← Chapters

ကြီးကျယ်လှစွာသိုင်းပညာ

Vol. 1 Ch. 2

ကြီးကျယ်လှစွာသိုင်းပညာ

Vol. 1 Ch. 2

ပြန်လမ်းမဲ့တောအုပ်အလယ်တွင် နေရောင်ခြည်ဖြာ‌ကျနေသောနေရာတစ်ခုရှိသည် ။ တောအတွင်းဘက်တော်တော်များများတွင် စိမ်းစိုအုံ့မှိုင်းနေသော်လည်း ထိုနေရာကားထူးဆန်းစွာပင် နေချင်စဖွယ်ကောင်းလှသည် ။ ဘေးပတ်လည်တွင် စိုက်ခင်းများနှင့် သီးပင်စားပင်များရှိသည်။ မလှမ်းမကမ်းရှိ ချောင်းရေကလည်း ကြည်လင်စွာစီးဆင်းလျက်ရှိသည် ။

ခြံဝန်းလေးအတွင်းတွင် ဝါးအိမ်လေးများကိုစီတန်းဆောက်လုပ်၍ထားသည်။ ခြံဝန်း၏အလယ်တည့်တည့်တွင် သပ်ရပ်စွာဆောက်လုပ်ထား‌သာ စံအိမ်တစ်လုံးရှိသည်။ ထို့အပြင် ခြံဝန်းထဲတွင်လည်း အရိပ်ရသောသစ်ပင်ကြီးများစွာရှိသေးသည်။

ထိုခြံဝန်း၏နောက်သို့ အနည်းငယ်သွားလျှင်မူကား အိမ်ခြေ လေးငါးခြောက်ဆယ်ခန့်ရှိသောရွာငယ်လေးကိုတွေ့ရမည်ဖြစ်သည် ။ ပြန်လမ်းမဲ့တောအုပ်ကဲ့သို့ ခြောက်ချားဖွယ်နေရာတွင် မည်သူများကနေထိုင်ကြသနည်း ။ သာမန်လူများအတွက်အံ့ဩစေနိုင်သည့်မေးခွန်းဖြစ်သော်လည်း သိုင်းလောကသားများကတော့ သိရှိကြသည် ။ ပြန်လမ်းမဲ့တောအုပ် သို့မဟုတ် ဝင်္ကပါတောအုပ်အတွင်းနေထိုင်ကြသူများမှာ ဓားစံအိမ်မှလူများသာဖြစ်ပေလိမ့်မည်

ခြံဝန်း၏နောက်ဘက်မိုးမခပင်များ၏အောက်တွင် အသက်သုံးဆယ်ကျော်အရွယ်လူတစ်ယောက်မှာ ထိုင်လျက်ရှိသည်။ ထိုနေရာတွင် ကျယ်ဝန်ူပြန့်ပြူသောကျောက်တုံးကြီးတစ်တုံးရှိကာ သုံးပေပတ်လည်ကျယ်ဝန်း၍ နှစ်ပေခန့်မြင့်သည် ။ ကျောက်တုံး၏မျက်နှာပြင်မှာ တိုင်း၍ဖြတ်ထားသကဲ့သို့ ညီညာ၍နေသည် ။ ထို့ကြောင့်ပင်ထိုင်ခုံတစ်ခုသဖွယ်ဖြစ်နေကာ ထိုလူထိုင်၍နေခြင်းဖြစ်သည်။

ကျောက်တုံးပေါ်ရှိလူမှာ စူးရှသောမျက်ဝန်းများနှင့်ခန့်ညားသောလူတစ်ယောက်ဖြစ်သည်။ အဖြူရောင်ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ရင်ခွင်ထဲတွင်ဓားတစ်လတ်ကိုကိုင်၍ထားသည်။ သူ၏ပုံစံမှာ မည်သည့်နေရာသို့သွားသွား ထိုဓားအားချမည့်ပုံမပေါ်ပေ။ ထိုကဲ့သို့လူမျိုးမှာ စိတ်မူမမှန်ခြင်းမဟုတ်လျှင် ဓားပညာအားလွန်စွာရူးသွပ်သူတစ်ယောက်သာဖြစ်ရမည်။

နွေဦးရာသီသို့ရောက်နေသည့်အတွက် မိုးမခသစ်ရွက်လးများမှာ လှပစွာကြွေကျ၍နေသည်။ ရိုးရှင်းသောခြံဝန်းလေး ၊ လှပသောပတ်ဝန်းကျင်နှင့် ဖြည်းညင်းစွာကြွေကျနေသောမိုးမခရွက်လေးများမှာ အသက်ဝင်နေသောသရုပ်ဖော်ပန်းချီကားတစ်ချက်ကဲ့သို့ ကြည့်မိသည့်လူတိုင်းက ပျော်မွေ့ဖွယ်ကောင်းလွန်းသည်ဟု ပြောကြပေမည် ။ သို့သော် ထိုလူမှာ အလှအပများအားမခံစားနိုင်သေးပေ ။ သူ၏အောက်တွင်ထိုင်၍နေကြသော ကလေးသုံးယောက်၏ စုံလင်လှသောမေးခွန်းများကို မမောနိုင်မပန်းနိုင်ဖြေကြားနေရသည်။

သူ၏ရှေ့ အနည်းငယ်နိမ့်သောကျောက်တုံးများထက်တွင် ကလေးသုံးယောက်ထိုင်၍နေကြသည်။ အကြီးဆုံးကောင်လေးမှာ အသက်ဆယ်နှစ်အရွယ်သာရှိသေးပြီး ဒုတိယကောင်လေးမှာ အသက်ရှစ်စ်နှစ်နှင့် အငယ်ဆုံးကောင်မလေးမှာ အသက်ခုနစ်နှစ်အရွယ်သာရှိသေးသည် ။

သူတို့သုံးယောက်မှာ ဖျင်ကြမ်းအင်္ကျီနှင့်လူအား ရေပတ်မဝင်အောင်မေးခွန်းများမေးနေကြသည်။ သူတို့၏မေးခွန်းအများစုမှာ သိုင်းလောကအကြောင်းနှင့် ထင်ရှားကျော်ကြားသည့်သိုင်းသမားများအကြောင်းဖြစ်သည်။

အမှန်မှာ အကြီးဆုံးကောင်လေးနှင့် အငယ်ဆုံးကလေးမလေးကသာ မေးခွန်းများကို‌ဒိုင်ခံမေးနေခြင်းဖြစ်သည် ။ ဒုတိယကောင်လေးမှာမူ သူတို့အမေးအဖြေလုပ်နေသည်ကိုသာ စိတ်ဝင်တစားကြည့်နေသည်။ ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှလည်း ထိုအချက်ကိုသတိပြုမိလေသည်။

" ကောင်လေးရှီ မင်းကဘာမှမမေးဘူးလား မင်းတို့ဒီကိုရောက်တာ တစ်လကျော်သွားပြီနော် အခုထိအသားမကျသေးဘူးလား "

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ ပြုံးလျက်မေးလိုက်သည်။ သူမေးခွန်းကြောင့် ရှီ ဆိုသောကောင်လေးမှာတခဏမျှတိတ်ဆိတ်၍သွားသည် ။ ထို့နောက် သူ၏မျက်လုံးများတလက်လက်တောက်ပလာကာ

" ဆရာ ဓားပညာရဲ့အထွတ်အထိပ်ဆိုတာဘယ်လိုမျိုးလဲ "

အသက်အရွယ်နှင့်မမျှ လေးနက်စွာမေးလိုက်သည်။ သူ၏စကားကြောင့်အခြားကလေးနှစ်ယောက်မှာတိတ်ဆိတ်၍သွားသည် ။ ‌အငယ်ဆုံးကောင်မလေးမှာမူ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည် ။ သူမ၏ပုံစံအရ ထိုကောင်လေးအား မနှစ်မြို့သည်မှာ ထင်ရှား၍နေသည် ။

ဖျင်ကြမ်းအင်္ကျီနှင့်လူမှာလည်း ကောင်လေး၏စကားကြောင့်ငြိမ်သက်၍သွားသည်။ ထို့နောက်

" မင်းကဓားပညာကိုစိတ်ဝင်စားလို့လား "

စူးရှသောမျက်လုံးများဖြင့်ကောင်လေးအားကြည့်ကာမေးလိုက်သည်။ ကောင်လေးမှာလည်း လူကြီး၏စူးရှသည့်အကြည့်များကြောင့် မျက်နှာမလွှဲပေ ။ မျက်လုံးချင်းဆုံ၍ကြည့်ကာ လေးနက်စွာပြန်၍ဖြေသည် ။

" ဟုတ်‌တယ်ဆရာ ကျွန်တော် ဓားပညာကိုစိတ်ဝင်စားတယ် ။ ဓားသမားတစ်ယောက်ဖြစ်ချင်တယ် ။ တစ်နေ့နေ့မှာ ‌ဘာအနှောင်အဖွဲ့မှမရှိဘဲ ဓားတစ်စင်းကိုကိုင်ပြီး လောကကြီးအနှံ့လေလွင့်သွားချင်တယ် "

ကောင်လေး၏စကားကြောင့်ပတ်ဝန်းကျင်မှာ တိတ်ဆိတ်၍သွားသည် ။ မိုးမခသစ်ရွက်လေးများ၏ကြွေကျသံကိုပင်ကြားနေရသည့်ထင်။

" ဟင်းး "

အတန်ကြာသောအခါလူကြီးမှာသက်ပြင်းချလိုက်သည် ။ တိတ်ဆိတ်နေသောပတ်ဝန်းကျင်အခြေအနေကြောင့် လူကြီး၏သက်ပြင်းချသံမှယ ပုံမှန်ထက်ပို၍ကျယ်လောက်နေသည်ဟုထင်ရသည်။ ထို့နောက် လူကြီးမှာတည်ကြည်စွာဖြင့် ဖြေးဖြေးမှန်မှန်ပြောလိုက်သည်။

" ဓားသမားတစ်ယောက်ကိုအကဲဖြတ်ဖို့ဆိုရင် ပုံမှန်သိုင်းပညာအဆင့်တွေနဲ့ပါရောပြီးအကဲဖြတ်ရတယ် ။ သိုင်းပညာကိုစပြီးသင်ခါသလူတစ်ယောက်ကို သိုင်းသမားလို့ခေါ်လို့ရပေမယ့် တန်းမဝင်သေးဘူး ။ သိုင်းကွက်အနည်းငယ်ကိုတတ်ကျွမ်းပြီးကောင်းကောင်းအသုံးချနိုင်မှသိုင်းသမားတစ်ယောက်ဖြစ်လာတာ ။ သိုင်းသမားတွေကို ခွဲထားတဲ့အဆင့်တွေက အဆင့်နိမ့်အဆင့်၊အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်အဆင့်ဆိုတာတွေပဲ ။ အဲဒီအဆင့်သုံးခုက သာမန်အဆင့်တွေပေါ့။

အဆင့်မြင့်သိုင်းအဆင့်ပြီးရင် ထိပ်တန်းသိုင်းအဆင့်ကိုရောက်တယ် ။ ထိပ်တန်းအဆင့်သိုင်းသမားတွေက ဂိုဏ်းတွေ ၊ မိသားစုတွေ၊ စံအိမ်တွေစတဲ့ အဖွဲ့အသည်းတွေရဲ့အဓိကအုတ်မြစ်ပေါ့။ ထိပ်သီးအဆင့်ပြီးရင် အဆင့်လွန်အဆင့်ဆိုတာရှိတယ် ။ အဲဒီအဆင့်ကိုရောက်ပြီးသွားရင် သိုင်းလောကမှာလက်မ‌ထောင်လို့ရပြီပဲ။ သူ့နောက်မှာက သိုင်းဝိဇ္ဇာအဆင့်ပဲ ။ သိုင်းဝိဇ္ဇာအဆင့်တွေကအင်မတန်အင်အားကြီးတယ် ။ ပြီးတော့ သူတို့ကဂိုဏ်းကြီးတွေရဲ့ခေါင်းဆောင်တွေများ‌တယ် ။ တစ်ကိုယ်တော်သိုင်းသမားတွေရှိပေမယ့် သိုင်းဝိဇ္ဇာအဆင့်ကိုရောက်တဲ့လူကအလွန်နည်းတယ် ။

သိုင်းဝိဇ္ဇာအဆင့်နောက်ကနေစပြီး ဓားသမားနဲ့သိုင်းပညာရှင်တွေကွဲထွက်သွားတာ ။ သိုင်းပညာရှင်တွေကျ သိုင်းဝိဇ္ဇာအဆင့်ပြီးရင် အဆင့်ဆက်တက်ဖို့ကအလွန်ခဲယဥ်းတယ် "

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ သူ၏စကားကိုရပ်ထားလိုက်သည်။ ယခုအချိန်တွင် ဒုတိယကလေးငယ်သာမက ကျန်ကလေးနှစ်ယောက်ပါ လွန်စွာစိတ်ဝင်စားနေပြီဖြစ်သည် ။ ကလးငယ်သုံးယောက်မှာ သိချင်လွန်း၍မရိုးမယွဖြစ်‌နေကြသည် ။ သူတို့၏မျက်လုံးလေးများမှာလည်း စိတ်ဝင်စားမှုကြောင့်အရောင်တလတ်လတ်တောက်ပနေသည်။

တခဏကြာသောအခါ မိန်းကလေးမှာ သူမ၏သိချင်စိတ်အားမထိန်းထားနိုင်တော့ပဲအော်ဟစ်လိုက်သည် ။

" ဖေဖေ ဆက်ပြီးပြောဦးလေ အရမ်းသိချင်နေပါပြီဆို "

သူမ၏စကားကြောင့် ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ တဟားဟားအော်ရယ်ကာ သူ၏စကားအားဆက်လိုက်သည် ။ မိန်းမငယ်လေး၏လေသံအရ သူမမှာ အနည်းငယ်ဗိုလ်ကျတတ်ပုံရသည် ။ ထို့အပြင် သူမ၏စကားအရ ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ သူမ၏ဖခင်ဖြစ်ပုံရသည်။

" သိုင်းဝိဇ္ဇာအဆင့်ပြီးသွားရင် ထိုးသွင်းသိမြင်ခြင်းအဆင့်လို့ခေါ်ကြတယ် ။ အဲဒီအဆင့်ကို နှစ်တစ်ရာမှာ တစ်ယောက်တောင်ရောက်ဖို့မလွယ်ဘူး ။ ထိုးထွင်းသိမြင်ခြင်းအဆင့်ကိုရောက်သွားပြီဆိုတာနဲ့ သိုင်းပညာရပ်မှန်သမျှကို အလုံးစုံနားလည်သွားပြီလို့ဆိုနိုင်တယ် ။ ပြီးတော့ ကိုယ်မတတ်ကျွမ်းတဲ့သိုင်းကွက်တွေကိုလည်း မြင်ရရုံနဲ့ဟာကွက်တွေကိုထွင်းဖောက်မြင်နိုင်တယ် ။ ပြီးတော့ မူလထက်ပိုပြီးကောင်းအောင်ဖန်တီးနိုင်စွမ်းရှိကြတယ်။

လက်ရှိသိုင်းလောကက ထိပ်သီးစာရင်းဝင်သိုင်းတော်တော်များများက ထိုးထွင်းသိမြင်ခြင်းမဆင့်ရှိတဲ့ဆရာကြီးတွေဖန်တီးသွားခဲ့တာပဲ ။ တစ်ချို့ဉာဏ်အလင်းပွင့်ပြီးဖန်တီးလိုက်တဲ့သိုင်းတွေကလွဲရင်ပေါ့ ။ တစ်ချို့လူတွေက တိရစ္ဆာန်နှစ် ကောင်တိုက်ခိုက်နေတာကိုမြင်ပြီး သိုင်းကွက်ထွင်နိုင်တာတွေ ။ တိရစ္ဆာန်တွေရဲ့လှုပ်ရှားမှုကိုအတုယူပြီးသိုင်းကွက်ထွင်တာတွေ ။ အဲဒါတ္ကေတော့ချွင်းချက်ပေါ့။

ဓားသမားတစ်ယောက်က သိုင်းဝိဇ္ဇာအဆင့်ကိုကျော်လွန်သွပြီဆိုရင်တော့ သူကဓားနဲ့လူတစ်သားတည်းဖြစ်တဲ့အဆင့်ကိုရောက်သွားတာ သူတို့ရဲ့စိတ်ထဲက တွေးလိုက်တာနဲ့ ပြင်ပမှာလည်းထပ်တူကျနေတာ ။ ဓားနဲ့လူတစ်သားတည်းအဆင့်ကိုရောက်သွားရင် အဆင့်တူတိုက်ခိုက်တာမဟုတ်ရင် သူတို့ရဲ့ဓားထုတ်တာ တိုက်ခိုက်တာတွေကိုအရိပ်တောင်မမြင်ရဘူးလို့ဆိုကြတယ် ။ ဓားနဲ့လူတစ်သားတည်းအဆင့်ပြသွားရင် ဓားမရှိတဲ့အဆင့်ကိုရောက်သွားတာ ။ ဓားမရှိတဲ့အဆင့်ကိုရောက်သွားတဲ့လူတွေက

သူတို့အတွက် လက်နက်ဆိုတာမလိုအပ်တော့ဘူး ။ ဆံပင်ချည်မျှင်လေးတစ်မျှင်ကလည်း လက်နက်ဖြစ်နိုင်တယ် ။ မြေကြီးပေါ်ကမြတ်ပင်လေးတစ်ပင်ကလည်း လက်နက်ဖြစ်နိုင်တာပဲ ။

သူတို့အားလုံးရဲ့အထက် သိုင်းအဆင့်တွေအားလုံးရဲ့ထိပ်ဆုံးမှာ သဘာဝနဲ့တသားတည်းအဆင့်ဆိုတာရှိတယ် ။ အဲဒီအဆင့်က ဒဏ္ဍာရီတွေထဲမှာပဲရှိတယ် ။ သာဘာဝနဲ့တသားတည်းအဆင့်ကလူတွေလုပ်နိုင်တာက စိတ်ကူးနဲ့တောင်မှန်းကြည့်လို့မရဘူး ။ ဘေးထွက်ဆိုးကျိုးမရှိဘဲ အသက်ကိုနစ်ပေါင်းများစွာဆွဲဆန့်နိုင်တာတွေ ။ သစ်ပင် အရာဝတ္ထုစတာတွေရဲ့သေခြင်းရှင်ခြင်းကိုထိမ်းချုပ်နိုင်တာတွေ ။ ထာဝရနုပျိုအောင်လုပ်နိုင်တာတွေ စသဖြင့်ပေါ့ ။ သူတို့အဆင့်ရဲ့အထက်မှာ တာအိုသဘောတရားကိုထိတွေ့မိပြီး မသေမျိုးတွေလို့ခေါ်ဆိုလို့တောင်ရနိုင်တယ် "

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ သူ၏စကားအားအဆုံးသတ်လိုက်သည်နှင့်ကလေးငယ်သုံးယောက်မှာငေးငိုင်သွားကြသည်။ သူတို့၏နုနယ်လှသောဦးနှောက်ကလေးများဖြင့် ကြီးကျယ်လှခမ်းနားလှသောအကြောင်းအရာများအားတွေးနေကြသည်။ သဘာဝနှင့်တသားတည်းအဆင့် တွေးကြည့်ရုံနှင့်ပင်လွန်စွာစိတ်လှုပ်ရှားဖွယ်ကောင်း၍နေသည် ။

-----------------------------------------------------------------

***ယခုအပိုင်းပါသိုင်းပညာအဆင့်များသည် စိတ်ကူးဖြင့်ရေးဖွဲ့ထားခြင်းသာဖြစ်ပါသည်။ မည်သည့် အကြောင်းအရာတစ်စုံတစ်ရာကိုမှစော်ကားလိုခြင်းမရှိပါ ။ ******

All Chapters