်းကုန်မသုံးနိုင်သေးဘူး မဟုတ်ရင်ငါ့လက်ထဲကတုတ်ချောင်းတင်မကဘူး ငါ့ရဲ့ခန္တာကိုယ်ပါ ထက်ပိုင်းပြတ်သွားနိုင်တယ် ။

မင်းသာဓားကွက်ရဲ့အစွမ်းကိုအကုန်အသုံးပြုနိုင်မယ်ဆိုရင် ဓားဆန္ဒနဲ့တွဲပြီးသုံးတဲ့အခါ ရှောင်လင်ရဲ့သံမဏိခန္တာကိုယ်ကျင့်စဉ်ကိုအောင်မြင်ထားတဲ့လူကိုတောင် ခပ်တုံးတုံးဓားတစ်လက်နဲ့ထက်ပိုင်းဖြတ်လိုက်လို့ရနိုင်မယ် “

အဖိုးအိုကျန်းချန်းဟောင်မှ အေးဆေးသည့်လေသံဖြင့်ပြောလိုက်သော်လည်း ထင်းရှီ၏စိတ်ထဲတွင်လွန်စွာထိတ်လန့်နေပြီဖြစ်သည်။

All Chapters