ဒဏ္ဍာရီထဲမှဓားစံအိမ်
Vol. 1 Ch. 5
" မြစိမ်းရောင်ဓားသမားထွက်သွားပြီးခဏလောက်နေတော့ အရှေ့ပိုင်းသမားက သူ့နဲ့အတူနာမည်ကြီးလာတဲ့ နာမည်ကျော်သိမ်းငှက်ရွှေဓားကို ဓားကိုဘေးနားကကျောက်တုံးတစ်တုံးမှာ ထိုးစိုက်ချလိုက်တယ် ။ အံ့ဩစရာကောင်းတာက ဓားကကျိုးပဲ့မသွားဘဲ ကျောက်တုံးထဲကိုတစ်ဝက်ကျော်ကျော်ဝင်သွားတယ် ။ အဲဒီအချိန်ကစပြီး အရှေ့ပိုင်းဓားသမားလည်း သိုင်းလောကထဲကအနားယူသွားပြီလို့ကြေညာခဲ့တာပဲ ။ "
" ဒါဆို သူတို့ရဲ့တိုက်ပွဲက "
တစ်စုံတစ်ယောက်မှရေရွတ်လိုက်သည်။ ထိုသူမှာ တီးတိုးပြောဆိုခြင်းဖြစ်သော်လည်း သူ၏စကားမှာ တိတ်ဆိတ်နေသောဆိုင်အတွင်း၌အနည်းငယ်ကျယ်လောင်၍သွားသည်။
အဖိုးယွမ်မှ ထိုသူ၏စကားကိုကြားပြီးနောက် သူ၏ဦးခေါင်းကိုညိမ့်လိုက်သည်။
" ဟုတ်တယ် မြစိမ်းရောင်ဓားသမားကအနိုင်ရသွားခဲ့တယ် ။ နှမြောစရာကောင်းတာက အဲဒီတိုက်ပွဲပြီးတော့ သူလဲသိုင်းလောကထဲကပြန်ပြီးထွက်သွားခဲ့တာပဲ "
အဖိုးယွမ်၏စကားကြောင့် ဆိုင်အတွင်းရှိလူများ၏မျက်နှာများထက်တွင် အံ့ဩတုန်လှုပ်သည့်အမူအယာများပေါ်ပေါက်လာကြသည်။ အချို့ဆိုလျှင် အိပ်မတ်ဖြစ်နေမည်ဆိုး၍ သူတို့၏အသားများကိုပြန်၍ဆိတ်ကြည့်နေကြသည်။ အရှေ့ပိုင်းဓားသမားမှာမည်သူနည်း ။ အရှေ့ပိုင်းသိုင်းလောကတစ်ခုလုံးတွင် အားလုံးကပြိုင်ဘက်ကင်းဟုလက်ခံထားကြပြီး အလယ်ပိုင်းသိုင်းလောကမှ ထိပ်သီးခြောက်ဂိုဏ်းတွင်အပါအဝင်ဖြစ်သော ဝူတန်းဂိုဏ်း၏ဂိုဏ်းချုပ်နှင့် လက်ရည်တူသည်ဟုနာမည်ကျော်သူဖြစ်သည်။ ထိုအတိုင်းဆိုလျှင် မြစိမ်းရောင်ဓားသမားမှာဝူတန်းဂိုဏ်းချုပ်ကြီးအား အနိုင်ယူနိုင်သည်ဟူသောသဘောပင်ဖြစ်သည်။
သို့သော် သီအိုရီအရမှန်ကန်နိုင်သော်လည်း အမှန်တကယ်တွင် အနိုင်ရနိုင်မည့်သူအားခန့်မှန်းရခတ်ခဲပေသည်။ ထို့အပြင် မြစိမ်းရောင်ဓားသမားမှာ တိုက်စစ်အထူးပြုသောအရှေ့ပိုင်းဓားသမားအားအနိုင်ယူနိုင်သော်လည်း ဝူတန်းဂိုဏ်း၏နာမည်ကျော်ထိုက်ကျိဓားသိုင်းအားလျှော့တွက်၍မရနိုင်ပေ။ လူများမှာ မြစိမ်းရောင်ဓားသမားသိုင်းလောကအတွင်းမှထွက်သွားသည်အား စုတ်တသက်သက်ဖြင့် နှမြောနေမိကြသည်။ သူနှင့်ဝူတန်းဂိုဏ်းချုပ်ကြီးတို့သာတိုက်ခိုက်ကြပါက ကောင်းမွန်သောတိုက်ပွဲတစ်ပွဲဖြစ်လာပေလိမ့်မည် ။
မည်သို့ပင်ဖြစ်စေ မြစိမ်းရောင်ဓားသမား၏အသက်အရွယ်မှာ သုံးဆယ်ကျော်ခန့်သာရှိသေးသည်ကိုတော့ သတိပြုရပေမည် ။ သူသာလက်ရှိသိုင်းလောကဂိုဏ်းချုပ်ကြီးများ၏အသက်အရွယ်သာရောက်ပါကသိုင်းလောကအတွင်း သူ့အားယှဉ်ပြိုင်နိုင်မည့်ဟူမရှိနိုင်လောက်တော့ပေ။
ထိုအချိန်တွင် ဆိုင်အတွင်းတစ်နေရာ၌ ဆယ်နှစ်ကျော်ခန့်သာရှိဦးမည့်ကလေးငယ်နှစ်ယောက်ထိုင် နေသည် ။ သူတို့နှစ်ဦးနှင့်အတူ မျက်နှာဝါကျန့်ကျန့်နှင့်အသက်လေးဆယ်ကျော်ခန့်ရှိမည့်လူတစ်ဦးလည်းထိုင်၍နေသည်။ သူတို့၏စားပွဲဝိုင်းရှိလေထုမှာ အနည်းငယ်ထူးဆန်း၍နေသည်။ အခြားသူများမှ အဖိုးယွမ်ပြောသည့်အကြောင်းအရာများအား စိတ်ဝင်တစားနားထောက်နေကြစဉ်တွင် မျက်နှာဝါကျန့်ကျန့်နှင့်လူမှာ ဆိုင်အပြင်ဘက်သို့ငေး၍နေသည်။
သို့သော် သူ၏စိတ်အခြေအနေမှာ သူကြည့်နေသောနေရာတွင်ရှိပုံမရပေ။ သူ၏မျက်လုံးများမှုန်မှိုင်း၍နေကာ သူ၏စိတ်ကတစ်နေရာရာသို့ရောက်နေပုံရသည်။ သူ၏ရှေ့ရှိကလေးငယ်နှစ်ယောက်မှာမူ မျက်နှာနီရဲ၍နေကြကာ တစ်စုံတစ်ရာအားဒေါသထွက်နေပုံရသည်။ ကလေးတစ်ယောက်ဆိုလျှင် စားပွဲခုံအောက်မှသူ၏လက်သီးကိုတင်းကြပ်စွာဆုပ်ထားကာ လက်မှအကြောများထောင်ထ၍နေသည်။ သူ၏ဘေးရှိ သူ့ထက်အသက်ငယ်ဟန်ရသည့်ကလေးငယ်မှာမူ သူ့အားဖြောင်းဖြနေဟန်ရသည်။
ဆိုင်အတွင်းရှိအခြားလူများမှ မြစိမ်းရောင်ဓားသမားအား ဝိုင်းဝန်းချီးကျူးနေသည့်ကိုကြားရသည့်အခါတွင် လက်သီးဆုတ်ထားသောကလေးမှာ သည့်မခံနိုင်ဟန်ဖြင့်ထရပ်လိုက်သည်။ သို့သော် ဘေးမှကလေးမှအလျှင်အမြန်ပြန်၍ဆွဲလိုက်သည်။ ထိုကလေးမှာ ထရပ်လိုက်သောကလေးအားဆွဲရင်းဖြင့် မျက်လုံးမှလည်း မျက်နှာဝါကျန့်ကျန့်နှင့်လူ ရှိနေကြောင်းအား မျက်ရိပ်မျက်ကဲဖြင့်သတိပေးလိုက်သည်။
အဝေးသို့ငေးနေသောမျက်နှာဝါကျန့်ကျန့်နှင့်လူမှာ သူ၏ရှေ့မှအခြေအနေအားသတိပြုလိုက်မိသည် ။ ထို့ကြောင့် သူ၏မျက်လုံးများစူးရှ၍သွားကာ ကလေးငယ်နှစ်ယောက်အားကြည့်လိုက်သည် ။ စောစောကထိမ်းသိမ်းမရဟန်တူသောအကြီးကောင်လေးမှာ ထိုလူ၏အကြည့်အားရင်မဆိုင်နိုင်ဟန်ဖြင့်ဦးခေါင်းအားငုံ့၍သွားသည်။
" ဒီတစ်ခေါက်မင်းတို့ကိုနန်းမြို့တော်ကိုခေ့်လာတယ်ဆိုတာက ဗဟုသုရရစေချင်လို့နော် ။ အရေးမပါတဲ့ကိစ္စတွေလုပ်ချင်လို့မဟုတ်ဘူး။ "
မျက်နှာဝါကျန့်ကျန့်နှင့်လူမှ တင်းမာစွာပြောလိုက်သည်။ ကလေးနှစ်ယောက်မှာမူ သူတို့၏ဦးခေါင်းများအားငုံ့ထားကြဆဲပင်ဖြစ်သည်။
" ဟူးးး "
မျက်နှာဝါကျန့်ကျန့်နှင့်လူမှ သူ၏ဒေါသအားပြန်ထိမ်းချုပ်လိုက်ဟန်ဖြင့် သက်ပြင်းကိုဖြေးညင်းစွာချလိုက်သည်။ ထို့နောက်
" ထုံအာ လူတွေဘာပြောနေတယ်ဆိုတာကိုမင်းဂရုစိုက်စရာလိုလို့လား ။ သူတို့ဘာပဲပြောနေပါစေ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ဆိုတဲ့စကားလိုပဲ အချိန်တန်တော့ သူ့ဘာသာသာပြောက်ကွယ်သွားလိမ့်မယ်။ ပြီးတော့ မင်းတစ်စုံတစ်ယောက်ကိုရှုံးနိမ့်တာကရှက်စရာကိစ္စမဟုတ်သလို ရန်ငြိုးထားစရာကိစ္စလဲဟုတ်ဘူး။ မင်းကိုအနိုင်ယူသွားတဲ့မင်းရဲ့ပြိုင်ဘက်က ဖြောင့်မတ်မှန်ကန်တယ်ဆိုရင် မင်းအနေနဲ့ သူ့ကိုလုံးဝမုန်းတီးစရာမလိုဘူး။ ဆန့်ကျင်ဘင်အနေနဲ့ သူ့ကိုလေးစားရမယ်။ ပြီးတော့ သူ့ကိုမင်းရဲ့တွန်းအားတစ်ရပ်အဖြစ်အသုံးပြုပြီးတော့ သူ့ကိုပြန်ပြီးကျော်ဖြတ်နိုင်အောင်ပြုလုပ်ရမယ်။ ငါပြောတာနားလည်လား "
မျက်နှာဝါကျန့်ကျန့်နှင့်လူမှ ရှည်လျားစွာပြောကာ စကားအဆုံးတွင်ခပ်ဆက်ဆက်မေးလိုက်သည်။ သူ၏စကားဦးတည်ရာမှာ အကြီးကလေးကိုဖြစ်သော်လည်း သူဆုံးမသည်က နှစ်ယောက်စလုံးအကြုံးဝင်ပေသည်။ ကလေးနှစ်ယောက်မှာလည်း သူတို့၏ဆရာအားကြည့်ကာ အလျှင်အမြန်ခေါင်းညိမ့်လိုက်ကြသည်။ မျက်နှာဝါကျန့်ကျန့်နှက့်လူမှာလည်း သူ၏တပည့်နှစ်ယောက်အားကြည့်ကာ သူ၏ဦးခေါင်းကို ကျေနပ်စွာညိမ့်လိုက်သည်။
ဆိုင်ထဲတွင်မူ မြစိမ်းရောင်ဓားသမား၏အကြောင်းအားဆွေးနွေးနေကြတုန်းပင်ဖြစ်သည်။ ဆိုင်အတွင်းရှိသိုင်းလောကသားများအပြင် သိုင်းပညာအကြောင်းကိုနကန်းတစ်လုံးမှနားမလည်သောလူများကပါ သူတို့၏အမြင်များကိုကျယ်လောင်စွာထုတ်ဖော်ပြောဆိုနေကြသည်။
လူအချို့မှာလည်း အဖိုးယွမ်အားငွေကြေးအနည်းငယ်ပေးနေကြသည်။ သူတို့အနေဖြင့်ဤသို့သောဇာတ်လမ်းမျိုးကိုနားထောင်ရသည့်အတွက် သဘောကျနှစ်သက်ကာ အဖိုးယွမ်အား ငွေတုံးအချို့ပေးနေကြခြင်းဖြစ်သည်။ အဖိုးယွမ်အတွက်မူ တစ်ဦးချင်းစီမှအနည်းငယ်စီသာပေးခြင်းဖြစ်သော်လည်း လူအရေအတွက်အတော်များသဖြင့် သူအဖို့တွက်ခြေကိုက်သွားသည်ဟုဆိုရမည်။
သူရရှိလာသည့်ငွေကြေးများကိုသိမ်းဆည်းပြီးငည့်နောက်တွင် အဖိုးယွမ်မှာ ထရပ်လိုက်ပြန်သည်။ ထို့နောက် ချောင်းခြောက်တစ်ချက်နှစ်ချက်ခန့်အား ချောင်းမဆိုးချင်ဘဲ ဟန်လုပ်ကာဆိုးလိုက်သည်။မည်သို့ပင်ဖြစ်စေ ဆိုင်အတွင်းရှိလူများ၏အာဂုံကတော့ သူ့ဆီသို့စုပြုံကျရောက်လာသည်သာဖြစ်သည်။
" တကယ်တန်းကျ ခင်ဗျားတို့က မြစိမ်းရောင်ဓားသမားရဲ့အကြောင်းကိုဆွေးနွေးငြင်းခုန်နေကြပေမယ့် သူ့ရဲ့နောက်ခံအစစ်အမှန်ကဘာလဲဆိုတာ ခင်ဗျားတို့တွေးမိကြရဲ့လား "
အဖိုးယွမ်မှ လူများ၏မျက်နှာအားကြည့်ကာမေးလိုက်သည်။ သူ၏စကားကြောင့် ထိုလူမျ၏မျက်နှာထက်တွင် အပြင်းအထန်စဉ်းစားနေသည့်ဟန်များပေါ်၍လာသည်။ သို့သော် အဖိုးယွမ်၏မေးခွန်းကို တစ်ဦးတစ်ယောက်မှပြန်မဖြေကြပေ။
ဆိုင်အတွင်းရှိအခြားလူများလည်း စဉ်းစားသည့်အမူအယာများဖြစ်လာကြသည်။ သူတို့၏မျက်နှာများမှာ တည်ကြည်နေကာ မျက်ခုံးများကထိစပ်လုမတက်ကြုံ့၍နေကြသည် ။ ကလေးငယ်နှစ်ယောက်ရော မျက်နှာဝါကျန့်ကျန့်နှင့်လူပါ ချွင်းချက်မဟုတ်ပေ ။ သူတို့လည်း မြစိမ်းရောင်ဓားသမား၏နောက်လံကိုစိတ်ဝင်စားနေကြသည် ။
မြစိမ်းရောင်ဓားသမားကဲ့သို့ ကြောက်မတ်ဖွယ်ဿသမားမျိုးကို မည်သို့သောလူမျိုးမှ မွေးထုတ်ပေးလိုက်သနည်း ။ ထို့အပြင် သိုင်းလောကတွင် ပဟေဠိသဖွယ်ဖြစ်နေသော မြစိမ်းရောင်ဓားသမား၏အကြောင်းများကိုလည်း သူတို့စဉ်းစားနေမိကြသည်။
အဖိုးယွမ်မှ အသည်းအသန်စဉ်းစားနေကြသူတို့အားကြည့်ကာပြုံးလိုက်သည်။
" အမှန်တော့ အဲဒီလူရဲ့နောက်ခံအစစ်အမှန်ကို ကျုပ်ခန့်မှန်းထားတာရှိတယ် ။ တစ်ရာရာလိုင်န်ှုးမသေချာပေမယ့် အနည်းဆုံးတော့ ခုနစ်ဆယ်ရာခိုင်နှုန်းသေချာတယ် "
အဖိုးယွမ်၏စကားကြောင့် ဆိုင်အတွင်းရှိလူများမှာ မျက်လုံးများပြူးကျယ်ကုန်ကြသည်။ သူတို့၏မျက်လုံးများကလည်း အဖိုးယွမ်အားထွင်းဖောက်မတက်ကြည့်ရှုနေကြသည်။ အဖိုးယွမ်မှဆက်၍ပြောလိုက်သည်။
" ခင်ဗျားတို့အားလုံး ဒဏ္ဍာရီတစ်ခုကိုမေ့လျော့နေကြတာပဲ ။ ဓားပညာနဲ့ပတ်သက်ရင် သူတို့ကမှော်ဆန်တယ်။ သိုင်းလောကကအကောင်းဆုံးဓားသမားတွေက သူတို့ဆီမှာ အစေခံအဆင့်ပဲရှိတယ်။ နှစ်နှစ်ဆယ်ကျော်ရင်သိုင်းလောကကိုတစ်ခါဆင်းတယ် ။ သိုင်းလောကတစ်ခုလုံးကဓားသမားတွေကိုအနိုင်ယူပြီးတော့မှ ပျောက်ကွယ်သွားလေ့ရှိတယ် ။ "
အဖိုးယွမ်၏ တစ်လုံးချင်းပီပီသသပြောလိုက်သောစကားများက သူတို့၏နားစည်အတွင်းကျယ်လောင်စွာရိုက်ခတ်သွားသကဲ့သို့ခံစားလိုက်ကြရသည်။ သူတို့အားလုံးမှာ သိုင်းလောက၏ဒဏ္ဌာရီတစ်ခုအားမေ့လျော့နေကြမိသည် ။ ' ဓားစံအိမ် ၊ ဓားပညာနှင့်ပတ်သက်လျှင် ထိပ်ဆုံးရောက်နေသောပုဂ္ဂိုလ်များ ၊ နှစ်နှစ်ဆယ်ကျော်သည့်အချိန်တိုင်း သိုင်းလောကအားဆင်းလာလေ့ရှိသောလူငယ်မျိုးဆက်များ ' ။
သူတို့၏စိတ်ထဲတွင် အမှောင်ဖုံးနေရာမှ လင်းခနဲဖြစ်သွားသကဲ့သို့ အကြောင်းအရာအချို့မှာ ရှင်းလင်းစွာထွက်ပေါ်လာသည်။ ထိုအချိန်တွင် အဖိုးယွမ်မှာမူ သူ၏စားပွဲပေါ်တွင် ကျသင့်ငွေအားတင်ပေးထားကာ ဆိုင်အပြင်ဘက်သို့ထွက်ခွာသွားပြီဖြစ်သည်။
ဆိုင်အတွင်းရှိလူများမှာ အဖိုးယွမ်ဆီသို့အာရုံမရောက်နိုင်ကြပေ ။ သူတို့အားလုံးမှာ ကြောက်ရုပ်များကဲ့သို့ငြိမ်သက်နေကြကာ တူညီသောအကြောင်းအရာကို ကွဲပြားသည့်ရှုထောင့်များမှ စဉ်းစားနေကြမိသည်။
သို့သော် တိတ်ဆိတ်နေသောအခြေအနေအားဖြို့ဖျက်လိုက်သူမှာ ဆိုင်အပြင်ဘက်ရှိလမ်းမထက်မှအော်သံများဖြစ်သည်။
" ဟေးးး လာကြဟ စစ်သူကြီးလောင်ကိုမြင်ဖူးအောင်ကြည့်ထားကြ "
" ငါ့အတွက်နေရာချန်ထားပေးဦး ငါလည်းစစ်သူကြီးကိုကြည့်ချင်တယ် "
အပြင်ဘက်မှ ဆူညံပွတ်လောရိုက်သည့်အသံများထွက်ပေါ်လာသည်။ ပုံမှန်ဆိုလျှင် ဆိုင်အပြင်ဘက်မှအသံများမှာ ဆိုင်အတွင်းသို့အနည်းငယ်သာသက်ရောက်မှုရှိသေည်လည်း ယခု လမ်းမ၏ဘေးတစ်ဖက်တစ်ချက်မှလူများပြည့်နေကာ သူတို့၏အမျိုးစုံသော အသံများကဆိုင်အတွင်းသို့ကျူးကျော်ဝင်ရောက်ကာ တိတ်ဆိတ်နေသောအခြေအနေအား ဖျက်စီးပစ်လိုက်သည်။
ဆိုင်အတွင်းရှိလူများမှာ ယခုမှ ပစ္စုပ္ပန်အခြေအနေသို့ပြန်လည်ရောက်ရှိလာကြသည်။ သူတို့က အလိုမကျသောအမူအယာဖြင့်ဆိုင်အပြင်ဘက်သို့ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့၏နားထဲသို့ တစ်စုံတစ်ခုပြေးဝင်လာသကဲ့သို့ အသံများအားကြားလိုက်ရသည် ။ ထို့အပြင် ဟိန်းထွက်နေသောထိုအသံကြောင့် မြေပြင်သည်ပင် အနည်းငယ်တုန်ဟည်းသွားသည်ဟုထင်ရသည်။