ကျားကြီး ၊ ကျားလေး
Vol. 1 Ch. 7
" ကျားကြီး မင်းမညစ်နဲ့ ဟိုလူ့ဆီကနှိုက်တော့လဲငါနှိုက်ရတာ မင်းကအကြံလေးတင်ထုတ်ပြီးပိုယူလို့ရမလားကွ "
အသက်ငယ်သောကောင်လေးမှမခံမရပ်နိုင်ဟန်ဖြင့်ပြောသည်။ သို့သော် အသက်အနည်းငယ်ကြီးသောကောင်လေးမှ သူ့လက်ထဲမှကြေးပြားအားကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။
လမ်းမဘေးတွင် ရန်ဖြစ်ခဲ့သောကောင်လေးနှစ်ဦးမှာလည်း ထိုနှစ်ဦးပင်ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ယောက်ရန်ဖြစ်သည်မှာလည်း သွေးရိုးသားရိုးမဟုတ်ပေ။ ကျားလေးဆိုသောကောင်လေးမှ လူအများဆီမှပစ္စည်းများ ၊ငွေကြေးများအလစ်သုတ်သည် ။ ထို့နောက် ကျားကြီးမှရောက်လာကာ လွတ်လမ်းရှာ၍ပြေးကြခြင်းဖြစ်သည်။ သူတို့နှစ်ဦးမှာ ဤသို့ပြုလုပ်လာသည်မှာ အကြိမ်ပေါင်းမနည်းတော့ပေ။
" ကောင်းပြီလေ ဒါဆိုလဲထုံးစံအတိုင်းလုပ်ကြတာပေါ့ "
ကျားကြီးမှ အနည်းငယ်စဉ်းစားကာပြောလိုက်သည်။ ထိုစကားအားကြားသောအခါ ကျားလေးမှလည်း ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ကျားကြီးမှာ သူ၏လက်ထဲမှကြေးပြားအားဘေးတွင်ချလိုက်သည်။
ထိုအချိန်တွင် ကျားလေးမှာ ဖယောင်းတိုင်မီးနှင့် အနည်းငယ်လှမ်းသောနေရာတွင်ရောက်နေပြီဖြစ်သည်။
" လာလေ မင်းဘယ်လောက်တိုးတက်လာပြီလဲဆိုတာငါကြည့်မယ် "
ကျားလေးမှ စကားကြီးစကားကျယ်များပြောကာ စိန်းခေါ်လိုက်သည်။ ကျားကြီးမှလည်း အော်ဟစ်မာန်သွင်းကာ ကျားလေးဆီသို့ပြေးဝင်သွားသည်။ ထို့နောက် သူတို့နှစ်ဦးစတင်တိုက်ခိုက်ကြတော့သည်။
" မိုးအောက်မြေပြင်ပြင်ဘက်ကင်းလက်ချောင်း "
ကျားကြီးမှာ ပြေးလွှားနေရင်းအော်ဟစ်လိုက်သည်။ သူ၏လက်ချောင်းများမှလည်း ကျားလေး၏လည်ပင်း ၊ မျက်စေ့ စသော ကိုယ်ခန္တာ၏ပျော့ကွက်များဆီသို့တိုးဝင်သွားသည်။
ကျလေးမှာလည်း မခေပေ ။ သူ၏လက်ဝါးနှစ်ဘက်အားခန္တာကိုယ်ရှေ့တွင်ကာထားလိုက်သည်။
" အနှိုင်းမဲ့လက်ဝါး "
သူလည်း ပြန်၍အော်ဟစ်ကာ ကျားကြီး၏တိုက်ကွက်အား ခုခံလိုက်သည်။
" ဖုန်း "
" ဝုန်း "
တိုက်ပွဲမှာ အရှိန်အဟုန်မြင့်လာသည်။ ကျားကြီးနှင့်ကျားလေးမှာ အစပိုင်းတွင် သူတို့မြင်ဖူးသမျှသိုင်းက်က်များနှင့်တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်ကြသည်။ နန်းမြို့တော်ထဲတွင် တိုက်ခိုက်ခြင်းအားတားမြစ်ထားသော်လည်း အသေးစားရန်ပွဲများမှာ ဖြစ်ပွားကြသည်ဟာဖြစ်သည်။ သူတို့နှစ်ဦးမှာလည်း ထိုရန်ပွဲများမှ သိုင်းပညာတတ်ကျွမ်းသူတို့၏သိုင်းကွက်များကို အတုခိုးကာတိုက်ခိုက်ကြခြင်းဖြစ်သည်။
သူတို့၏တိုက်ကွက်များမှာ စနစ်တကျသင်ထားခြင်းမဟုတ်သည့်အပြင် သူတို့မြင်ဖူးသမမျှဟိုတစ်စဒီတစ်စသိုင်းကွက်များအားပြန်ပေါင်းစည်းထားခြင်းဖြစ်သဖြင့် အချိုးမကျဘဲရယ်စရာကောင်းနေသည်။ ထို့အပြင် အထင်ကြီးဖွယ်ကောင်းသောနာမည်များကိုလည်း သူတို့ဘာသာပေးထားကြသေးသည်။
သို့သော် နောက်ပိုင်းသို့ရောက်သည်နှင့် ခန္တာကိုယ်ချင်းလုံးထွေးကာသတ်ပုတ်ကြတော့သည်။ အ်ကြောင့်ဆိုသော် သူတို့နှစ်ဦးတတ်ကျွမ်းသမျှသိုင်းကွက်များမှာ ကုန်ဆုံးသွားပြီဖြစ်ကာ ပို၍ထိရောက်သော ခန္တာကိုယ်ချင်းလုံးထွေး၍သတ်ပုတ်ချင်းအားပြုလုပ်ကြတော့သည်။
အချိန်အနည်းငယ်ကြာသောအခါ သူတို့၏ပြင်းထန်သောတိုက်ပွဲမှာပြီးဆုံး၍သွားသည်။ကျားလေးမှာ သဘောကျစွာရယ်မော၍ ဖယောင်းတိုင်အနားသို့ပြန်လာသည်။ သူ၏နောက်တွင် ကျားကြီးမှာ ရှုံ့မဲ့သောမျက်နှာထားဖြင့်လိုက်ပါလာသည်။ သူတို့၏တိုက်ပွဲအဖြေအား ပြောပြစရာပင်မလိုတော့ပေ ။
သူတို့နှစ်ဦးလုံး ဖယောင်တိုင်၏အနီးတွင် ထိုင်ချလိုက်သည် ။ သူတို့ထွန်းညှိထားသောဖယောင်းတိုင်သည်ပင် တစ်ဝက်ခန့်ရောက်နေပြီဖြစ်သည်။ မီးအလင်းရောင်၏အောက်တွင် ကျားလေးမှ မျက်ကွင်းတစ်ဖက်ညိုနေကာ ကျားကြီးမှာမူ ပါးတစ်ခြမ်းရောင်ကိုင်း၍နေသည်။ သူတို့နှစ်ဦးစလုံး ဒဏ်ရာကိုယ်းီရလာကြသည် ။ သို့သော် နောက်ဆုံးအချီတွင် ကျားကြီး၏မေးရိုးအား လက်သီးတစ်ချက်ထိထိမိမိထိုးမိကာ ကျားကြီးမှာမှောက်သွားလေသည်။ ထို့ကြောင့် ကျားလေးအနိုင်ရသွားခြင်းဖြစ်သည် ။
" ဟား ဟားး "
မီးရောင်အောက်တွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မအောင့်နိုင်ဘဲရယ်မောလိုက်ကြသည် ။ ထို့နောက် တစ်ယောက်တစ်လှည့်စီပြန်၍ကြပ်ထုပ်ထိုးပေးလိုက်ကြသည်။ စောစောအချိန်က ပြင်ပြင်းထန်ထန်သတ်ပုတ်နေကြသူများမှာ သူတို့မဟုတ်သည့်အတိုင်းပင်။
ကျားလေးမှာ ဘေးတွင်ချထားသောကြေးပြားလေးအားယူကာ လှည့်ပတ်ကစားလိုက်သည် ။ သူတို့နှစ်ဦးမှာ မကြာခဏထိုးကြိတ်သတ်ပုကြသော်လည်း စိတ်ထဲမထားကြပေ။ ထို့အပြင်သူတို့နှစ်ယောက်မှာ မိသားစုဟုပြော၍ရသည်။
သူတို့၏သံယောဇဉ်မှာ ညီအစ်ကိုအရင်းများကဲ့သို့ခိုင်မြဲလှသည်။ ကျားလေးမှာ လူမှန်းသိတတ်စအရွယ်ထဲက အလယ်ပိုင်းဒေသတွင်ရှိသော မြို့တစ်မြို့၏လမ်းမပေါ်တွင်ကြီးပြင်းလာခဲ့ရသည် ။ သူ၏မိဘများမှာ မည်သူဖြစ်သည်ကို သူမသိပေ။ သူ၏အသက်လေးငါးနှစ်အရွယ်တွင် လူတစ်ဦးမှမွေးစားခဲ့ကြသည် ။ ထိုလူ့ထံတွင် သူနှင့်အသက်အရွယ်မတိမ်းမယိမ်းခန့်ရှိသော ကလေးငယ်များလည်းရှိကြသည်။ ထိုအထဲတွင် ကျားကြီးလည်းပါသည် ။ သူနှင့်ကျားကြီးတို့စတင်တွေ့ဆုံခဲ့သည်မှာ ထိုလူ့ထံတွင်ဖြစ်သည်။ သူတို့အုပ်စုထဲတွင် ကျားကြီးနှင့်သူမှာပို၍အဖွဲ့ကျသည်။ ကျားကြီး ၊ ကျားလေးဆိုသောနာမည်မှာလည်း ထိုလူပေးထားခြင်းဖြစ်သည်။
သို့သော် ထိုလူမှာ သူတို့အားကောင်းမွန်သောရည်ရွယ်ချက်ဖြင့်မွေးစားခဲ့ခြင်းမဟုတ်ပေ။ သူတို့အရွယ်ကလေးငယ်များအားမွေးစားကာ လမ်းမပေါ်တွင်တောင်းရမ်းခိုင်းသည်။ လူလစ်ပါက ခိုးခြင်းဝှတ်ခြင်းများကိုပင်ပြုလုပ်ခိုင်းခဲ့သည် ။ ရရှိသောပစ္စည်းမျာကိုမူ ထိုလူ့ထံသို့အကုန်အစင်ပေးရကာ သူတို့အား မငတ်ရုံတမယ်ကျွေးမွေးထားခဲ့သည်။ သူတို့ရရှိသောပစ္စည်းများအား ထိမ်ချန်ထားသည်အားတွေ့ရှိပါက အရှိုးရာထင်အောင်ပင် ကျာပွတ်နှင့်ရိုက်နှက်ဆုံးမသည်။ ထို့အပြင် နေ့ရက်တိုင်းအပြစ်မရှိအပြစ်ရှာကာ ရိုက်နှက်တတ်သေးသည်။
ထိုလူ၏လက်ချက်ကြောင့် သူတို့အုပ်စုထဲမှကလေးနှစ်ယောက်ပင် သေဆုံးခဲ့သည်။ အကြောင်းမှာ ထိုကလေးနှစ်ယောက်မှ ထိုလူ့အားအရိုက်နှက်မခံဘဲပြန်၍ခုခံသောကြောင့်ဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် သူတို့အုပ်စုမှာ မြို့စောင့်တပ်သားများအား အရဲစွန့်၍တိုင်ကြားခဲ့သည်။
သို့သော် ထိုလူမှာအပြစ်တစ်စုံတစ်ရာမခံရဘဲ မြို့စောင့်တပ်သားများအားလာဘ်ထိုးကာ လွတ်မြောက်ခဲ့သည်။ ထိုဖြစ်ရပ်ကြီးပြီးသည့်နောက်တွင် သူတို့၏ငရဲခန်းမှာပို၍ဆိုးရွာလာခဲ့သည်။ ထို့ကြောင့် သူတို့လူစုတိုင်ပင်ကာ ထိုလူ့ထံမှထွက်ပြေးခဲ့ကြသည်။
သူတို့နှစ်ဦးမှာ ထိုလူ့ထံမှထွက်ပြေးကာ နန်းမြို့တော်သို့လာခဲ့ကြသည်။ အခြားကလေးများလည်း သူတို့ရည်ရွယ်ထားသောဒေသများဆီသို့ထွက်ပြေးခဲ့ကြသည် ။ သူတို့အတွက်ကံကောင်းသည်မှာ တောင်ပိုင်းယွမ်နှင့်မြောက်ပိုင်းဟန်တို့ စစ်ဖြစ်ပွားနေသောကြောင့် ထိုလူ၏လက်မှလွတ်မြောက်ခဲ့သည် ။ အခြားကလေးများ၏ကံကြမ္မာကိုကား သူတို့လည်းမသိကြပေ သူတို့၏မူလရည်ရွယ်ချက်မှာ နန်းမြို့တော်တွင် ရရာအလုပ်တစ်ခုအားလုပ်ကိုင်ကာ အသက်မွေးကြရန်ဖြစ်သည်။ သို့သော် ကံကြမ္မာက လူကောင်းများအားမျက်နှာသာမပေးပေ ။ သူတို့အားအလုပ်ပေးလိုသည့်လူမရှိသည့်အပြင် သူတို့ထက်အသက်ကြီးသောကလေးကြီးများ၏အနိုင်ကျင့်ရိုက်နှက်မှုကိုခံခဲ့ရသည် ။
ထို့ကြောင့်ပင် သူတို့၏မူလအလုပ်ဖြစ်သော ခိုးဝှက်ခြင်း ၊ အလစ်သုတ်ခြင်းကိုသာပြန်၍ပြုလုပ်ခဲ့သည်။ သူတို့နှစ်ဦးမှာ လူမိ၍အကျဉ်းထောင်တွင် သုံးလေးရက် နေရပေါင်းလည်းမနည်းတော့ပေ။ တစ်ခါတစ်ရံကံမကောင်းပါက ဝိုင်းဝန်းရိုက်နှက်ခြင်းအားမသေရုံတမယ်ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးဤသို့နေလာသည်မှာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်သည် ။
" မင်းအရင်တုန်းကအကြောင်းတွေစဉ်းစားနေတာလား "
ကြပ်ထုပ်အားလက်တစ်ဖက်မှကိုင်ကာ ကျားကြီးမှမေးလိုက်သည် ။ သူ့အရှေ့တွင်ရှိသောကျားလေး၏မျက်နှာအနည်းငယ်ညှိုး၍ တစ်စုံတစ်ခုစဉ်းစားနေသည်အားမြင်လိုက်ရသောကြောင့် သူမေးလိုက်ခြင်းဖြစ်သည်။
" ဘာမှမဟုတ်ပါဘူးကွာ "
ကျားလေးမှ ဦးခေါင်းအားခါယမ်းကာငြင်းဆိုလိုက်သည် ။ သို့သော် သူ၏စကားအကျားကြီးယုံမည်မဟုတ်သည်ကိုတော့သူသိရှိသည်။ သူတို့နှစ်ဦးမှာ လောကဓံ၏အရိုက်အပုတ်ကိုများစွာခံခဲ့ရ၍ အသက်အရွယ်နှင့်မလိုက်အောင် များစွာရင့်ကျက်နေကြသည်။
ထိုအခိုက်တွင် ဘုံကျောင်းပျက်ထဲသို့လူရိပ်တစ်ရိပ်ဝင်၍လာသည်။ ထိုလူရိပ်မှာ အသက်လေးဆယ်ကျော်အရွယ်ရှိကာ ကြံ့ခိုင်သန်မာသောလူတစ်ဦးဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူ၏မျက်နှာမှာဖြူဖျော့၍နေကာ အချိန်မရွေးလဲကျတော့မည့်ပုံပေါက်နေသည် ။
ကျားကြီးနှင့်ကျားလေးမှာ ဘုံကျောင်းထဲသို့ လူစိမ်းတစ်ယောက်ရောက်လာသည်အားမြင်သည်နှင့် သူတို့၏လက်များက လေအလျှင်ကဲ့သို့လှုပ်ရှားလိုက်ကာ သူတို့၏ဝေစုအသီးသီးအားဝှက်လိုက်ကြသည်။ ထို့နောက်မှသာ ဝင်လာသူအား စူးစမ်းလိုက်သည်။
ထိုလူမှာဘုံကျောင်းထဲတွင်ရှိသောသက်ရှိလူနှစ်ယောက်အားမြင်သည်နှင့်သူ၏မျက်နှာဝင်းလက်၍သွားသည် ။
" ငါ့ ကို ကူ ညီ ပါ "
ထိုလူမှ စကားအားခဲယဉ်းစွာပြောလိုက်ကာ လဲကျ၍သွားသည်။
---------------------------------------------------------