← Chapters

ရွက်ကြွေတောင်မှဓားပြိုင်ပွဲ

Vol. 1 Ch. 4

ရွက်ကြွေတောင်မှဓားပြိုင်ပွဲ

Vol. 1 Ch. 4

နန်းမြို့တော် မြို့တံခါးနားရှိ အရသာစုံစားသောက်ဆိုင်တွင် လူများမှာ ဇွန်းသံ၊ ပန်းကန်းသံများဆူညံနေလျက်စားသောက်နေကြသည်။ နန်းမြို့တော်ဖြစ်သည့်အလျှောက် အစားအသောက်များ၏ဈေးများသည်လည်း ခေါင်ခိုက်‌၍နေသည် ။ သို့သော် ဤဆိုင်မှာ ဈေးနှုန်းသင့်တင့်သဖြင့် နေ့တိုင်းပင် လူစည်ကားလှသည် ။ ဆိုင်အတွင်းတွင်လည်း တိုင်းပြည်အခြေအနေကိုအာပေါင်အာရင်းသန်သန်ဆွေးနွေးနေကြသူများ ၊ သိုင်းလောကသားများ ၊ ကုန်သည်များ စသည်ဖြင့်အလွှာစုံမှလူများရှိကြသည်။

အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသောအဖိုးအိုတစ်ယောက်မှာ ဆိုင်အတွင်းသို့လှမ်းဝင်လာသည်။ ထိုအဖိုးအိုအားမြင်သည်နှင့် ဆိုင်အတွင်းရှိလူအတော်များများမှာ မျက်နှာဝင်းလက်၍သွားကြသည် ။ ထိုလူများကား အရသာစုံစားသောက်ဆိုင်၏ပုံမှန်ဖောက်သည်များဖြစ်ကြသည်။ ထို့ကြောင့်ဤဆိုင်သို့နေ့တိုင်းလာသော အစိမ်းရောင်ဝတ်စုံနှင့်အဖိုးအိုအားသိကြသည်။ ပုံမှန်ဖောက်သည်မဟုတ်‌သော်လည်း နန်းမြို့တော်တွင်နေသူအတော်များများသည်လည်း ဤအဖိုးအိုအားသိကြသည်။

အဖိုးအို၏နာမည်အရင်းအားမည်သူမှမသိကြသော်လည်း နန်းမြို့တော်တစ်ခုလုံးကအဖိုးယွမ်ဟုခေါ်ကြသည်။ အဖိုးယွမ်မှာ ပုံပြင်ပြောခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသည်။ သို့သော် သူ၏ပုံပြင်များကား ဟိုးယခင်သိုင်းလောကမှစ၍လက်ရှိသိုင်းလောကမှအကြောင်းအရာများအထိပါဝင်ကာ အကြောင်းအရာများ၏စုံလင်လှသည်။ ထို့အပြင် ဗဟုသုတလွန်စွာပေါများကာ သူ၏စကားများကိုလူအများမှ စိတ်ဝင်တစားနားထောင်ရသည်အထိ စကားပြောကောင်းလေသည်။

ယခုလည်း အဖိုးယွမ်စားသောက်ဆိုင်ထဲဝင်လာသဖြင့် လူအများမှာယနေ့အတွင်အပျင်းပြေနားထောင်းရာရပြီဟုသဘောထားကာ ပျော်ရွှင်နေကြသည်။ ဆိုင်လုလင်လေးတစ်ယောက်မှာလည်း စားပွဲအလွတ်တစ်ခုတွင် အဖိုးယွမ်အတွက်ရေနွေးကြမ်းတစ်အိုးပြင်ဆင်ပေးလိုက်သည်။ နေ့တိုင်းလာနေသူဖြစ်သဖြင့် အဖိုးယွမ်၏အကြိုက်အား စားသောက်ဆိုင်မှလူများကနောကြေ၍နေသည် ။ ပထမဦးစွာရေနွေးကြမ်းသောက်ရင်း ပုံပြင်ပြောမည် ။ ထို့နောက် သက်သက်လွတ်ဆန်ပြုတ်တစ်ပွဲစားပြီးမှ ပြန်သွားလိမ့်မည်ဖြစ်သည်။

" အဖိုးယွမ်ဒီနေ့ဘာအကြောင်းပြောမှလဲ "

အကြောင်းသိနေသောလူတစ်ဦးမှ စကားစလိုက်သည်။ ထိုအခါ အဖိုးယွမ်မှ ချောင်းတစ်ချက်ဟန့်ကာထလိုက်ရပ်သည်။ စားသောက်နေကြသူများ ၊ စကားပြောနေကြသူများသည်လည်း သိသိသာသာတိုး၍သွားသည်။

" အဟမ်း "

အဖိုးယွမ်မှ လည်ချောင်းရှင်းသည့်အနေဖြင့်ချောင်းတစ်ချက်ဟန့်လိုက်သည် ။ ဆိုင်ထဲတွင်ရ‌ှိသောလူအတော်များများ၏အာရုံမှာ သူ့အပေါ်သို့ကျရောက်သွားခဲ့သည်။

" ဒီနေ့ကျုပ်ပြောမယ့်အကြောင်းကတော့ လွန်ခဲ့တဲ့သုံးလလောက်တုန်းက သိုင်းလောကမှာပေါ်ထွက်လာခဲ့တဲ့ဓားသမားတစ်ယောက်အကြောင်းပဲဖြစ်ပါတယ် ။ "

သူ၏စကားကိုအစချီလိုက်သည်နှင့် ဝေဖန်သည့်စကားသံအချို့တီးတိုးထွက်ပေါ်လာကြသည်။ ဆိုင်အတွင်းရှိလူများမှာ တစ်ဦးကိုတစ်ဦးလက်တို့ကာ ပြောဆိုကုန်ကြသည်။ အချို့မှလည်း ပြောင်လိုသည့်အကြည့်များဖြင့်ကြည့်လိုက်ကြသည်။

" သူပြောမှလား ။ သိုင်းလောကအတွင်းမှာဓားသမားတွေနေ့စဉ်နဲ့အမျှဆိုသလိုပေါ်ထွက်နေတာပဲ ဘာထူးဆန်းလဲ "

သိုင်းသမားတစ်‌ယောက်မှ မထူးဆန်းသည့်လေသံဖြင့်ပြောလိုက်သည်။ သူပြောသည့်စကားမှာလည်းအမှန်ပင်ဖြစ်သည်။ လွန်စွာကျယ်ပြန့်လှသောသိုင်းလောကကြီးထဲတွင် ဓားသမားများမှာ မိုးဦးကျလှူင်ပေါက်သည့်မှိုများကဲ့သို့ လွန်စွာပေါများသည်။ ထို့အတူပင် နေ့စဉ်နှင့်အမျှသေဆုံးသွားကြသောဓားသမားများသည်လည်း များပြားလှသည်။ သိုင်းလောကဟူသည် အမြဲလိုလိုပင် တိုက်ခိုက်ခြင်း၊ လက်စားခြေခြင်းနှင့် ရန်ညိုးများ ၊ အကောက်ကြံမှုများပြည့်နှက်နေသည်မဟုတ်လား ။ ဓားသမားများ လွန်စွာပေါများသော်လည်း ရှားပါးသည်ကားလွန်စွာထူးချွန်သောဓားသမားများပင် ။

သို့သော်အဖိုးယွမ်ကမူ သူတို့၏အမူအယာမျကိုအာရုံစိုက်ခြင်းမရှိပေ ။ သူ့အတွက် ယခုကဲ့သို့အခြေအနေမျိုးမှာ ခဏခဏကြုံတွေ့နေကြဖြစ်သည် ။ တစ်စုံတစ်ရာထပ်မံ၍ပြောဆိုခြင်းမရှိသေးပဲ သူ၏ဉာဏ်ပညာပြည့်ဝနေပုံရ‌သောမျက်လုံးများဖြင့် လူများကိုဝေ့ကြည့်လိုက်သည်။

ထို့နောက် တစ်ခဏမျှကြာသောအခါသောအခါ ဖြေးညင်းစွာပြောလိုက်သည်။

" လွန်ခဲ့တဲ့ငါးလလောက်တုန်းက သိုင်းလောကမှာဓားသမားတစ်ယောက်ပေါ်ထွက်လာခဲ့တယ်။ သူ့ရဲ့နာမည်ကိုဘယ်သူ့မှမသိကြသလို သူ့ရဲ့နောက်ကြောင်းကိုလည်းဘယ်သူမှမစုံစမ်းနိုင်ခဲ့ဘူး ။ အဲဒီလူက အစိမ်းရောင်ဓားအိမ်နဲ့အဖြူရောင်ဓားတစ်လက်ကိုကိုင်ပြီး သိုင်းလောကအနှံ့က ဓားသမားတွေကို လိုက်လံစိန်ခေါ်ခဲ့တယ် ။ "

အဖိုးယွမ်၏စကားက ဆိုင်အတွင်းမှအခြေအနေကိုတိတ်ဆိတ်သွားစေသည်။ ' မြစိမ်းရောင်ဓားသမား ' ထိုနာမည်က မရည်ရွယ်ပါဘဲနှင့် သူတို့၏စိတ်ထဲတွင်ပြိုင်တူပေါ်လာသောနာမည်ဖြစ်သည်။ ထိာနာမည်မှာ သိုင်းလောကသားများမဆိုထားနှင့် သိုင်းလောကနှင့်အနည်ငယ်ကျွမ်းဝင်သည့်လူများပင်သိကြသောနာမည်ဖြစ်သည်။

" ဟုတ်တယ် သူကမင်းတို့သိထားကြတဲ့ မြစိမ်းရောင်ဓားသမားပဲ "

အဖိုးယွမ်မှသူတို့‌တွေးနေသည်ကိုသိရှိနေသကဲ့သို့ဆက်ပြောလိုက်သည်။

" သူ့နဲ့ပတ်သက်တာတွေကိုဘယ်သူမှမသိကြပေမယ့် အားလုံးသိထားကြတာက သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့ဓားပညာပဲ။ ပထမသုံးလအတွင်းမှာ သိုင်းလောကထဲကကျော်ကြားတဲ့ဓားသမားတွေကိုလိုက်ပြီးစိန်ခေါ်ခဲ့တယ် ။ သူတို့အားလုံးကိုအနိုင်ယူပြီး‌တော့အရှေ့ပိုင်းသမား ထန်းဝူနဲ့တိုက်ခိုက်ခဲ့တယ် "

" ဝါးးး တကယ်ကြီးလား "

" မဖြစ်နိုင်တာ ငါဘာလို့ဒီသတင်းမကြားတာလဲ "

ကျွတ်စီကျွတ်စီဖြင့် တီးတိုးပြောသံများထွက်ပေါ်လာကြသည်။ အဖိုးယွမ်၏စကားအဆုံး၌ ဆိုင်အတွင်းရှိလူများမှာပင့်သက်ရှိုက်လိုက်မိကြသည်။

မြစိမ်းရောင်ဓားသမားနှင့် ‌အခြားဓားပညာရှင်များ၏တိုက်ပွဲများအား သူတို့ကြားဖူးကြသည်။ ထို့အပြင် တစ်ချို့ဆိုလျှင် သူတို့တိုက်ခိုက်နေသည်အား မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူများပင်ရှိသည်။ သို့သော်အရှေ့ပိုင်းဓားသမားထန်းဝူနှင့်တိုက်ပွဲကိုမူကား အများစုမှာယခုမှသိကြခြင်းဖြစ်သည်။

ထိုအသံများကိုကြားပြီး‌နောက်အဖိုးယွမ်မှာ သူ၏ဂုဏ်သိက္ခာကိုစော်ကားသကဲ့သို့ခံစားလိုက်ရ၍မျက်နှာအနည်းငယ်တင်းမာသွားသည်။

" ကျုပ်ရဲ့ဘဝတစ်လျှောက်လုံးမှာ မဟုတ်တာမမှန်တာကို လုံးဝမပြောခဲ့ဘူးဘူး ။ ကျုပ်ရဲ့အသက်နဲ့တိုင်တည်ပြီးသစ္စာဆိုရဲတယ် "

အဖိုးယွမ်မှ စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။ သို့သော် အခြားလူများမှာ ထိုအပြုအမူကိုစိတ်ထဲမထားကြပေ ။ သူတို့က အရှေ့ပိုင်းဓားသမားထန်းဝူနှင့် မြစိမ်းရောင်ဓားသမားတို့၏တိုက်ပွဲအကြောင်းကိုရန်သာ စိတ်စောနေကြသည်။ သူတို့ကဘအဖိုးယွမ်အားတိုက်ပွဲအကြောင်းဆက်လက်ပြောပြရန်တိုက်တွန်းလိုက်ကြသည်။

" အဟမ်း "

အဖိုးယွမ်လည်း ချောင်းတစ်ချက်ဟန့်ကာ ရေနွေးကြမ်းတစ်ငုံအားသောက်လိုက်သည် ။ ဆိုင်အတွင်းရှိမျက်လုံးများမှာမူ အဖိုးယွမ်၏ကိုယ်ပေါ်သို့စုပြုံကျရောက်နေကြသည်။ သူတို့၏စိတ်ထဲတွင်လည်း အဖိုးယွမ်အားဝိုင်းဝန်း၍မေတ္တာပို့လိုက်မိကြသည်။ အဖိုးယွမ်မှာ ထိုသူများ၏သိချင်စိတ်ပြင်းပြနေသောအမူအယာများကိုအရသာခံ၍ကြည့်လိုက်သည်။ ထို့နောက် သူ၏စကားကိုဆက်လိုက်သည်။

" အရှေ့ပိုင်းဓားသမားထန်းဝူဆိုတာက အရှေ့ပိုင်းသိုင်းလောကမှာ နံပါတ်တစ်သိုင်းပညာရှင်ပဲ။ရှုံးပွဲမရှိတဲ့သူလို့လဲနာမည်ကျော်တယ် ။ ဒါပေမယ့်သူ့ရဲ့ရှုံးပွဲမရှိစံချိန်က လွန်ခဲ့တဲ့နှစ်လတုန်းကကျိုးပျက်သွားပြီ။ "

အဖိုးယွမ်မှ သူ၏အသံအားနှိမ့်ကာပြောလိုက်သည်။ ထို့နောက် သူ၏ကိုယ်အားမတ်ကာ

" အဲဒီနေ့ကပေါ့ကွာ ။ လေတွေကလည်းပြင်းပြင်းထန်တိုက်နေတယ်။ အရှေ့ဘက်နယ်က ရွက်ကြွေတောင်ပေါ်မှာ အင်္ကျီအဖြူနဲ့လူတစ်ယောက်ကထိုင်ပြီးစာင့်နေတယ် ။ သူ့ရဲ့နောက်ကျောမှာ သိမ်းငှက်နှုတ်သီးပုံအရိုးရှိတဲ့ဓားရှည်တစ်လက်ကို ကိုင်ထားတယ် ။ သူက သိုင်းလောကက နာမည်ကျော်အရှေ့ပိုင်းဓားသမားထန်းဝူပဲ ။

ရွက်ကြွေတောင်ပေါ်မှာ သူ့ရဲ့နာမည်နဲ့လိုက်အောင်သစ်ရွက်တွေတဖွဲဖွဲကြွေနေတယ် ။ အဲဒီအချိန်မှာ တောင်အောက်ကနေဖြေးဖြေးလေးတက်လာတဲ့လူတစ်‌‌ယောက်ပေါ်လာတယ် ။ သူကဖျင်ကြမ်းအင်္ကျီကိုဝတ်ထားပြီး သူ့ရဲ့လက်ထဲမှာ အစိမ်းရောင်ဓားတစ်လက်ကိုကိုင်ထားတယ် ။ ဓားအိမ်ကဝါးနဲ့လုပ်ထားသလား ကျောက်စိမ်းနဲ့လုပ်ထားသလားဆိုတာကိုဘယ်သူမှမသိကြဘူး။ သူကအရှေ့ပိုင်းဓားသမားရဲ့ရှေ့ငါးပေအကွာမှာရပ်လိုက်တယ် ။ သူ့ရဲ့ခန္တာကိုယ်ကတည့်မတ်နေပြီးတော့ ကြည့်လိုက်တာနဲ့ဓားတစ်လက်ကိုစိုက်ထားသလိုပဲ "

နားထောင်နေကြသူများမှာ အဖိုးယွမ်၏သကားထဲတွင်နစ်မျောသွားကြသည်။ အဖိုးယွမ်မှာ ကိုယ်ဟန်အမူအယာများဖြင့်လုပ်ပြလိုက်သည်။ သူ၏ပိန်လှီနေသောလက်မောင်းလေးများအားမြှောက်ကာ ခန့်ညားသည့်အမူအယာဖြစ်အောင်သရုပ်ဖော်လိုက်သည်။ ပုံမှန်အချိန်ဆိုလျှင် သူ၏အမူအယာအားဝိုင်းဝန်းရယ်မောမိကြမည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူတို့၏မျက်လုံးထဲတွင် အမှီအခိုကင်းကာ လွတ်လပ်ခန့်ညားသည့်ဓားသမားတစ်ယောက်၏ပုံအားမြင်ယောင်နေမိကြသည်။

" သူတို့နှစ်‌ယောက်က တစ်ယောက်မျက်နှာတစ်‌ယောက်ကြည့်ပြီးစကားတစ်ခွန်းမှမပြောကြဘူး ။ အဒီနောက် သူတို့နှစ်‌‌ယောက်က ဓားကိုယ်စီဆွဲထုတ်လိုက်ကြပြီးတော့ စပြီးတိုက်ခိုက်ကြတယ်တဲ့ ။ သူတို့ရဲ့ဓားတွေမပြောနဲ့ သူတို့သုံးသွားတဲ့ဓားကွက်တွေကိုတောင်မှ ရှင်းရှင်းလင်းလင်းမမြင်ရဘူး ။ သူတို့နှစ်ယောက်ရဲ့အနားမှာ အဖြူရောင်အလင်းတွေလတ်နေပြီးတော့ ဘေးပတ်လည်မှာရှိတဲ့ ကျောက်တုံးတွေ ၊ မြေကြီးတွေမှာ ဓားရာတွေထင်ကုန်ကြတယ် ။ သူ့တို့နှစ်ယောက် ဓားကွက်သုံးရာကျော်ကျော်လောက်အထိတိုက်ခိုက်ကြပြီးတော့ နောက်ဆုံးမှာ နှစ်ယောက်စလုံးရပ်လိုက်ကြတယ် ။

အဲဒီနောက် မြစိမ်းရောင်ဓားသမားကအရင်ဆုံးထွက်သွားတယ် ။ သူမသွားခင်မှာ အရှေ့ပိုင်းဓားသမားကို ချီးကျူးသလိုတစ်ချက်ကြည့်ပြီးတော့မင်းကထိုက်တန်တဲ့ပြိုင်ဘက်ပဲဆိုတဲ့စကားကိုပြောခဲ့တယ် ။ ပြီးတော့ သူတောင်အောက်ကိုဆင်းသွားခဲ့တယ် ။ "

-------------------------------------------------------

All Chapters