နဂါးစစ်သူကြီးလောင်ရှင်းလွန်
Vol. 1 Ch. 6
လမ်းမထက်ရှိလူများမှာ တော်ဝင်နန်းတော်ရှိရာသို့မျှော်ကြည့်လိုက်မိကြသည်။ သူတို့၏မျက်လုံးများထဲတွင် တူညီစွာရှိနေသည့်အရာကား စစ်သူကြီးလောင်ကို အနီးကပ်မြင်ဖူးလိုခြင်းပင်ဖြစ်သည် ။ သူတို့ထဲမှအချို့လူများမှာ စစ်သူကြီးလောင်အားတွေ့မြင်ဖူးကြသော်လည်း အများစုမှတစ်ခါမှတွေ့ဖူးခြင်းမရှိပေ ။ သို့သော် စစ်သူကြီးလောင်၏ဂုဏ်သတင်းကား တိုင်းပြည်၏ နေရာအနှံ့အပြားတွင်ကျော်ကြား၍နေသည်။
" ဒုန်း ဒုန်း "
မကြာမီ စနစ်ကျသည့်ခြေသံပြင်းပြင်းများအားကြားလိုက်ရကာလူအများ၏နှလုံးများမှာ ထိုအသံနှင့်အညီခုန်ပေါက်လာကြသည်။ သူတို့၏စိတ်ထဲတွင်လည်း စစ်သူကြီးလောင်နှင့် သူ၏တပ်ဖွဲ့ကိုတွေ့မြင်ရန်အတွက် လွန်စွာစိတ်စော၍နေသည် ။
ရွှေရောင်ချပ်ဝတ်တန်ဆာများအားဝတ်ဆင်ထားကြသောစစ်သားများမှာ သူတို့၏မြင်ကွင်းအတွင်းပေါ်၍လာသည်။ ရှေ့ဆုံးတွင် အရပ်ခြောက်ပေကျော်ကာ ကြံ့ခိုင်သန်မာသည့်စစ်သားကြီးနှစ်ဦးမှာ မြင့်မားသောအလံတိုင်တစ်ခုအားကိုင်ဆောင်လာကြသည်။ ထိုအလံမှာ ကောင်းပင်တွင်ပျံဝဲနေဟန်ရသောနဂါးတစ်ကောင်ပုံဖြစ်ကာ လွန်စွာအသက်ဝင်လှသည်။
အလံကိုင်သောစစ်သားနှစ်ယောက်၏နောက်တွင် မဆုံးနိုင်သောစစ်သားများလိုက်ပါလာကြသည်။ တစ်သွေးတစ်သံတစ်မိန့်ဟုဆိုရလောက်အောင်ပင်သူတို့၏ပုံစံများကား စည်းစနစ်တကျဖြင့်ညီညာလှသည်။
သူတို့အားလုံးမှာ ရွှေဝါရောင်ချပ်ဝတ်တန်ဆာများဖြင့် လွန်စွာခန့်ထည်လှသည်။ ဝင်လုဆဲဆဲနေရောင်၏အောက်တွင် ရွှေဝါရောင်ချပ်ဝတ်တန်ဆာများမှာ မျက်စိကျိန်းလုမတတ်တောက်ပနေကြသည် ။ သူတို့၏လက်အတွင်းမှ ချွန်မြနေသောလှံရှည်များမှာ ရန်သူများ၏လည်ချောင်းသွေးများအား မည်မျှသောက်သုံးပြီးဖြစ်မည်နည်း ။
တမင်ရည်ရွယ်ထားခြင်းမရှိသော်လည်း သူတို့ဆီမှ ပြင်းထန်သည့်အငွေ့အသက်များထွက်ပေါ်နေသည်။ မြောက်မြားစွာအားတိုကိခိုက်ခဲ့ကြသူများပီပီ သူတို့ဆီမှသာမန်လူများနှင့်မတူသည့်အရှိန်အဝါတစ်မျိုးထွက်၍နေသည်။ သွေးဆာသည့်အငွေအစက်များထွက်ပေါ်နေသောတပ်သားများမှာ လမ်းဘေးမှသာမန်လူများအားအလိုလိုနေရင်းဖြင့် ကြောက်ရွံ့သွားစေနိုင်သည်။
တပ်ဖွဲ့အား စနစ်တကျစီ၍ထားကာ အလံကိုင်စစ်သားများ၏နောက်တွင် လှံရှည်ကိုင်စစ်သားများဖြစ်သည် ။ သူတို့၏နောက်တွင်ကား မြားတပ်ဖွဲ့လိုက်ပါလာသည်။ မြားတပ်သားများမှာ လှံရှည်ကိုင်တပ်သားများနှင့်အနည်းငယ်ကွဲပြားကာ အရေအတွက်အားဖြင့်လည်းနည်းပါးသည်။ သူတို့မှာ ငှက်အတောင်တစ်ချောင်းစီပါသည့် စစ်ခမောက်များနှင့်ဖြစ်ကာ နောက်ကျောတွင် ငှက်မွှေးတပ်သံမဏိမြားများအား မြားကျည်တောက်အကြည့်သယ်ဆောင်လာကြသည်။ သူတို့၏လက်တးအတွင်းတွင် ခိုင်ခန့်သည့်ပုံရသော လေးကိုင်းတစ်ချောင်းစီပါရှိကြသည်။ သူတို့အားကြည့်ရသည်မှာ လှံကိုင်စစ်သားများထပ်ပင်ပို၍ကြောက်စရာကောင်းပုံပေါ်သည်။
မြားတပ်ဖွဲ့၏နောက်တွင် မြင်းကိုယ်စီဖြင့် စစ်တပ်အရာရှိများလိုက်ပါလာကြသည်။ သူတို့၏အလယ်တွင်ထင်ရှားနေသည်ကား ရောင်ချပ်ဝတ်တန်ဆာဖြင့်အသက်လေးဆယ်ခန့်ရှိမည်လူကြီးတစ်ဦးဖြစ်သည်။ ထိုလူကြီးမှာ ခိုင်မာသည့်မေးရိုးနှင့် စူးရှသည့်မျက်လုံးများ ရှိသည် ။ ထို့အပြင် တည်တံ့သည့်သူ၏ဥပတိရုပ်က လူများအားအလိုလိုလေးစားချစ်ခင်စိတ်ကိုဖြစ်ပေါ်စေသည်။ ထိုလူကြီးမှာ သံသယဖြစ်ဖွယ်မရှိအောင်ပင် ဤစစ်တပ်၏စစ်သူကြီး တိုင်းပြည်၏နံပါတ်နှစ်ပုဂ္ဂိုလ်လောင်ရှင်းလွန်ဖြစ်သည်။
လောင်ရှင်းလွန်
လောင်ရှင်းလွန်မှာမည်သို့သောပုဂ္ဂိုလ်မျိုးနည်း ။ ထိုသူမှာ လက်ရှိတိုင်းပြည်၏ဘုရင်မင်းမြတ်ဖြစ်သော ဟန်ချူး၏သွေးသောက်ညီဖြစ်သည့်အပြင် တိုက်ပွဲပေါင်းမြောက်မြားစွာအားအနိုင်ရခဲ့သည့် စစ်သူကြီးတစ်ဦးလည်းဖြစ်သည်။ သူ၏ဘဝတွင် ရှုံးပွဲတစ်ပွဲမှမရှိဘဲ နည်ဗျူဟာနှင့်ရဲစွမ်းသတ္တိပြည့်စုံသည် ။ သူနှင့် သူ၏နဂါးစစ်တပ်မှာ မရှုံးနိမ့်နိုင်သောစစ်တပ်ဟုနာမည်ကျော်ကာ တောင်ပိုင်းယွမ်အားတိုက်ခိုက်ကာ ဟန်အင်ပါယာတည်ထောင်စဉ်တွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ခဲ့သည်။
ဟန်အင်ပါယာတည်ထောင်ပြီးသည့်နောက်တွင် ဘုရင်မင်းမြတ်ဟန်ချူးမှာ လောင်ရှင်းလွန်အား အိမ်ရှေ့စံရာထူးအပေးအပ်ခဲ့သည် ။ လူအများမှာလည်း သူ့အား ဟန်ချူးပြီးသည့်နောက်တွင် နန်းတက်မည့်သူဟု ထင်ကြေးပေးခဲ့ကြသည် သို့သော် အများမျှော်လင့်ထားသည်နှင့်ဆန့်ကျင်စွာ လောင်ရှင်းလွန်မှာ ထိုရာထူးအားငြင်းပယ်ခဲ့လေသည်။
အမှန်စစ်စစ် လောင်ရှင်းလွန်မှာ ချုပ်ချယ်မှုများ ၊ စည်းမျဉ်းများအား မနှစ်သက်ကာ လွတ်လွတ်လပ်လပ်နေလိုသည် ။ ထို့ကြောင့်ပင် အိမ်ရှေ့စံရာထူးငြင်းပယ်ခြင်းကို ဟန်ချူးမှစိတ်မဆိုးသည့်အပြင် သူ့အားရွှေနဂါးစစ်သူကြီးဘွဲ့ပေးကာ သူ၏နဂါးတပ်ဖွဲ့နှင့်အတူ အရှေ့တောင်ဘက်နယ်တွင် ဘုရင်ခံအဖြစ်ခန့်အပ်ခဲ့သည် ။ ယခုလောင်ရှင်းလွန်မှာ သူ၏စစ်တပ်နှင့်အတူ နန်းမြို့တော်မှထွက်ခွာကာ အရှေ့တောင်ဘက်နယ်သို့သွားရောက်ခြင်းပင်ဖြစ်သည် ။
' ခမ်းနားကြီးကျယ်လိုက်တဲ့အင်အားပါလား '
လူအုပ်ကြားထဲတွင်ရှိနေသောလူငယ်တစ်ယောက်မှာသူ၏စိတ်ထဲမှတွေးလိုက်သည်။ ထိုလူငယ်မှာ ချောမောသောမျက်နှာအားပိုင်ဆိုင်ထားသော်လည်း သူ၏မျက်နှာမှာအေးစက်၍နေသည် ။ ထို့အတူပင် သု့အနီးမှလူများသည်လည်း လူငယ့်ထွမှအရှိန်အဝါတစ်မျိုးမျိုးအားခံစားမိကြသည့်အတွက် လူငယ့်အနီးသို့မကပ်ဝံ့ကြပေ။
သို့သော် အသက်ဆယ်နှစ်ကျော်ကျော်ခန့်ရှိမည်ကောင်လေးတစ်ယောက်မှာမူ ထိုလူငယ်၏အနီးသိုမယောင်မလည်ဖြင့်တိုးကပ်သွားသည် ။
လူငယ်မှာမူ ထွက်ခွာသွားတော့မည်ဖြစ်သောစစ်တပ်အားကြည့်ကာ အတွေးနယ်ချဲ့၍နေသည်။ ဤကဲ့သို့သော်စစ်တပ်မျိုးကိုသာ သိုင်းသမားများဖြင့်ဖွဲ့စည်းလိုက်ပါက သူတွေးကြည့်ရုံဖြင့်ပင် လွန်စွာအံ့သြထိတ်လန့်သွားသည်။ မျက်နှာတွင်မည်သည့်အမူအယာမှမပေါ်သော်လည်း သူ၏စိတ်ထဲတွင်ပြင်းပြသောဆန္ဒများပြည့်နှက်နေကာ မျက်လုံးများကအရောင်တလက်လက်ဖြင့်တောက်ပနေသည်။ သို့သော် လူငယ်၏အတွေးအားတစ်စုံတစ်ခုမှဖျက်ဆီး၍သွားသည်။ လူငယ်၏ဘေးတွင်ရပ်နေသောကောင်လေးနှင့်အခြားကောင်ေဘေးတွင်ရပ်နေသောကောင်လေးနှင့်အခြားကောင်လေးတစ်ယောက်မှာ လမ်းမကြီး၏ဘေးတွင်ထိုးကြိတ်၍နေကြသည်။ သူတို့နှစ်ဦးမှာ ပါးစပ်တစ်ဦးကိုတစ်ဦးအော်ဟစ်ဆဲဆိုကာ ဘေးလူများအားဂရုမစိုက်ဘဲ တစ်ဦးကိုတစ်ဦးအသည်းအသန်ထိုးကြိတ်နေကြသည်။ မကြာမီ ကောင်လေးတစ်ဦးမှာ ရှုံးနိမ့်ကာမြို့အပြင်သို့ထွက်ပြေး၍သွားသည်။ ကျန်တစ်ဦးမှာလည်း ထိုကောင်လေး၏နောက်မှထပ်ကြပ်မကွာပြေးလိုက်သွားသည်။
လူငယ်မှာ ထိုကောင်လေးနှစ်ယောက်အားကြည့်ကာ တစ်စုံတစ်ရာကိုတွေး၍နေသည် ။ သူ၏ဘေးတွင်ဖြစ်ပွားသွားသောရန်ပွဲမှာ တစ်ခုခုထူးဆန်း၍နေသည် ။ ထို့နောက် လူငယ်လည်း မြို့အပြင်သို့ထွက်ခွာသွားတော့သည်။
----------------------------------------------------
နေလုံးကြီးမှာ သူ၏တစ်နေ့တာတာဝန်ကိုထမ်းဆောင်ပြီးသည့်အတွက်အနောက်ကျွန်းသို့ပျောက်ကွယ်တော့မည့်ဟန်ဖြင့်တိုးဝင်နေသည်။ နေ့အလင်းရောင်များသည်လည်းတဖြေးဖြေးအားနည်းလာပြီး အမှောင်ထုမှတိတ်တဆိတ်ဝါးမျိုလာရာ ညအချိန်သို့ရောက်ရှိလာသည်။ နန်းမြို့တော်ထဲတွင် မီးရောင်စုံများထွန်းလင်းကာ စည်ကားအသက်ဝင်လျက်ရှိသော်လည်း မြို့အပြင်ဘက်လမ်းမထက်တွင်မူ လူတစ်ဦးတစ်ယောက်မှမရှိဘဲ ပကတိတိတ်ဆိတ်၍နေသည်။
နေဝင်သည်နှင့်နန်းမြို့တော်၏မြို့တံခါးများပိတ်သွားပြီဖြစ်သဖြင့် ထိုသို့လူသူမရှိခြင်းမှာလည်း သိပ်တော့မထူးဆန်းပေ ။ လမ်းမကြီး၏ဘေးတွင် တောအုပ်ငယ်တစ်ခုရှိသည်။ ထိုတောအုပ်မှာ တောကြီးများကဲ့သို့လွန်စွာနက်ရှိုင်းခြင်းမရှိဘဲ ယုန် ၊ ခွေးအ စသည့်သတ္တဝါလောက်သာရှိပေသည်။ ကြမ်းတမ်းသည့်သားရဲတိရစ္ဆာန်များကိုကား မြို့စောင့်တပ်သားများဖမ်းဆီးသတ်ဖြတ်ပြီးပြီဖြစ်သည်။ ထို့ကြောင့်ပင် ထိုတောအုပ်မှာ တစ်ခါတစ်ရံတွင် နန်းမြို့တော်သို့နောက်ကျမှရောက်ရှိလာသည့် ခရီးသည်များ ၊ ကုန်အဖွဲ့များ၏နားခိုရာနေရာဖြစ်မှန်းမသိဖြစ်နေတော့သည်။
တောအုပ်ထဲတွင်အနည်းငယ်အိုဟောင်းနေပြီဖြစ်သောဘုံကျောင်းတစ်ခုရှိသည်။ ဘုံကျောင်းပျက်ဟုပြော၍မရသော်လည်း အထဲတွင်ကောင်းမွန်သောပရိဘောဂများ ၊ပစ္စည်းများမရှိဘဲ ဟောင်းနွမ်းကျိုးပျက်နေသည့်ပစ္စည်းအစုတ်များသည်ရှိသည်။ ထို့အပြင် ဘုံကျောင်း၏နေရာတိုင်းတွင်လည်း ပိုးမျှင်များ ၊ ဖုန်မှုန့်များကနေရာအနှံ့ရှိနေကာ စုတ်ပျက်၍နေသည်။
ထိုဘုံကျောင်းမှာ လွန်ခဲ့သည့်နှစ်များက ရသေ့အနည်းငယ်ရှိသော်လည်း တောင်းပိုင်းယွမ်နှင့်မြောက်ပိုင်းဟန်တို့၏စစ်ပွဲကြီးတွင် ရသေ့များထွက်ခွာသွားခဲ့ကြသည် ။ ထို့အပြင် စစ်ပွဲကြီးပြီး၍ ဟန်အင်ပါယာတည်ထောင်ပြီးသည့်နောက်တွက်လည်း ထိုဘုံကျောင်းသို့ တစ်ဦးတစ်ယောက်မှပြန်မလာခဲ့ကြပေ ။
ဤသို့ဖြင့်ဘုံကျောင်းကြီးမှာ လူများမနေထိုင်ပဲ ဘုံကျောင်းအိုကြီးတစ်ခုဖြစ်လာခဲ့သည်။ ထိုတောအုပ်ထဲတွင်ညအချိန်နားခိုကြသည့်ခရီးသွားများ၊ ကုန်အဖွဲ့များမှာ ထိုဘုံကျောင်းတွင် တည်းခိုခြင်းမရှိကြပေ ။ အကြောင်းမှာ ထိုဘုံကျောင်းကြီးမှာ လွန်စွာသရဲခြောက်သည်ဟုနာမည်ကျော်သည့်အပြင် မယုံကြည်၍လာရောက်သူများလည်း ညအချိန်ကုန်ဆုံးအောင်မနေနိုင်ကြပေ။ ထို့ကြောင့်ပင် ဤအခြေအနေအထိဖြစ်လာခဲ့ခြင်းဖြစ်သည်။
ယနေ့ညတွင်မူ ဘုံကျောင်းထဲတွင်မီးရောင်မှိန်မှိန်လေးလင်း၍နေသည်။ သရဲခြောက်သည်ဟုနာမည်ကျော်သောဘုံကျောင်းပျက်ထဲတွင်မည်သူနေဝံ့သနည်း။
" ကျားကြီး ဒီငွေတစ်ပြားကိုဘယ်သူယူမှာလဲ "
ဘုံကျောင်းထဲမှအသံထွက်လာသည်။ အသက်ဆယ်နှစ်ကျော်ကျော်ခန့်သာရှိဦးမည့်ကောင်လေးနှစ်ယောက်မှာ ဘုံကျောင်းထဲတွင်ရှိနေကြသည်။ အများပြောဆိုနေကြသည့်သရဲကိုကား သူတို့ကြောက်ဟန်မတူကြပေ။ မှိတ်တိတ်မှိတ်တုတ်ဖြင့် မီးအားနည်းစွာလင်းနေသည့် ဖယောင်းတိုင်၏ရှေ့တွင် သူတို့နှစ်ယောက်ခေါင်းချင်းဆိုင်နေကြသည်။
သူတို့၏ရှေ့တွင် ကြေးပြားအနည်းငယ်စီရှိကြကာ အနည်းငယ်အသက်ကြီးဟန်ရသောကောင်လေး၏လက်ထဲတွင်ကြေးပြားတစ်ပြားကိုင်၍ထားသည် ။ ကျန်ကောင်လေးမှာအသက်ကြီးသောကောင်လေး၏လက်ထဲမှကြေးပြားအားစူးစိုက်ကြည့်နေသည်။
သူတို့နှစ်ဦးမှာ ကျားကြီးနှင့်ကျားလေးဟူ၍ဖြစ်ကြကာ သွေးသားမတော်စပ်သောညီအစ်ကိုများဖြစ်ကြသည်။ သွေးသားရင်းမဟုတ်သော်လည်း တစ်ယောက်မှီခိုကာ အသက်ရှင်နိုင်ရန်ကြိုးပမ်းကြရသည်။ သူတို့၏အလုပ်ကား နန်းမြို့တော်ထဲတွင်ရရာပစ္စည်းအားအလစ်သုတ်ခြင်းပင်ဖြစ်သည်။
------------------------------------------------------